ယူကရိန်းနိုင်ငံတောင်ပိုင်း ရုရှားနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Crimea ဒေသမှာ ရုရှားတို့ရဲ့ ရန်စမှုကို စစ်ရေးအရ တုံ့ပြန်မှာ မဟုတ်ဘူးလို့ ယူကရိန်းအစိုးရကပြောပြီး အဲဒီမှာ ရုရှားတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအားလုံးကို ရပ်ပါလို့ တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားနဲ့ စစ်ရေးပဋိပက္ခ အဖြစ်ခံမှာ မဟုတ်ဘူးလို့ ယူကရိန်းဝန်ကြီးချုပ် Arsenly Yatsenyuk က ပြောခဲ့တာပါ။ တချိန်တည်းမှာပဲ Crimea ဒေသ ဝန်ကြီးချုပ်အဖြစ် လောလောလတ်လတ် ခန့်အပ်ခံရတဲ့ Sergei Aksenov က ဒေသထဲက လုံခြုံရေးတပ်တွေအားလုံးကို
ထိန်းချုပ်ထားတယ်လို့ ပြောလိုက်ပြီး ပြန်လည် ငြိမ်းချမ်းတည်ငြိမ်ဖို့ ရုရှားသမ္မတကို အကူအညီတောင်းခဲ့ပါတယ်။
သူ့ရဲ့ အမိန့်ကို မနာခံချင်တဲ့ တပ်မှူးမှန်သမျှ ထွက်သွားသင့်တယ်လို့ Mr. Aksenov က ဒီကနေ့မှာ ပြောလိုက်ပါတယ်။ ရုရှား သမ္မတ Vladimir Putin ဆီက ဘယ်လိုအကူအညီမျိုး လိုချင်တာလဲဆိုတဲ့ အသေးစိတ်ကိုတော့ သူက မပြောပါဘူး။
နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ပြီး အသစ်တက်လာတဲ့ ယူကရိန်းအစိုးရသစ်ကို သိပ်လက်မခံချင်တဲ့ Crimea ဒေသထဲ တင်းမာမှုတွေရှိနေချိန်မှာ Crimea
လွှတ်တော်က Mr. Aksenov ကို အခုသီတင်းပတ်အစောပိုင်းက ရွေးချယ် ခန့်လိုက်တာပါ။ အမှတ်တံဆိပ်တွေတပ်ဆင်ထားခြင်းမရှိတဲ့ စစ်သားတွေ
တပ်သုံးယာဉ်တွေကို Crimean ဒေသ တပ်စခန်းတွေရဲ့ အပြင်ဘက်နေရာတွေမှာ မြင်တွေ့နေရတယ်လို့ VOA သတင်းထောက် Elizabeth Arrott က ပြောပါတယ်။
ဒီကနေ့ Simferopol မြို့က လွှတ်တော်အဆောက်အဦးရှေ့မှာ ဒါဇင်နဲ့ချီ နေရာယူထားတာ မြင်တွေ့ရတယ်လို့ ပြောပြပါတယ်။ ရုရှား ရေတပ်ရဲ့ Black Sea ပင်လယ်နက် ရေတပ်မဟာ အခြေစိုက်စခန်းက Sevastopol မြို့မှာ ရှိပါတယ်။ သူတို့တပ်တွေရဲ့ Crimea ဒေသထဲက လှုပ်ရှားမှုဟာ ယူကရိန်းနဲ့
သဘောတူညီချက်တွေနဲ့အညီ ဖြစ်တယ်လို့ ရုရှားဘက်က ပြောပါတယ်။
Crimea ဒေသအပေါ် ရုရှားစစ်ရဟတ်ယာဉ်တွေ ဖြတ်ပျံသန်းခဲ့တာကြောင့် ယူကရိန်း လေကြောင်းပိုင်နက်ထဲကို ရုရှားတို့ ကျုးကျော်ဝင်ရောက်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေဘက်က ပြောပါတယ်ရှင်။ ပင်လယ်နက်ထဲမှာ ရုရှား
ရေတပ်ရဲ့ လှုပ်ရှားမှုအပေါ်မှာလည်း စိုးရိမ်တယ်လို့ ယူကရိန်းဘက်က ဖော်ပြပြောဆိုခဲ့ပါတယ်။