စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး မြို့ခံတွေ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ ခမ်းပတ်မြို့ လေကြောင်းတိုက်ခိုက်မှု အခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးပြောပြမှာပါ။
စစ်ကိုင်းတိုင်း မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့နဲ့ ကလေးမြို့ကြားက ခမ်းပတ်မြို့ကို ဇန်နဝါရီ ၂၀ ရက် ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကာကွယ်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့ကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုမှာ လူသေဆုံးမှု မရှိပေမယ့် အဆောက်အဦးအချို့ပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"မနေ့ကည ခမ်းပတ်မြို့အထွက်မှာ ကလေးနဲ့ ခမ်းပတ်ကြားပေါ့နော်။ အဲ့မှာ ၇ နာရီနဲ့ ၇ နာရီ ၁၀ မိနစ်မှာ ၃ ကြိမ်ကြဲသွားတာ။ ကျေးရွာလူထုနေအိမ်ဘေးမှာ ၂ လုံးကျသွားတယ်။ နောက်တခုက ကျောက်မီးသွေး တွင်းပေါ့။ အဲ့မှာကတခု။ နောက်တခုက ခမ်းပတ်မြို့ ထွက်ထွက်ချင်း ဆိုင်းဘုတ်နားလေးမှာ တခု ၄ ခုကျသွားတာ။ လူထိခိုက်တာတော့မရှိဘူး။ ထိခိုက်တာတော့ အိမ်တွေ တော်တော်များတယ်။ လူနေအိမ်တွေဘက်မှာ ဖြစ်သွားတာဆိုတော့လေ။"
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ချိန်မှာ အိမ်တွေအနီး ဗုံးခိုကျင်းတွေထဲ အချိန်မှီ တိမ်းရှောင်နိုင်ခဲ့ကြလို့ လူအသေအပျောက်မရှိတာလို့ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် နောက်ထပ် လေကြောင်းတိုက်ခိုက်လာနိုင်ချေ စိုးရိမ်ပြီး၊ မြို့မှာ နေထိုင်တဲ့ ဒေသခံတွေဟာ အိန္ဒိယ နယ်စပ်ဘက်ကို တိမ်းရှောင်နေကြတယ်လို့လည်း ပြောပါတယ်။
"စစ်ဘေးရှောင်ကုန်ကြပြီခင်ဗျ။ တော်တော်များများက အိန္ဒိယ နယ်စပ်တလျှောက်မှာရှိတဲ့ ကျေးရွာတွေကို စစ်ရှောင်ကုန်ကြတယ်။ ထပ်ကြဲနိုင်ခြေရှိသေးတယ်။ အဲ့လိုပဲ အကြမ်းဖျင်း သုံးသပ်ထားတာဆိုတော့ ပြည်သူတွေ ပြန်လာနေနိုင်မယ်လို့ မပြောနိုင်သေးဘူး။ တော်တော်များများက ရှောင်ကြတယ်။ တချို့ရှောင်ဖို့ ခက်ခဲတဲ့သူတွေ့တော့ မြို့ထဲမှာပဲပေါ့နော်။"
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက် ညပိုင်းကလည်း ခမ်းပတ်မြို့ အမှတ် (၁) ရပ်ကွက်နဲ့ ခမ်းပတ်မြို့အနီးက ကနန်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တဦးနဲ့ ကလေးငယ်တဦးသေဆုံးပြီး၊ ကျောင်းထိုင်ဘုန်းကြီးအပါအဝင် ၃ ဦးထက် မနည်းဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ နေအိမ် အဆောက်အဦး ၂၆ လုံးပျက်စီးခဲ့တယ်လို့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ခမ်းပတ်မြို့နဲ့ ကပ်လျက်မှာရှိတဲ့ ကလေးမြို့နယ်ထဲက စော်ဘွားရေရှင်ကျေးရွာကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ခမ်းပတ်မြို့တဝိုက်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့ ယခင်သတင်းတွေနဲ့ပတ်သက်လို့ သတင်းမှားသတင်းတုတွေ ဖြန့်ဝေတာဆိုပြီး စစ်ကောင်စီဘက်က တုန့်ပြန်ခဲ့ဖူးပါတယ်။
Forum