အမေရိကန်ပြည်ထောင်စု၊ မီရှီဂန်ပြည်နယ်မှာ အင်္ဂါနေ့ကလုပ်တဲ့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ပဏာမရွေးချယ် ပွဲမှာ အထက်လွှတ်တော်အမတ် Bernie Sanders က မမျှော်လင့်ဘဲ အနိုင်ရသွားပါတယ်။ ရီပတ်ဘလီကန်ပါတီဘက်မှာတော့ မီရှီဂန်၊ မစ္စစ်စပီနဲ့ ဟာဝိုင်ယီပြည်နယ်တွေမှာလုပ်တဲ့ ပဏာမရွေးချယ်ပွဲတွေမှာ Donald Trump အနိုင်ရပါတယ်။
မီရှီဂန်ပြည်နယ် Primary ပဏာမရွေးချယ်ပွဲမတိုင်ခင် ကောက်ယူတဲ့ လူထုစစ်တမ်းတွေမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်က ထောက်ခံမှုပိုရတာကို တွေ့ထားရပေမဲ့ Sanders က မဲအရေအတွက် ၅၀% ရသွားတာပါ။ မစ္စစ်စပီပြည်နယ်မှာ လုပ်တဲ့ Primary ပဏာမရွေးချယ်ပွဲမှတော့ မစ္စစ်ကလင်တန်က အလွယ်တကူပဲ အနိုင်ရပါတယ်။
မီရှီဂန် Primary မှာ မစ္စကလင်တန်ရှုံးပေမဲ့လည်း ပါတီကိုယ်စားလှယ်အရေအတွက်မှာတော့ အကြမ်းဖျဉ်းအားဖြင့် မစ္စတာ Sanders နဲ့ အတူတူလောက်ရပါတယ်။ မစ္စတာ Sanders အနေနဲ့ မစ္စစ်ကလန်တန် အနိုင်ရထားပြီးသား ပါတီကိုယ်စားလှယ် အရေအတွက်ကို လိုက်မီနိုင်ဖို့ဆိုရင် ၂၀% လောက်ထိ အသာနဲ့ကို အနိုင်ရဖို့လိုတယ်လို့ လေ့လာသူတွေကပြောပါတယ်။
ရီပတ်ဘလီကန်ပါတီဘက်မှာတော့ အိုင်ဒါဟိုးပြည်နယ် ပဏာမရွေးချယ်ပွဲမှာ အနိုင်ရတဲ့ အထက်လွှတ်တော်အမတ် Ted Cruz က ပါတီကိုယ်စားလှယ် အရေအတွက် ဒုတိယအများဆုံးရနေပါတယ်။ ကိုယ်စားလှယ်အရေအတွက်မှာ တတိယနေရာကလိုက် နေတဲ့ အထက်လွှတ်တော်အမတ် Marco Rubio အနေနဲ့ သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်မှာ နောက်သီတင်းပတ် လုပ်မယ့် ပဏာမရွေးချယ်ပွဲကို အနိုင်ရဖို့လိုပါတယ်။