သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောင်စစ်ဝန်ရုံးအတွင်း သတင်းထောက်သေဆုံးကြောင်း ဆော်ဒီဝန်ခံ


ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံရတဲ့ ဆော်ဒီသတင်းထောက် Jamal Khashoggi
ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံရတဲ့ ဆော်ဒီသတင်းထောက် Jamal Khashoggi

ဝါရှင်တန်ပို့စ်သတင်းစာက ဆော်ဒီသတင်းထောက် Jamal Khashoggi သေဆုံးသွားတယ်လို့ ဆော်ဒီ အာရေဗျ နိုင်ငံက ဝန်ခံလိုက်ပါတယ်။ Khashoggi ဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ဆော်ဒီ ကောင်စစ်ဝန် ရုံး အတွင်း ရုန်းရင်းဆန်ခတ်အချင်းများရာကနေ သေဆုံးသွားတာ ဖြစ်ပြီး၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၁ လကြာ စုံစမ်းစစ်ဆေးသွားမယ်လို့ ဆော်ဒီအစိုးရပိုင်ရုပ်သံက ပြောကြား လိုက်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့က နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဆော်ဒီသတင်းထောက် Jamal Khashoggi သေဆုံးသွားတယ်ဆိုတာကို ဆော်ဒီအာရေဗျနိုင်ငံက ဝန်ခံလိုက်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆော်ဒီနိုင်ငံရဲ့ အိမ်ရှေ့မင်းသား Mohammad bin Salman ဦးဆောင်ပြီး တလကြာ စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ သေဆုံးမှုနဲ့ ပတ်သက်ပြီး ကနဦးစစ်ဆေးချက် တွေ အရ အစိုးရအကြီးတန်းအရာရှိ ၅ ဦး တာဝန်က ရပ်စဲလိုက်ပြီး နဲ့ တခြားဆော်ဒီနိုင်ငံသား ၁၈ ဦးတို့ကို ဖမ်းဆီးလိုက်တယ်လို့ ဆော်ဒီအစိုးရက ပြောကြားလိုက်ပါတယ်။ ရာထူးကနေ ဖြုတ်ချလိုက်တဲ့အထဲမှာ ဆော်ဒီအိမ်ရှေ့စံမင်းသားနဲ့ နီးစပ်တဲ့အကြံပေး Saud al-Qahtani ၊ ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဗိုလ်ချုပ် Ahmed al-Assiri တို့ပါဝင်တယ်လို့ ရီယာ့ဒ်ဒေသစံတော်ချိန် သောကြာညမှာ ထွက်ပေါ်လာတဲ့ သတင်းတွေက ဆိုပါတယ်။

သောကြာနေ့တုန်းကတော့ ဝါရှင်တန်ဒီစီမြို့တော်မှာ ဆန္ဒပြတဲ့သူတွေက အိမ်ဖြူတော်ကနေ နိုင်ငံခြားရေး ဝန်ကြီးဌာနအထိ ချီတက်ဆန္ဒပြခဲ့ကြပြီး၊ Khashoggi ဟာ အောက်တိုဘာ ၂ ရက်နေ့ က အစ္စတန်ဘူလ်မြို့က ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံရပြီး အပိုင်းပိုင်းဖြတ်ခံရတာ ဖြစ်တယ်လို့ တူရကီသတင်းတွေက ဖော်ပြနေတာနဲ့ ပတ်သက်ပြီး သမ္မတထရမ့်အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူဖို့ တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဆော်ဒီအိမ်ရှေ့စံမင်းသားတို့ အင်္ဂါနေ့က တွေ့ဆုံခဲ့ကြတာနဲ့ ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော်အမတ်တွေ နဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဗွီအိုအေသတင်းထောက် Greta Van Susteren နဲ့ မက္ကဆီကိုစီးတီးမှာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ဝန်ကြီး ပွန်ပီယိုကတော့ ဆော်ဒီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုလိုက် ပါတယ်။

“ကျနော်ဆော်ဒီအာရေဗျနိုင်ငံကိုသွားတုန်းက ဘုရင်နဲ့ တွေ့ခဲ့တယ်၊ ပြီးတော့ အိမ်ရှေ့မင်းသားနဲ့ လည်း အချိန် အတော်ကြာ တွေ့ဆုံခဲ့တယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး Adel al-Jubeir နဲ့လည်း တွေ့ခဲ့ပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒီကိစ္စကို အလွန်အလေးအနက်ထားတယ် ဆိုတာကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ တရားဥပဒေမဲ့ သတ်ဖြတ်တာတွေ နဲ့ အဲဒီလိုလုပ်ရပ်မျိုးတွေ ကို ကျနော်တို့အနေနဲ့ သဘောမတူကြောင်း၊ ဒါဟာ အမေရိကန်စံတန်ဖိုးနဲ့လည်း မကိုက်ညီကြောင်း၊ ပြီးတော့ ဒီကိစ္စ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းမှာ ဖြစ်သွားတဲ့ အတွက် သူတို့မှာ တာဝန်ရှိပါတယ်။”

ဒါပေမဲ့လည်း အမေရိကန်အစိုးရအနေနဲ့ ဆော်ဒီနိုင်ငံအပေါ်မှာ လူ့အခွင့်အရေး နဲ့ စံနှုန်းတွေနဲ့အညီ ပြောဆိုသွားလိမ့်မယ်မထင်ကြောင်း ဆော်ဒီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း James Smith က ပြောပါတယ်။

“အခုလက်ရှိအမေရိကန်အစိုးရ နဲ့ ဆော်ဒီအာရေဗျ နဲ့ ဆက်ဆံရေးက တဘက်နဲ့ တဘက် အကျိုးမျှော်ကိုးပြီး တည်ဆောက်ထားတဲ့ ဆက်ဆံရေးဖြစ်ပြီး၊ အရင်တုန်းကတော့ ကျနော်တို့နဲ့ သူတို့ဆက်ဆံရေးက မဟာဗျူဟာမြောက်ဆက်ဆံရေးပါ။ ကျနော်အဲဒီမှာရှိတုန်းက၊ ကျနော်တို့ အနေနဲ့ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေး၊ နဲ့ အများပြည်သူအသုံးပြုနိုင်တဲ့နေရာတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးလို့ရပေမယ့် အခုအခါမှာတော့ အဲဒါတွေ ဘာမှလုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂ နိုင်ငံကြားက ဆက်ဆံရေး ငွေကြေးအကျိုးအမြတ်အပေါ်မှာပဲ အဓိကထားလုပ်ဆောင်နေလို့ဖြစ်ပါတယ်။”

ပါတီ ၂ ရပ်စလုံးက အထက်လွှတ်တော်အမတ်များအဖွဲ့ကတော့ ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်လိုက် ပါတယ်။

“ရီပတ်ဘလစ်ကန်တွေဟာ ဒီမိုကရက်တွေထက်ပိုပြီးတော့ ခိုင်ခိုင်မာမာရှိတယ်၊ ပိုပြီးတော့ ကျယ်ကျယ် လောင်လောင် ပွင့်ပွင့်လင်းလင်းပြောထားတယ်လို့ ကျနော်ထင်တယ်။ ဒီလိုပါတီ ၂ ရပ်စလုံးက တူညီတဲ့ ထောက်ခံမှုမျိုးပေးတာ ဝါရှင်တန်မှာ သိပ်မတွေ့ရဘူး။ ဒီတခုတည်းတောင်မှ ဖြစ်မလားပဲ။”

အခုနောက်ဆုံး ဆော်ဒီအာရေဗျက ထွက်လာတဲ့သတင်းအချက်အလက်အသစ်အပေါ်မှာ အမေရိကန်အစိုးရ အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဆုံးဖြတ်ရတော့မှာပါ။ ဆော်ဒီအစိုးရက ဒီသတင်းထောက် ဂျမာလ် ခါရှိုဂီ ဘာဖြစ်သွားသလဲဆိုတာ လုံးဝမသိပါဘူးလို့ ပြီးခဲ့တဲ့ ၂ ပတ်လုံး ငြင်းဆိုနေခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG