သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီ-တရုတ် ဆက်ဆံရေး ချောမွေ့နိုင်မလား


 ဆော်ဒီအာရေဗျ နိုင်ငံအိမ်ရှေ့မင်းသား Mohammad Bin Salman တရုတ်နိုင်ငံ Beijing မြို့တော်ကိုရောက်ရှိ
 ဆော်ဒီအာရေဗျ နိုင်ငံအိမ်ရှေ့မင်းသား Mohammad Bin Salman တရုတ်နိုင်ငံ Beijing မြို့တော်ကိုရောက်ရှိ

ဆော်ဒီအာရေဗျ နိုင်ငံအိမ်ရှေ့မင်းသား Mohammad Bin Salman တရုတ်နိုင်ငံ Beijing မြို့တော်ကို ၂ ရက်ကြာခရီးစဉ် အဖြစ် ကြသပတေးနေ့ကဆိုက်ရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ သတင်းထောက် Jamal Khashoggi ကို သတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး နိုင်ငံံတကာမှာ ကျဆင်းနေတဲ့ ဆော်ဒီနိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ဖို့နဲ့ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက်ဖြစ်ပေမဲ့ သူတို့နှစ်နိုင်ငံ ဆက်ဆံရေးမှာ နိုင်ငံရေး အတားအဆီးတွေ ရှိနေပါတယ်။ ဒီအကြောင်း Sibal Dasgupta Beijing မြို့တော်ကပေးပို့တဲ့သတင်းလွှာကို ဦးကျော်ဇံသာ က ပြောပြပါလိမ့်မယ်။

ဆော်ဒီ အိမ်ရှေ့မင်းသားမလာခင် ရက်သတ္တတပတ် အတော်များများက တရုတ်ဟာ ဆော်ဒီရဲ့ ဒေသတွင်းပြိုင်ဘက်ဖြစ်တဲ့ အီရန်နိုင်ငံကို နှစ်သိမ့်နေခဲ့ပါတယ်။ ဒီခရီးစဉ်ကြောင့် တရုတ်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ မူဝါဒ မဟာဗြူဟာ မိတ်ဖက် ဖွဲ့စည်းမှု စတာတွေ ပြောင်းလဲသွားစရာအကြောင်းမရှိဘူးလို့ တရုတ်သမ္မတ Xi က ဧည့်သည်တော် အီရန်ပါလီမန်ဥက္ကဋ္ဌကို ပြောကြားခဲ့တာပါ။

ဆူနီ အစ္စလာမ်နိုင်ငံဖြစ်တဲ့ဆော်ဒီအာရေဗျနဲ့ shia မွတ်ဆလင်အများစုနေထိုင်ရာ အီရန်နိုင်ငံတို့ဟာ အရှေ့အလယ်ပိုင်းဒေသကို လွှမ်းမိုးနိုင်ရေးအတွက် အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်ကြပါတယ်။ အမေရိကန်ရဲ့ ရင်းနှီးတဲ့ မဟာမိတ်ဆော်ဒီအာရေဗျနဲ့ အမေရိကန်အစိုးရနဲ့ အဆင်မပြေဖြစ်နေတဲ့ အီရန်နိုင်ငံတို့အကြား ထိန်းညှိရေးကိစ္စဟာ တရုတ်အဖို့ သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ရမယ့် ကိစ္စဖြစ်ပါတယ်။

ဟောင်ကောင် Baptist တက္ကသိုလ်က ပါမောက္ခ Jean-Pierre Cabestan က ဒီ ၂ နိုင်အကြား တရုတ်ဟာ တည့်တည့်မတ်မတ်ရပ်တည်နိုင်တယ်လို့ ဆိုပါတယ်။ အခုအခါမှာ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးစစ်ပွဲဖြစ်နေတဲ့အတွက်လည်း ချမ်းသာတဲ့ မွတ်ဆလင်နိုင်ငံ ၂ ခုထောက်ခံမှု ကို တရုတ်က လိုအပ်နေပါတယ်။ သို့သော်လည်း ဆော်ဒီနဲ့ ဆက်ဆံရေးမှာ ပြေလည်လှတယ်လို့မဆိုနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“တရုတ်အစိုးရနဲ့ ဆော်ဒီအစိုးရတို့အကြား ဆက်ဆံရေးတို့ကတော့ သိပ်ချောမွေ့နေတာမဟုတ်ပါဘူး။ အမြဲတမ်း လိုလို အဖုအထစ်တွေရှိနေခဲ့ပါတယ်။ ဒီနှစ်နိုင်ငံအကြား ပြဿနာတခုကတော့ အီရန်ကိစ္စဖြစ်ပြီး နောက်တခုကတော့ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံအတွင်းက မွတ်ဆလင်တွေအပေါ် တားဆီးပိတ်ပင်မှုတွေ ချမှတ်ထားတဲ့ ကိစ္စပဲဖြစ်ပါတယ်။ Uighur တွေတင်မကပဲ Ningxia က Hui တွေကိစ္စလဲ ပါဝင်ပါတယ်။

အလားတူစွာပဲ တရုတ်နဲ့ ရင်းရင်းနှီးနှီးဆက်ဆံခဲ့တဲ့ ဆော်ဒီနိုင်ငံပုံရိပ်ဟာလည်း ကျန်မွတ်ဆလင်နိုင်ငံအကြားမှာ ကျဆင်းနိုင်ပါတယ်။ ဒီလိုပဲ တရုတ်ဘက်ကလည်း စိုးရိမ်စရာတွေ ရှိနေတယ်လို့ Cabestan က ပြောပါတယ်။

“ တရုတ်ဘက်ကလဲ သူတို့ဆီက မူဆလင်တွေအပေါ်မှာ ဆော်ဒီအာရေဗျက Wahabi အယူအဆ လွှမ်းမိုးလာမှာကို အထူးစိုးရိမ်ပါတယ်။ ဒါ့ကြောင့် ဆော်ဒီနဲ့ဆက်ဆံတဲ့နေရာမှာ ဒီကိစ္စကို တရုတ်က အထူးပဲ သတိထားနေတာဖြစ်ပါတယ်။”

ဒါပေမယ့် ဒီ ၂ နိုင်ငံအကြား ဆက်ဆံရေးမှာ ဘာသာအယူဝါဒတွေက အဓိကမကျဘူး။ စီးပွားရေးသာလျင် အဓိကကျတယ်လို့လည်း တချို့က သုံးသပ်ပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသားဟာ အိန္ဒိယနိုင်ငံမှာ ဒေါ်လာ ဘီလီယံ သန်း ၁၀၀ ဖိုး ရင်းနှီးမြှပ်နှံမယ်လို့ ကမ်းလှမ်းခဲ့ပြီး ဒီကမ်းလှမ်းမှုဟာ Belt and Road စီမံကိန်းလို့ခေါ်တဲ့ ခါးပတ်လမ်းကိစ္စကို တွန့်ဆုတ်နေတဲ့ အိန္ဒိယအတွက် အင်မတန်ထူးခြားလှပါတယ်။ ဒါ့အပြင် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားဟာ ပါကစ္စတန်နိုင်ငံမှာလည်း တရုတ်တည်ဆောက်နေတဲ့ ဂွာတာ ဆိပ်ကမ်းမြို့အနားမှာ ရေနံချက်စက်ရုံတည်ဆောက်ဖို့အပါအဝင် ဒေါ်လာဘီလီယံ သန်း ၂၀ ရင်းနှီးမြှပ်နှံဖို့ ကြေညာခဲ့ပါတယ်။

ဒီကိစ္စကိုရော တရုတ်က နှစ်သက်ပါ့မလား။ Andrew Small ဟာ တရုတ်- ပါကစ္စတန် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သီးခြားစာအုပ်ရေးသားထုတ်ဝေခဲ့သူပါ။

“တကယ့်လက်တွေ့မှာတော့ Gwadar မှာ နောက်ထပ်ရင်းနှီးမြှပ်နှံလာမယ့် ကိစ္စဟာ တရုတ် ပါကစ္စတန် စင်္ကြန် အတွက် ပိုပြီးအရှိန်အဟုန်ကောင်းစေတဲ့ကိစ္စရပ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အားဖြင့်တော့ တရုတ်က နိုင်ငံရေးအရ နည်းနည်းလေး ပိုစဉ်းစားနိုင်ပါတယ်။ ပါကစ္စတန် အတွက်တော့ ဒီကိစ္စဟာ တရုတ်အပေါ်မှာ မှီခိုနေရတဲ့ကိစ္စကို သိမ်သိမ်မွေ့မွေ့လေး ပြန်ထိန်းနိုင်တဲ့ သဘောဆောင်ပါတယ်။ ပါကစ္စတန်ဘက်က တချို့ဟာဆိုရင် တရုတ်ကိုအရေးကြီးတဲ့ မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက် ထားရှိတဲ့တိုင်အောင် တရုတ်ရဲ့ သြဇာ လွမ်းမိုးမှု အလွန်အကျွံဖြစ်လာ လေမလားဆိုတာကို စိုးရိမ်နေကြတာပါ။”

အခု တရုတ် ဆော်ဒီအာရေဗျ ဆက်ဆံရေးမှာ ဒီလိုနိုင်ငံရေးအရ ပြဿနာတွေရှိနိုင်ပေမယ့် စီးပွားရေးဘက်မှာတော့ အောင်မြင်မှုရရှိမယ်လို့တော့ ၂ နိုင်ငံလုံးက မျှော်မှန်းနေကြတာပါ။ ဆော်ဒီအာရေဗျရဲ့ ၂၀၃၀ ပြည့် မျှော်မှန်းချက်ဖြစ်တဲ့ ရေနံအခြေပြုစီးပွားရေးမှ လွှတ်မြောက်ရေး နဲ့ တရုတ်ခါးပတ်လမ်းစီမံကိန်းတို့ဟာ ဆုံစည်းနိုင်ပါ့မလားဆိုတာလည်း စဉ်းစားစရာဖြစ်နေပါတယ်။ Niu Song ဟာ ရှန်ဟိုင်းနိုင်ငံတကာလေ့လာရေသက္ကသိုလ်က အရှေ့အလယ်ပိုင်းဆိုင်ရာ သုတေသီတဦးဖြစ်ပါတယ်။

“အမေရိကန်ဟာ သူတို့အတွက် အရေးအကြီးဆုံး မဟာဗျူဟာမိတ်ဖက် အဖြစ်ဆက်လက်ရှိနေပေမယ့် ဆော်ဒီအာရေဗျ ဟာ ရေနံ ခေတ်လွန်ကာလအတွက်လဲ ပြင်ဆင်လာနေပုံရပါတယ်။ ဒါကြောင့် ကျန်နိုင်ငံတွေနဲ့ဆက်ဆံရေးကို တိုးမြှင့်လာတယ်။ ထွန်းသစ်စ စီးပွားရေး အင်အားကြီးနိုင်ငံတွေနဲ့ စီးပွားရေးဆောင်ရွက်ဖို့ကြိုးစားလာတယ်။ ပြဿနာတွေကြုံလာရင် တခါတည်း မဆုံးရှုံးရအောင်ဆိုတဲ့သဘောဖြစ်ပါတယ်။”

ဆော်ဒီအာရေဗျဆီက ရေနံနဲ့ ပတ်သက်ပြီး တရုတ်က မျှော်လင့်ချက်ထားသလို အပြန်အလှန်အားဖြင့် တရုတ်ရဲ့ အခြေခံအဆောက်အဦးတည်ဆောက်ရေး အိမ်ရာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာတွေကို ဆော်ဒီအာရေဗျက မျှော်လင့်နေကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG