သုံးရလွယ်ကူစေသည့် Link များ

စစ်ကိုင်းတိုင်း လယ်ယာမြေအရေး ဆွေးနွေးပွဲ


စစ်ကိုင်းတိုင်း လယ်ယာမြေအရေး ဆွေးနွေးပွဲ (ဓါတ်ပုံ-တောင်သူလယ်သမားသမဂ္ဂ စစ်ကိုင်းတိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ တောင်သူလယ်သမားတွေ ပြန်လည် ရရှိရေးဆိုင်ရာ ဆွေးနွေးပွဲကို မုံရွာမြို့မှာ ကျင်းပခဲ့ကြပါတယ်။ ဇူလိုင်လ ၁၀ ရက်ကနေ ၁၁ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂက ဦးစီး ကျင်းပခဲ့တာဖြစ်ပြီး ဒေသဆိုင်ရာ လွှတ်တော်အမတ်တွေလည်း တက်ရောက်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးတောင်သူလယ်သမားသမဂ္ဂကနေ ဦးစီးပြီး လယ်ယာမြေဆွေးနွေးပွဲ ကို ကျင်းပခဲ့ရာမှာ ဒေသဆိုင်ရာလွတ်တော်အမတ်တွေ တက်ရောက်ပြီး လယ်သမား၂၀၀ ရဲ့ ဆွေးနွေတင်ပြချက်ကို နားထောင်ခဲ့တာပါ။ လယ်သမားတွေရဲ့ ဆွေးနွေးချက်ထဲမှာပါတဲ့ စစ်တပ်၊ ကုမ္ပဏီတွေနဲ့ ဌာနဆိုင်ရာတွေက မြေသိမ်းတဲ့ပြဿနာ အချက်အလက်အတော်များများကို ရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ တောင်သူလယ်သမာသမဂ္ဂရဲ့ အကြံပေးဖြစ်သူ ဦးကျော်မိုးလှိုင် က ဆိုပါတယ်။

“ခရိုင်အလိုက်ပေါ့ တင်ပြတဲ့အချိန်မှာ ပြဿနာကတော့ မျိုးစုံပေါ့နော်။ ဂရမ်ရှိတဲ့မြေတွေ လည်း သိမ်းဆည်းခံရတာပါတယ်။ တပ်မတော်က သိမ်းဆည်းတာတွေ ပါတယ်။ နောက်တခါ ဌာနဆိုင်ရာ သိမ်းဆည်းခံရတာတွေပါတယ်။ ကုမ္ပဏီတွေ သိမ်းဆည်းခံရတာပါတယ်။ ဥပမာ ကျနော်တို့ သမရိုးကျ လုပ်နေတဲ့နေရာတွေက သစ်တောကြိုးဝိုင်းပါနေတာတွေရှိတယ်။ အဲဒါကို ပုံစံခွဲထုတ် မပေးတာတွေရှိတယ်။ တချို့ရှိရဲ့သားနဲ့ ပုံစံခွန် သီးခြားချထားတဲ့ မြေတွေရှိတယ်။ မြေအမျိုးအစား ပြဿနာတွေတော့ တော်တော်များများထွက်လာတယ်။”

ဆွေးနွေးပွဲကနေ ထွက်လာတဲ့အဖြေတွေကိုတော့နိုင်ငံတော်သမ္မတ အပါအ၀င်တာဝန်ရှိသူတွေကို တင်ပြပြီး အစိုးရသစ်လက်ထက်မှာ ဖြေရှင်းပေးနိုင်ဖို့ အတွက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ဒီတောင်သူတွေကိုယ်တိုင်ပြောထားတဲ့ လယ်ယာမြေပြဿနာတွေကို မူရင်းအတိုင်း တင်ပြချက်ပါမယ်။ ကျနော်တို့ဒီ အုပ်စုလိုက် ထွက်လာတဲ့ အကြံပေးချက်တွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုအဆင့် တိုင်းဒေသကြီးအစိုးရတွေဆီကို recommendation ပေါ့နော် အကြံပြုချက်တွေကို ပေးပို့သွားမှာဖြစ်ပါတယ်ခင်ဗျ။ နောက်တခါ ဒေသဆိုင်ရာလွှတ်တော်အမတ်တွေကိုလည်း ဒီ အကြံပြုချက်စာအုပ်တွေ အကုန်လုံးကျနော်တို့ပေးပို့သွားမှာဖြစ်ပါတယ်ခင်ဗျ။ ဒါမှသာလျှင် ဒေသဆိုင်ရာပြဿနာ တစုံတခုဖြစ်လာရင် ကျနော်တို့ပညာရှင်ရူ့ထောင့်အမြင်တွေက အကြံပြုထားတဲ့ဟာတွေရယ် ဒေသဆိုင်ရာမှာ တက်နေတဲ့ပြဿနာတွေ သူတို့တန်းသိအောင်လို့ခင်ဗျ။”

ဆွေးနွေးပွဲကာလ ၂ ရက်တာအတွင်းမှာ လယ်သမားတွေထံကနေ သိရှိရတဲ့အချက်အလက်အပြည်အစုံကို အထောက်အထားတွေနဲ့ တင်ပြသွားမှာဖြစ်တယ်လို့ လည်း ဆိုပါတယ်။ မြန်မာနိုင်ငံတ၀ှမ်း လယ်မြေသိမ်းဆည်း မူတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ အတွက် နိုင်ငံတော်သမ္မတက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ကို ဖွဲစည်းထားပါတယ်။ ဒီထဲမှာ မြေယာသိမ်းဆည်းမူနဲ့ ဆက်စပ်နေတဲ့ ကာကွယ်ရေး ပြည်ထဲရေးနဲ့ တခြားဌာနဆိုင်ရာတွေပါဝင်တာကြောင့် လယ်သမားရေးလှုပ်ရှားနေသူတွေကတော့ အစိုးရသစ်က တောင်သူတွေရဲ့ သိမ်းဆည်းခံမြေယာပြဿ နာကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲဆိုတာ မေးခွန်းထုတ်နေကြပါတယ်။ လယ်ယာမြေပြဿ နာကိုရှင်းမယ်ဆိုရင် သိမ်းဆည်ထားတဲ့မြေယာတွေ ကို ဘယ်လိုပြန်ပေးမလဲ ဆိုတာတွေနဲ့ နောက်ထပ်မြေသိမ်းမူတွေမဖြစ်အောင် လယ်သမားအတွက် အကာအကွယ်ပေးမယ့် မြေယာဥပဒေသစ်ကိုရေးဆွဲဖို့ လိုအပ်တယ်လို့ လယ်သမားရေးလှုပ်ရှားသူတွေ ကထောက်ပြကြပါတယ်။


XS
SM
MD
LG