စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး ကလေးတဦးအပါအဝင် ရွာသား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့တုန်းက သေဆုံးမှုတွေအပါအဝင်လက်ပံချောင်းကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီလထဲမှာ သေဆုံးသူ ၅ ဦးထက်မနည်း ရှိနေပြီလို့လည်း ပြောပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေကြား အရပ်သားသေဆုံးမှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကသတင်းပေးပို့ ထားတာကို အခြေခံပြီး မခင်လေး တင်ပြထားပါတယ်။
ကလေးမြို့အခြေစိုက် စစ်ကောင်စီ အမြောက်တပ်က လက်ပံချောင်းကျေးရွာကို အင်္ဂါနေ့အစောပိုင်းမှာ လက်နက်ကြီးနဲ့၄ ကြိမ် ပစ်ခတ်ခဲ့ရာမှာ ရွာသားတချို့ သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အသက် ၂၅ နှစ်အရွယ်ကျောင်းဆရာမတဦး၊ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတဦး၊ အသက် ၅၄ နှစ်အရွယ် အမျိးသမီးတဦးနဲ့၊ အသက် ၆၅နှစ်အရွယ် အမျိုးသားတဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့တယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။
“မနေ့က မနက်ပိုင်း ၁၀ နာရီလောက် ထင်တာပေါ့ ခန့်မှန်း၊ ထိတွေ့မှု ရှိတာလည်း မဟုတ်ဘူး။ သူ့ဟာသူ ဒေသခံတွေကဒီတိုင်းပဲ အေးဆေး နေနေတာ။ လက်နက်ကြီးကတော့ ၄ လုံးပစ်တယ်။ ကျတာ။ (သေဆုံး) ၄ ယောက်၊ ထိခိုက် ဒဏ်ရာရကြတာတွေလည်း ရှိသေးတယ်။ ဆရာမနဲ့ ကလေးတွေ ပါတယ်လို့လည်း ကြားတယ်။ မိန်းကလေး ၃ ယောက်ယောက်ျား ၁ ယောက် ဖြစ်မယ်ဗျ အဲ့လို။”
လက်ပံချောင်း ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက် နေပြီး အခုနောက်ဆုံးတကြိမ်နဲ့ပါဆိုရင် ဒီလထဲမှာ သေဆုံးသူ ၅ ဦး ရှိသွားပြီလို့လည်းပြောပါတယ်။
“ဒီဘက်မှာ ရှိတဲ့ရွာတွေကို ထုလိုက်။ ပြီးရင် နားလိုက်။ ပြီးရင် ပြန်ထုလိုက်နဲ့ အဲ့ဒါကတော့ သူတို့ မထင်ရင် မထင်သလိုထုတာက သူတို့ ပုံမှန်ထုပါတယ်။ ၃ ရက်တခါထုမလား။ တပတ်တခါ ထုမလား။ တခါထုရင် အနည်းဆုံး ၄ လုံး၊ ၅ လုံး၊၆ လုံး၊ အဲ့လို ထုတာ ပုံမှန်ပါပဲ။ ဒါက ပုံမှန်ပါပဲ အထိအခိုက် ရှိတာနဲ့ မရှိတာပဲ ကွာသွားတာ။”
စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ရမ်းသမ်း ပစ်ခတ်တာ၊လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသအတော်များများက ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာရာက နေရပ်စွန့်ခွာရသူတွေ တိုးလာနေရာမှာ အခုနောက်ဆုံး အချက်အလက်တွေအရ ပြည်တွင်းဒုက္ခသည်အရေအတွက်ဟာ နောက်ထပ် ၂ သိန်းခွဲကျော် တိုးပြီး စုစုပေါင်း ၃.၄ သန်း ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကလည်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။
Forum