သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံလွင်ရေကာတာ စီမံကိန်း ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ဟု ရှမ်းလူထုအဖွဲ့ ဆို


သံလွင်မြစ်
သံလွင်မြစ်

သံလွင်ရေကာတာ စီမံကိန်းတွေ ဆောက်ဖြစ်ရင် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်နိုင်တာကြောင့်၊ ရေကာတာကြောင့် သဘာဝဘေး အန္တရာယ် တင်မကဘဲ ဒေသခံတွေအနေနဲ့ စစ်ပွဲတွေဒဏ်ပါ ခံရနိုင်တယ်လို့ ရှမ်းလူထုအဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီကနေ့ ရှမ်းလူထုအဖွဲ့အစည်းတွေ စုပေါင်းပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ တရပ်ကျင်းပခဲ့တာပါ။ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

သံလွင်မြစ်ကြောင်းတလျှောက် ရေကာတာတွေ ဆောက်ဖြစ်ခဲ့ရင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ရေးထိုးပြီးသားအဖွဲ့တွေနဲ့ရော မထိုးရသေးတဲ့အဖွဲ့တွေနဲ့ပါ ပဋိပက္ခဖြစ်နိုင်တယ်လို့ Action for Shan State Rivers ရှမ်းလူထုအခြေပြုအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ စိုင်းခွန်ဆိုင်းက အခုလို ပြောဆိုလိုက်ပါတယ်။

“ဆောက်ဖြစ်လို့ရှိရင်တော့ စစ်ပွဲကတော့ ထက်ဖြစ်မှာသေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံလွင်မြစ်ကြောတလျှောက်မှာဆိုရင် လက်နက်ကိုင် အဖွဲ့တွေက အများကြီးရှိတယ်။ အခုက ငြိမ်းချမ်းရေးလို့ ကျနော်တို့ပြောနေကြတာပေါ့နော် ။ ဒါကြောင့် တကယ်လို့ ပြန်တိုက်ရင်တော့ ကျနော်တို့ လက်မှတ်ထိုးထားတဲ့အဖွဲ့ရော မထိုးထားတဲ့လူတွေအဖွဲ့တွေပါ အဲဒီရေကာတာအားလုံးတဝိုက်မှာရှိတယ် KNU ရော KNPP ရော RCSS ရော SSPP ရော ၀ ရော ၊ ပလောင်ရော KIA ရော အကုန်လုံးက အဲဒီမှာ စုပြီးရှိနေကြတဲ့အချိန်ကျတော့ ပြဿနာတက်လာရင် ကျနော်တို့ မဖြေရှင်းနိုင်တဲ့ ပြဿနာပြန်ဖြစ်လာမှာ ဖြစ်တယ်။ ဒါပေမယ့် နောက်ဆုံးခံရမှာကတော့ ကျနော်တို့ လူထုတွေပေါ့နော်။ ရေကြီးမှုတင်မကဘူး ၊ ရေကာတာကြောင့်ရယ် စစ်ပွဲကြောင့်ရယ် ၊ လုံခြုံရေးကြောင့်ရယ်၊ ဒီမြေမြုပ်မှိုင်းတွေကြောင့် ဒေသခံတွေ ကတော့ ဆက်တိုက်ခံရမှာပေါ့ ဆောက်ပြီးရင်။”

ပြည်သူတွေ ဆန့်ကျင်နေတဲ့ မြစ်ဆုံအရေးကို ဖြေရှင်းဖို့အတွက် တရုတ်ကုမ္ပဏီနဲ့ အခြားနေရာတစ်ခုမှာ အလားတူ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ခွင့်ပေးမလားဆိုတဲ့ စဉ်းစားသုံးသပ်ချက်တွေ ပေါ် ထွက်နေတာပါ။ဒါကြောင့် သံလွင်ရေကာတာ စီမံကိန်းတွေကို မြစ်ဆုံစီမံကိန်းအတွက် အစားထိုးအဖြစ် ဆောက်လုပ်ခွင့်ပေးမှာကို စိုးရိမ်တယ်လို့ စိုးခွန်ဆိုင်းက ဆက်ပြောပါတယ်။

“တနေရာမရရင် တနေရာဆောက်မယ်ဆိုတဲ့ဟာလည်း ကျနော်တို့ မဖြစ်စေလိုပါဘူး။ ဘာဖြစ်လဲဆိုတော့ ရေကာတာတွေက ထိခိုက်မှုတွေအများကြီးရှိသလို နောက်ပြီးတော့ ဒီဟာကသေချာစမ်းစစ်ပြီးတော့မှ သေချာလုပ်မှ ရတဲ့ကိစ္စတွေဖြစ်နေတဲ့အတွက်ကြောင့် ဥပမာ မြစ်ဆုံကိုတော့ ဘာမှမပြောတော့ဘူး ငြိမ်နေတယ်။ ဒါပေမယ့် တရုတ်အစိုးရလည်းသူက ဘာမှမပြောတော့ဘူး ဒါကြောင့်မြစ်ဆုံကိုတော့ မဆောက်တော့ဘဲနဲ့ သံလွင်မြစ်ကို လာဆောက်ရတော့မှာလားဆိုတာတွေ ဖြစ်လာတာပေါ့နော်။”

သံလွင်မြစ်ကြောင်းမှာ ဆောက်မယ့် ရေကာတာ စီမံကိန်းထဲက တစ်ခုဖြစ်တဲ့ နောင်ဖာဒေသမှာ ရေကြီးရေလျှံမှုတွေ ဖြစ်သလို၊ ငလျင်လှုပ်တာတွေလည်း ရှိတာကြောင့် ရေကာတာဆောက်ဖြစ်ရင် ဒေသခံတွေအနေနဲ့ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ရနိုင်တယ်လို့လည်း ရှမ်းလူထုအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားတာပါ။

သံလွင်မြစ်ဟာ မြန်မာနိုင်ငံအရှေ့ပိုင်းက ပြည်သူတွေ အားထားနေရတဲ့ မြစ်တစ်စင်းဖြစ်တာကြောင့် မြစ်ကြောင်းတစ်လျှောက် ဆောက်ဖို့ စီစဉ်ထားတဲ့ ရေကာတာစီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ရှမ်းလူထုအဖွဲ့ ၂၆ ဖွဲ့က သြဂုတ်လ ၁၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာတစ်စောင်လည်း ပေးပို့ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG