သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ခိုက်ခံရမှုကြောင့် ဆော်ဒီရေနံ ထုတ်လုပ်မှု တဝက်ကျဆင်း


ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် မီးလောင်နေသည့် ဆော်ဒီရေနံသိုလှောင်စခန်း။ (စက်တင်ဘာ ၁၄၊ ၂၀၁၉)
ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် မီးလောင်နေသည့် ဆော်ဒီရေနံသိုလှောင်စခန်း။ (စက်တင်ဘာ ၁၄၊ ၂၀၁၉)

ဆော်ဒီအာရေဗျနိုင်ငံပိုင် Aramco ရေနံလုပ်ငန်း နေရာနှစ်ခုကို ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်တွေက တိုက်ခိုက်တာကြောင့် ဆော်ဒီရဲ့ ရေနံထုတ်လုပ်မှု ထက်ဝက်လျော့ကျသွားပြီလို့ ဆော်ဒီစွမ်းအင်ဝန်ကြီးက စနေနေ့မှာ ပြောပါတယ်။

နိုင်ငံအရှေ့ပိုင်းက Abqaiq အရပ်မှာရှိတဲ့ ရေနံသိုလှောင်စခန်းကို စနေနေ့ မနက်အစောပိုင်းက တိုက်ခိုက်တာကြောင့် မီးလောင်နေတာတွေကို သာမန်လူတယောက်က ရိုက်ယူထားတဲ့ ဗွီဒီယိုမှာ တွေ့ရပါတယ်။ နေ့လယ်ပိုင်းမှာတော့ အဲဒီနေရာကနေ မီးခိုးလုံးကြီးတွေ တက်နေတာကို ဗွီဒီယိုမှာ တွေ့ရပါတယ်။ တိုက်ခိုက်မှုတွေအတွင်း အလုပ်သမားတယောက်မှ သေဆုံးဒဏ်ရာရတာ မရှိဘူးလို့ ဆော်ဒီတာဝန်ရှိသူတွေက ပြောပါတယ်။

ဆော်ဒီ ရေနံလုပ်ငန်းနေရာတွေကို အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်တာ သူတို့လက်ချက်ဖြစ်တယ်လို့ ယီမင်နိုင်ငံက ဟူသီ လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး Yahya Saree က ပြောပါတယ်။ ယီမင်နိုင်ငံတွင်း ပစ်မှတ်တွေကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က လေကြောင်းကတိုက်ခိုက်နေတာတွေ မရပ်ဘူးဆိုရင် နောက်ထပ် တိုက်ခိုက်ဦးမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ဒရုန်းတွေကို ယီမင်နိုင်ငံထဲကနေ လွှတ်လိုက်တာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

Aramco ရေနံကုမ္ပဏီပိုင် နေရာနှစ်ခုကို ဟူသီအဖွဲ့ရဲ့ ဒရုန်းယာဉ် ၁၀ စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဟူသီပြောခွင့်ရ Saree က ပြောပါတယ်။

ဒါပေမယ့်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ ဒီတိုက်ခိုက်မှုတွေဟာ အီရန်လက်ချက်ဖြစ်တယ်လို့ အပြစ်တင်ပြောဆိုပြီး ဟူသီသူပုန်တွေ မပတ်သက်ဘူးလို့ စနေနေ့နှောင်းပိုင်းက ပြောပါတယ်။

ဝန်ကြီး Pompeo ရဲ့ စွပ်စွဲပြောဆိုချက်ဟာ အခြေအမြစ်မရှိဘူးဆိုပြီး အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Abbas Mousavi က ဒီကနေ့ ပယ်ချပါတယ်။

အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့၊ တပ်မှူးတဦးကလည်း အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေနဲ့ လေယာဉ်တင်သင်္ဘောတွေဟာ အီရန်ဒုံးကျည်တကမ်းအကွာမှာ ရှိနေတယ်လို့ ဒီကနေ့မှာပဲ ပြောလိုက်ပါတယ်။

----------------------

[Unicode Version]









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG