သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ သန်ကောင်ပြားရောဂါကူးစက်သူ ၄၀၀ ကျော်အထိရှိ


Schistosomiasiaသုတ်ကောင် ကူးစက်ပုံအဆင့်ဆင့်

ရေချိုခရုရဲ့ မစင်ထဲက သန်ကောင်ပြားရောဂါပိုးကြောင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်တော်တော်များများမှာ ရောဂါ ကူးစက်ခံနေရပြီး လက်ရှိဦးရေ(၄၀၀)ကျော် ရောဂါကူးစက်ခံနေရတယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ (Schistosomiasia) ဆိုတဲ့ ခရုကနေဖြစ်တဲ့ရောဂါကြောင့် အသက်အန္တရာယ်ဖြစ်ပွါးနိုင်ပြီး ဒီရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကူညီနဲ့ ဆေးဝါးကုသနေပြီ လို့လဲဆိုပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက် သတင်း ထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရေချိုခရုကနေတဆင့် ရောဂါ ကူးစက်ခံနေရသူ(၄၀၀)ကျော်ရှိနေပြီလို့ စစ်တွေမြို့ကျန်းမာ ရေးဌာန ဓါတ်ခွဲခန်းတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးထွန်းလှိုင်ကပြောပါတယ်။

"ကျွန်တော်တို့စစ်တွေမှာ(၄၀၃)ယောက်ရှိသွားပြီ။ ဆေးစစ်တဲ့အချိန်မှာက အဲဒီခရုကြောင့်ဖြစ်တဲ့(Schistosomiasia) ဆိုတာ အဲဒီရောဂါပေါ့။ သွေးစစ်လို့တွေ့တဲ့လူနာတွေပေါ့။ အဲတာတွေကတော့ အကုန်လုံး ဆေးက ကုလိုက်ပြီပေါ့။ ခရုကနေ မစင်ကနေပါလာတဲ့ သန်ကောင်သုတ်ပိုးတမျိုးပေါ့။ အဲဒီသုတ်ကောင်တမျိုးက ခရုတွေကနေ ကလေး တွေ ဆီကူးတာပေါ့။ ကူးပြီးတော့ခရုရဲ့မစင်ကနေ လူရဲ့ခန္ဓာကိုယ် အရေပြားကနေဖေါက်ဝင်တာပေါ့။ အစိမ်းစားတွေပါတာပေါ့။ ခရုတွေကို ဒီမှာအစိမ်းစားတာတွေရှိတယ်"

ဒီရောဂါဟာရေချိုခရုရဲ့မစင်ကနေလာတဲ့သန်ကောင်ပြားရောဂါပိုးကြောင့်လို့သူကဆိုပါတယ်။ ရေချိုခရုကို စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ရသေ့တောင်၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်းမြို့တွေမှာ တွေ့ရှိရသလို ဒီခရုကို အစိမ်းစား၊ သုတ်စား ကိုင်တွယ်မိရင် သန်ကောင်ပြားရောဂါပိုးကြောင့် ကူး စက်လာတယ်လို့ ဦးထွန်းလှိုင်ကဆိုပါတယ်။

ရေချိုခရုကနေ ရောဂါဖြစ်ပွါးတဲ့လက္ခဏာကိုတော့ ဦးထွန်းလှိုင်ကအခုလိုဆက်ပြောပါတယ်။

"ရောဂါလက္ခဏာကအမျိုးမျိုးပြတာပေါ့။ တချို့ကလေးတွေဆိုရင်တော့အဲဒီမှာဖျားတယ်။ အနီထွက်တွေအများကြီး ပေါ်လာတယ်။ ချောင်းဆိုးတယ်။ တချို့ဆိုမျက်လုံးတွေရဲပြီးတော့ မျက်လုံးယားလာတယ်။ ခန္ဓာကိုယ်တခုလုံးမှာ အကွက် လိုက်အကွက်လိုက်ပေါ်လာတယ်။"

သြဂုတ်လတတိယအပတ်ကစပြီး ရခိုင်ပြည်နယ်အတွင်း ရေချိုခရုကနေတဆင့်ကူးစက်တဲ့ သန်ကောင်ပြား (Schi stosomiasia)ရောဂါလို့ သံသယရှိသူ(၈၂၈)ဦးကိုစစ်ဆေးခဲ့ရာမှာ (၄၂၀)ကျော်ရောဂါဖြစ်ပွါးနေကြောင်း စီစစ်တွေ့ ရှိရတာပါ။

ဒီကူးစက်ရောဂါဟာ အချိန်မီမကုသရင် အသက်အန္တရာယ်ဖြစ်ပွါးနိုင်တယ်လို့ ဗဟိုကူးစက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်ကပြောပါတယ်။

"ရောဂါဖြစ်ပွါးသူစုစုပေါင်း (၄၂၈)ယောက်ပေါ့နော်။ ဒီရောဂါဖြစ်ပွါးတဲ့ဟာတော့ သူကရောဂါလက္ခဏာအမျိုးမျိုးနဲ့ လာတယ်ပေါ့။ ဒီရောဂါဖြစ်ပွါးလို့ရှိရင်ချက်ခြင်းကုသဖို့အရေးကြီးတဲ့အတွက်ကြောင့်မို့လို့ ဒီကျန်းမာရေးပညာပေးလုပ် ငန်းတွေကို ကျွန်မတို့အားဖြည့်ပြီးဆောင်ရွက်သွားရမယ်နော်။ ကုသမှုနှောင့်နှေးလို့ရှိရင် သူကဆိုးတဲ့လက္ခဏာ ဆိုတာက အသက်ရှုလမ်းကြောင်းဆိုင်ရာလက္ခဏာနဲ့ဒီ ဆီးလမ်းကြောင်းလက္ခဏာတွေပေါ့နော်။ သူကအသက် အန္တရာယ်ဆိုတာထက် ဒီခန္ဓာကိုယ်မှာ ကျောက်ကပ်ကို ထိသွားတာမျိုး။ အဲဒီလိုလက္ခဏာတွေပိုပြီးတော့ ဖြစ်နိုင်တာမျိုး တွေရှိပါတယ်။ မကုသဘူးဆိုရင် အသက်အန္တရာယ်အထိ ရှိသွားနိုင်တာပေါ့နော်။"

နေပြည်တော် ဗဟိုကူးစက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကူညီနဲ့ ရောဂါဖြစ်ပွါး တဲ့ ရခိုင်ပြည်နယ်ဒေသအနှံ့ကို ကွင်းဆင်းကုသပေးနေတယ်လို့ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာတိုးသီရိအောင် ကပြောပါတယ်။

"ကျွန်မတို့ကအခု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆေးရရှိပါတယ်။ ဆေးရရှိတဲ့အခါ အဲဒီဆေးဝါးနဲ့ကျွန်မတို့ ဆေးကုသမှု တွေဆောင်ရွက်နေပြီပေါ့နော်။ ရခိုင်ပြည်နယ်ကိုဆေးတွေဖြန့်ဝေထားပြီးတော့ လူနာတွေ့ရှိခဲ့လို့ရှိရင် ကုသပေးနေ ပြီပေါ့နော်။"

ဒီရေချိုခရုမျိုးစိတ် ဟာ လွန်ခဲ့တဲ့(၇)နှစ်က ရခိုင်ပြည်နယ်မှာစတင်တွေ့ရှိပြီး ဒေသတွင်းခရုနဲ့တူညီတဲ့ ပုံသဏ္ဍာန် ကြောင့် စားသုံးရင်းကနေ ဒီလိုရောဂါဖြစ်ပွါးလာတာပါ။

ဒီရောဂါကုသဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ ဆေးဝါးကူညီထောက်ပံ့ပေးထားပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ရုံး အရှေ့တောင်အာရှဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ Chaina CDC တို့ကပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့က သုသေတနလုပ်ငန်းတွေဆောင်ရွက်နေပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတာဝန် ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG