သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တွန်းလှန်ရေးဘက်ကပြောတဲ့ ဘုတလင်တိုက်ပွဲနဲ့ လူထုထိခိုက်မှုအခြေအနေ


စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ ကူတော်ရဲစခန်းကထွက်လာတဲ့ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ဖမ်းဆီးထားပုံ။ (အောက်တိုဘာ ၁၊ ၂၀၂၄/ဓာတ်ပုံ-မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်း၊ BOB)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ ကူတော်ရဲစခန်းကထွက်လာတဲ့ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ဖမ်းဆီးထားပုံ။ (အောက်တိုဘာ ၁၊ ၂၀၂၄/ဓာတ်ပုံ-မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်း၊ BOB)

ဘုတလင်မြို့ ကူတော်ရဲစခန်းကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ သေဆုံးဖမ်းဆီး ရမိတာတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ကောလင်းအနောက်ခြမ်းမှာလည်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား သေဆုံးမှုရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေနဲ့လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့ ကူတော်ရဲစခန်းကနေ ဘုတလင်မြို့ဘက်ကိုထွက်လာတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့စစ်တပ်စစ်ကြောင်းကို စက်တင်ဘာ ၃၀ ရက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်ကသေဆုံးဖမ်းဆီးရမိတာတွေရှိခဲ့ပါတယ်။

မွန်းတည့် ၁၂ နာရီကျော်ကနေ ၄ နာရီကျော်ကြာတဲ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တာတွေရှိခဲ့တဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

တိုက်ပွဲမှာပါဝင်ခဲ့တဲ့ 96 Soldiers တပ်ဖွဲ့က ဒုစစ်ရေးတာဝန်ခံ ကိုဉာဏ်က အခုလို ပြောပါတယ်။

"ကူတော်ကနေ ဘုတလင်ကို ပြန်ခေါက်တယ်ပေါ့နော်။ ပြန်ခေါက်တဲ့အချိန်မှာ ကျနော်တို့အနေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲထိတွေ့မှုရှိခဲ့တယ်လို့ ပြောရမှာပေါ့။ ၁၂ နာရီခွဲလောက်ကနေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ ၄ နာရီဝန်းကျင်လောက်အထိ တိုက်ပွဲက ကြာမြင့်ခဲ့တယ်။ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ အချိန်အတောတွင်းမှာလည်းလေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့အနေနဲ့က အထိခိုက်အနည်းဆုံးလို့ပဲပြောလို့ရတယ်။ ဒီကောင်တွေ ထိခိုက်သေဆုံးမှုက ၄၀ ဝန်းကျင်လောက် ရှိတယ်။ အရှင်ဖမ်းမိတာဆိုရင် ၅၀ ဝန်းကျင်လောက်ရှိမယ်။"

တိုက်ပွဲအတွင်းသေဆုံးတဲ့အရေအတွက်နဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဒါ့အပြင် လက်နက်တွေသိမ်းဆည်းရမိတာတွေလည်းရှိပြီး စာရင်းပြုစုနေတဲ့အတွက် အတိအကျ မသိရှိရသေးဘူးလို့လည်း ပြောပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၂၀ ရက်က ကူတော်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ အတွက် စစ်ကူပေးဖို့ ဘုတလင်မြို့ကနေ ထွက်ခွါလာတဲ့ စစ်ကြောင်းဖြစ်ပြီး ကူတော်ကနေ ဘုတလင်မြို့ကို ပြန်အထွက်မှာ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်လိုက်တာလည်းဖြစ်ပါတယ်။

ကူတော်ရဲစခန်းဟာ စစ်ရေးဗျူဟာအချက်အခြာကျတဲ့စခန်းတခုဖြစ်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာရှိပြီးတော့ နမခရဲ့ ကာကင်းစခန်းတခုဖြစ်တယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့အနောက်ခြမ်းက ဥက္ကံကျေးရွာကို စက်တင်ဘာ ၃၀ မွန်းတည့်ချိန်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သေဆုံးတာတွေရှိပြီး နေအိမ်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့ရတဲ့အခြေအနေနဲ့ ပတ်သက်လို့ ပြည်သူမှပြည်သူသို့ ကောလင်းအဖွဲ့က တာဝန်ရှိသူကိုသဲကြီးက အခုလို ပြောပါတယ်။

"မနေ့ လေကြောင်းတိုက်ခိုက်မှုက နေ့လည် ၁၂ နာရီဝန်းကျင်မှာပေါ့။ မိထ္ထီလာကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးကနေ အကြောင်းမဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပြည်သူတွေကို တိုက်ခိုက်သွားတာဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေရာမှာနေအိမ်အချို့ မီးလောင်ပျက်စီးတာရယ်၊ ဗုံးကြောင့်ပျက်စီးသွားတာရယ် ထိခိုက်သေဆုံးမှုတွေရှိပါတယ်။ အရပ်သားပြည်သူတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာပါ။"

လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ ၇ ဦးအထိရှိပြီး နေရာတင်ပွဲချင်းပြီး ၄ ဦးသေဆုံးခဲ့တာနဲ့ ပြင်းထန်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။ နောက်ထပ် တိုက်ခိုက်ခံရတာတွေရှိလာနိုင်တာကြောင့်လေကြောင်းတိုက်ခိုက်ခံရတဲ့ ဥက္ကံကျေးရွာ အပြင် အနီးနားက ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေက စစ်တပ်ရဲ့ အရပ်သား ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်တာတွေကိုအရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုတာတွေအပြင် နိုင်ငံတကာကလည်း လေယာဉ်ဆီနဲ့ လက်နက်တင်သွင်းတာတွေမလုပ်ဖို့ တောင်းဆိုနေချိန်မှာပဲ စစ်တပ်ဘက်က မြန်မာနိုင်ငံတဝှမ်း လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

Forum

XS
SM
MD
LG