လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဟီလာရီ ကလင်တန်အတွက် သူ မဲပေးမယ်လို့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ လက်ရှိအချိန်ထိ ကြိုးစားနေဆဲဖြစ်တဲ့ Bernie Sanders က MSNBC ရုပ်သံ သတင်းဌာနက ဒီကနေ့ထုတ်လွှင့်တဲ့ Morning Joe အစီအစဉ်မှာ ပြောသွားပါတယ်။
Donald Trump သမ္မတမဖြစ်အောင်လုပ်ဖို့က သူ့ရဲ့ ရည်ရွယ်ချက်တခုဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် Sanders က ပြောပါတယ်။ Donald Trump ကို အနိုင်ရဖို့ ကျနော်တတ်နိုင်တာမှန်သမျှ လုပ်သွားမှာပါ၊ Trump သာ သမ္မတဖြစ်လာရင်တော့ နည်းလမ်း ပေါင်းစုံနဲ့ အကျပ်အတည်းတွေ့မယ်လို့ ကျနော်ထင်ပါတယ်ဆိုပြီး မစ္စတာဆန်းဒါးစ်က ပြောပါတယ်။
ဟီလာရီ ကလင်တန်အနေနဲ့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ လိုအပ်တဲ့ ပါတီညီလာခံကိုယ်စားလှယ်မဲ အရေအတွက် အလုံအလောက်ကို ဇွန်လအစောပိုင်းကတည်းက ရထားပြီးဖြစ်ပေမဲ့လည်း မစ္စတာဆန်းဒါးစ်က နိုင်ငံ တဝန်းမှာ မဲဆွယ်စည်းရုံးဟောပြောတာတွေ ဆက်လုပ်နေဆဲပါ။ ဒီမိုကရက်တစ်ပါတီညီလာခံ မတိုင်ခင်မှာ ရွေးချယ်ပွဲကနေ သူနှုတ်ထွက် သင့်တယ်လို့ ပြောကြတာတွေကိုလည်း သူက ပယ်ချပါတယ်။
ကျနော်တို့တတ်နိုင်သမျှ အကောင်းဆုံးရပ်တည်ချက်ကိုရဖို့ ကျနော် လုပ်ချင်နေတဲ့အချိန်မှာ ဘာ့ကြောင့် ကျနော်တို့ တတ်နိုင် တာကို မလုပ်ချင်ရမှာလဲလို့ မစ္စတာဆန်းဒါးစ်က ရပ်ခံပြောပါတယ်။ ရွေးချယ်ပွဲမှာ သူဆက်ရှိနေတာ ဟာ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အမေရိကန်လူထုပါဝင်လာဖို့ ရည်ရွယ်တာလို့လည်း သူကပြောပါတယ်။