သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်းမာပင်မြို့နယ် ကျေးရွာတွေမှာ စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း ရွာသားတချို့ဖမ်းဆီးခံရ


စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ဆင်ရေးလမ်းကြောင်းဝန်းကျင်က စစ်ဘေးရှောင်နေတဲ့ ကျေးရွာများ။ (Credit to MIMU/March 11, 2022)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ဆင်ရေးလမ်းကြောင်းဝန်းကျင်က စစ်ဘေးရှောင်နေတဲ့ ကျေးရွာများ။ (Credit to MIMU/March 11, 2022)

[[Zawgyi/Unicode]]


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက မြောက်နုံးကျေးရွာမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဒီနေ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီဘက်က ရွာတွေကို စစ်တပ်က တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းနေစဉ် တိုက်ပွဲတွေဖြစ်နေတာပါ။ ဒီနေ့မြောက်နုံးရွာကို တပ်ဝင်စဉ်မှာ ရွာသား ၈ ယောက်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ပံတောနဲ့ ကံသာရွာဘက်မှာ မတ်လ ၉ ရက်က ဖမ်းဆီးခံရသူ ၅ ဦးကတော့ ဒီနေ့ပြန်လွတ်လာပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက အိုးဘိုကျေးရွာမှာ မတ်လ ၁၀ ရက် ကြာသပတေးနေ့က ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပြီးနောက် ရွာထဲဝင်ရောက် စခန်းချနေခဲ့တဲ့ စစ်ကောင်စီတပ်အင်အား ၂၀၀ လောက်ဟာ ဒီနေ့ မတ်လ ၁၁ ရက်မှာတော့ မြောက်နုံးကျေးရွာနဲ့ နတ်ထောင့်ကျေးရွာတွေဘက်ကို ဆက်လက် စစ်ကြောင်းထွက်သွားခဲ့ပါတယ်။ မြောက်နုံးဘက်ကို စစ်ကြောင်းချီသွားတဲ့ စစ်တပ်နဲ့ ဒီနေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ မြောက်ယမားပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က VOA ကို ပြောပါတယ်။

“ဒီကနေ့ အခြေအနေကတော့ ယင်းမာပင်မြို့နယ် အိုးဘိုကျေးရွာကနေပြီးတော့ မနက်ခင်းစောစောမှာ ရန်သူ့စစ်ကြောင်းဟာ ယင်းမာပင်မြို့နယ် မြောက်နုံးကျေးရွာဘက်ကို ဝင်လာတယ်ပေါ့နှော်။ မဝင်ခင်မှာ ရန်သူ့စစ်ကြောင်းတွေနဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ အဲ့ဒီမှာ ရန်သူ့စစ်ကြောင်းက ကျနော်တို့ ထောင်ထားတဲ့ မိုင်းကွင်းထဲကို ဝင်လာတဲ့အခါမှာ ကျနော်တို့က တော်တော်များများကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်ပေါ့နှော်။ အဲ့ဒီမှာ သူတို့ဘက်က ထိခိုက် ကျဆုံးမှုတွေ ရှိနိုင်တယ်။ လက်ရှိ ကျနော်တို့အနေအထားကတော့ ရန်သူ့စစ်ကြောင်းက ယင်းမာပင်မြို့နယ် မြောက်နုံးကျေးရွာထဲမှာ တပ်စွဲထားတဲ့အခြေအနေဖြစ်ပါတယ်။ အဲ့ဒီမှာ သူတို့ က မြောက်နုံးကျေးရွာရဲ့ ဘုန်းကြီးကျောင်းထဲကနေပြီးတော့ အနောက်ဘက် နတ်ထောင့်ကျေးရွာဘက်ကို လက်နက်ပြီးနဲ့ လှမ်းပစ်လိုက်တဲ့ကိစ္စရပ်မှာ ကျနော်တို့ ခုခံကာကွယ်ရေးတပ်ဖွဲ့ဘက်က တယောက်ကျဆုံးတာရှိပါတယ်။ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိသေးဘူး။ RPG နဲ့ ပစ်လို့ ထိခိုက်ကျဆုံးတာတော့ တယောက် ရှိပါတယ်။ လက်ရှိ အနေအထားကတော့ နှစ်ဘက် စစ်ရေးတင်းမာနေတဲ့ အခြေအနေပေါ့ဗျာ။”

စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုနဲ့ ပတ်သက်လို့ ဗွီအိုအေဘက်က သီးခြားအတည်မပြုနိုင် ပါဘူး။ မြောက်နုံးကျေးရွာထဲကို စစ်တပ်တွေဝင်ရောက်စခန်းချစဉ် ရွာသားတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မြောက်နုံးဘက်တက်သွားတော့ မြောက်နုံးထဲက မပြေးနိုင်မလွားနိုင်တဲ့သူ ၈ ယောက်ကို သူတို့က ဓားစာခံ ဒါမှမဟုတ် လမ်းပြအဖြစ်နဲ့ သူတို့က ဖမ်းမိသွားတဲ့အနေအထားရှိတယ်။ ခုဖမ်းခံရတဲ့ အရပ်သာအရပ်သားတွေက မြောက်နုံးထဲမှာ ဒါမှမဟုတ် အခုဒီ စစ်သားတွေ ရောက်သွားတဲ့ နတ်ထောင့်အရှေ့ရွာ အဲ့ဒီကိုလည်း ပါကောင်းပါသွားနိုင်တယ်လို့ ယူဆထားတယ်ဗျ။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကတော့ မြောက်နုံးကျေးရွာနေ နတ်ထောင့်ကျေးရွာဘက်ကို ဆက်ပြီး ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို စစ်တပ်စစ်ကြောင်းချီလာတာကြောင့် မြောက်နုံးရွာနဲ့ နတ်ထောင့်ရွာ အနီးဝန်းကျင်က ကျေးရွာတွေက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ အိုးဘို၊ ရှမ်းရွာ၊ ကံသာ၊ လက်ပံတော၊ ပြန်လှည့်၊ နုံးကြီး၊ မြောက်နုံး၊ နတ်ထောင့်အရှေ့ရွာ အနောက်ရွာ၊ တင်ဆုံ၊ ချောင်းဆုံ စတဲ့ ရွာတွေက ရွာသား ၂၀,၀၀၀ ကျော်လောက်က ဘေးလွတ်ရာ ထွက်ပြေး ပုန်းခိုနေကြရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ အင်အားကောင်းတဲ့ ယင်းမာပင်နယ်ထဲမှာ စစ်တပ်က တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းနေတာဖြစ်ပါတယ်။ စစ်တပ်တွေ အစောပိုင်းက ဝင်ရောက်ခဲ့တဲ့ ကျေးရွာတွေက ရွာသားတချို့ကတော့ နေအိမ်ပြန်လာကြတာမျိုးရှိပေမယ့် အများစုကတော့ ပြန်မလာရဲကြသေးဘူးလို့ ကံသာရွာဒေသခံတဦးက ပြောပြပါတယ်။

“အခုဟာက အကုန်လုံး ရာနှုန်းပြည့်အကုန်လုံးမဟုတ်ပေမယ့်လို့ တချို့လည်းပဲ သက်ကြီး ရွယ်အိုတွေနဲ့ ရွှေ့ပြောင်းမလွယ်တဲ့သူတို့ စသဖြင့် ကလေးသူငယ်များတဲ့ မိသားစုတွေကတော့ ရွာတွေကို ပြန်မနေကြသေးဘူး။ သွားသွားလာလာ သွက်သွက်လက်လက် ပြေးနိုင်တဲ့ မိသားစုတွေကတော့ ရွာကို တချို့တဝက် ပြန်ရောက်ကြပြီဗျ။”

မတ်လ ၉ ရက်နေ့က လက်ပံတောနဲ့ ကံသာရွာတွေဘက်မှာ တိုက်ပွဲတွေဖြစ်နေစဉ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသား ၅ ဦး တော့ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ကံသာကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

“ဒေသခံလမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၅ ယောက်ဗျ။ ဆည်လှောင်ရွာက တစ်ယောက်နဲ့ လက်ပံတောရွာက ၄ ယောက် လက်ပံတောရွာက ၄ ယောက်က ကိုသိန်းလွင် သားအဖ၊ မောင်မျိုးကို၊ နောက် မောင်အာနိုး၊ ၄ ယောက်ရယ်။ နောက် ဆည်လှောင်ရွာက တယောက်ရယ်။ အဲ့ ၅ ယောက်ကို ဒီနေ့ ၁၁ ရက်မှာ နောက်ထပ် စစ်ကြောင်းက အိုးဘိုကနေပြီးတော့ နောက်ထပ် ဆက်ပြီးတော့ ထိုးသွားတဲ့အခါမှာ အဲ့ဒီ ၅ ယောက်ကို အသက်ရှင်လျက်ပြန်တွေ့တယ်။”

စစ်ကိုင်းတိုင်း ယင်းမာပင်နယ်တခွင်မှာ စစ်တပ်ဘက်က အင်အားအမြောက်အများ တိုးချဲ့ ထားပြီး အင်တာနက်လိုင်း အားလုံးနီးပါး ဖြတ်တောက်ထားပါတယ်။ MPT တော့ အင်တာနက်အတွက် 2G ကွန်ရက်တွေ ပေးထားပေမဲ့ မြန်နှုန်းအင်မတန်နှေးတဲ့အတွက် ဆက်သွယ်ရ ခက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]



ယင်းမာပင်မြို့နယ်အတွင်းက စစ်ဘေးရှောင်ရွာသားများ။ (ဓာတ်ပုံ ဒေသခံ)
ယင်းမာပင်မြို့နယ်အတွင်းက စစ်ဘေးရှောင်ရွာသားများ။ (ဓာတ်ပုံ ဒေသခံ)











==================

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG