သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူလျှိုဟောင်း အဆိပ်သင့်သေဆုံးမှု ရုရှား ပယောဂ မကင်း


ဗြိတိန်မှာ ရုရှားသူလျှိုဟောင်း Sergei Skripal အဆိပ်ခတ်ခံရတာဟာ ရုရှားထုတ် စစ်တပ်သုံးအဆင့် အာရုံကြောထိခိုက်စေတဲ့ အဆိပ်ဖြစ်ကြောင်း ဗြိတိသျှဝန်ကြီးချုပ် Theresa May က အောက်လွှတ်တော်မှာ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

"မစ္စတာ Skripal နဲ့ သူ့သမီးတို့ဟာ စစ်တပ်သုံးအဆင့် အာရုံကြောထိခိုက်စေတဲ့ အဆိပ်သင့်ခဲ့တာ ဖြစ်ကြောင်း အခုသေသေချာချာ သိပါပြီ။ ဒါဟာ ရုရှားက ထုတ်တာပါ။ ဒီအဆိပ်ဟာ Novichok လို့ခေါ်တဲ့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်တမျိုးပါ။ ကမ္ဘာ့ထိပ်တန်း ကာကွယ်ရေးဆိုင်ရာ သိပ္ပံပညာရှင်တွေရဲ့ ဓါတ်ခွဲခန်းက ဒီဓါတုအဆိပ်ဖြစ်ကြောင်း အတည်ပြုပါတယ်။ ရုရှားဟာ အရင်တုန်းကလည်း ဒီလိုအဆိပ်မျိုးထုတ်ခဲ့ဘူး သလို သူတို့ဆက်ပြီး ထုတ်နိုင်ချေလည်း ရှိပါတယ်။ ရုရှားအစိုးရ ဦးစီးတဲ့ ဒီလိုလုပ်ကြံမှုမျိုးကို ရုရှားက အရင်ကလည်း ဘက်ပြောင်းလာသူတွေကို ပစ်မှတ်ထား လုပ်ကြံခဲ့တဲ့ရာဇဝင်ရှိပါတယ်။ ဒါကြောင့် ရုရှားဟာ Sergei Skripal နဲ့ သူ့သမီးတို့ကို အဆိပ်ခတ် နိုင်ချေအများကြီးရှိတယ်လို့ ဗြိတိသျှအစိုးရအနေနဲ့ သုံးသပ်ပါတယ်။"

မတ်လ ၄ ရက်နေ့က ဗြိတိန်တောင်ပိုင်းက မြို့ကလေးတမြို့မှာ အာရုံကြောထိခိုက်စေတဲ့ အဆိပ်သုံးပြီး အဆိပ်ခတ်ခံခဲ့ရတဲ့ Skripal နဲ့ အသက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ သမီးဖြစ်သူ Yulia တို့ ၂ ဦး သတိမေ့လဲကျနေတာကို တွေ့ခဲ့ရတာ ဖြစ်ပြီး သူတို့ ၂ ဦးရဲ့ အခြေနေဟာ ခုထိ ဆိုးဝါးနေဆဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုန့်ပြန်ဖို့ ဗြိတိန်က ရုရှားကို အချိန် ၂ ရက်ပေးခဲ့တာပါ။ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Alexander Vladimirovich Yakovenko ကို ဗြိတိသျှ နိုင်ငံခြားရေးဌာနကို ဆင့်ခေါ်ပြီး နိုင်ငံခြားရေးဝန်ကြီး Boris Johnso က ရုရှားကို အင်္ဂါနေ့ နေ့လည်အထိ အချိန်ပေးခဲ့တာ ဖြစ်ပါတယ်။

ရုရှားသံရုံးကတော့ ဗြိတိန်ဟာ အန္တရာယ်နဲ့ ကစားနေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ရုရှားသူလျှိုဟောင်း တဦးဖြတ်တဲ့ အတိုက်အခံ Alexander Litvinenko ဟာ ရေဒီယိုသတ္တုကြွ ပိုလိုနီယံ - ၂၁၀ အဆိပ် ပါတဲ့ လက်ဖက်ရည်သောက်မိပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG