သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလိုလားသူတွေ ယူကရိန်းစစ်ယာဉ်တွေသိမ်းပိုက်


မျက်နှာဖုံးစွပ်ထားတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းစစ်တပ်ပိုင် သံချပ်ကာကားတွေကို ဗုဒ္ဓဟူးနေ့မှာ သိမ်းပိုက်ခဲ့ကြပါတယ်။ ဒါဟာဆိုရင် ရုရှားလိုလားသူတွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်လည်သိမ်းပိုက်ဖို့ ယူကရိန်းအစိုးရရဲ့ ကြိုးပမ်းမှုတွေကို အရှက်တကွဲဖြစ်အောင် ထိုးနှက်လိုက်တာလည်း ဖြစ်ပါတယ်။

ကားပေါ်မှာလိုက်ပါလာတဲ့ ယူကရိန်းစစ်သားတွေက ခုခံမှုမလုပ်ခဲ့ကြပါဘူး။ ယူကရိန်းရဲ့ Sloviansk မြို့အနီးမှာ ဖြစ်ပွားခဲ့တာပါ။ ရုရှားလိုလားသူတွေက ကားတွေပေါ်မှာ ရုရှားအလံတွေ လွှင့်ထူခဲ့ကြပြီး မြို့တွင်းကို မောင်းခိုင်းခဲ့ကြပါတယ်။ သူတို့ကို ထောက်ခံကြတဲ့သူတွေက သြဘာပေး ကြိုဆိုခဲ့ကြပါတယ်။ တချို့ယူကရိန်းစစ်သားတွေဟာ ရုရှားအပေါ် သစ္စာခံသူတွေနဲ့ ရင်ဆိုင်တွေ့ချိန်မှာ ဘက်ပြောင်းသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒုတိယ စစ်သံချပ်ကာကား အဖွဲ့ဟာလည်း Sloviansk မြို့ကို ဦးတည်မောင်းသွားချိန်မှာ လူအုပ်ကြီးက ဝိုင်းဝန်းပိတ်ဆို့ ရပ်တန့်ခိုင်းခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒေသခံတွေက စစ်ကားတွေ ဆုတ်ခွာခွင့်မပြုခင် စစ်သားတွေထံက လက်နက်တွေကို အတင်းအဓမ္မ တောင်းယူပြီး တချို့လက်နက်တွေကို အသုံးမပြုနိုင်အောင် လုပ်ပစ်ခဲ့ကြတယ်လို့ အနောက်နိုင်ငံ သတင်းထောက်တွေက ပြောပါတယ်။

ရုရှားနယ်စပ်မှာရှိတဲ့ မြို့ ၉ မြို့မှာရှိတဲ့ ရုရှားဘာသာစကားပြောသူ လက်နက်ကိုင်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ ယူကရိန်းအစိုးရကို တောင်းဆိုနေကြသလို ယူကရိန်းကနေခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပပေးဖို့လည်း တောင်းဆိုနေကြပါတယ်။
XS
SM
MD
LG