အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေမှာ ဒီမိုကရေစီ စံနှုန်းနဲ့ မညီတဲ့ လိုအပ်ချက်၊ အားနည်းချက်တွေ များစွာ ရှိနေတယ်လို့ ပညာရေးဆိုင်ရာ ၊ ဥပဒေပိုင်း ဆိုင်ရာ ပညာရှင်တွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။ သပိတ်မှောက် ကျောင်းသားတွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျင်းပပြုလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ပြောဆိုလိုက် တာပါ။ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အစည်းအဝေးကနေ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ရက်ပေါင်း(၆၀) အတွင်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ တောင်းဆိုထားချိန်လည်းဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးဆောင်ပြီး ဒီကနေ့ ကျင်းပပြုလုပ်တဲ့ “ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ” စာတမ်းဖတ်ပွဲမှာ ပညာရပ်ဆိုင်ရာ ပါရဂူ ပညာရှင်တွေက အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်တဲ့ သူတို့ ပြုစုထားတဲ့ စာတမ်းတွေကို ဖတ်ကြားဆွေးနွေး တင်ပြနေကြတာဖြစ်ပါတယ်။
" အမျိုးသားပညာရေးဥပဒေကြမ်း နည်းဥပဒေကော်မတီအနေနဲ့ မကြာခင်မှာ အမြန်ဆုံးဆောင်ရွက်ဖို့လိုပါတယ်။ ကျောင်းသားတွေ၊ ကျောင်းသား သမဂ္ဂတွေ ဆောင်ရွက်နေတယ်။ အားလုံး ဆောင်ရွက်နေတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အရေးကြီးတဲ့ တာဝန်တရပ်ဖြစ်တယ်။ အားလုံးကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) "
ဒါကတော့ ပညာရှင်တွေ ဆွေးနွေးနေကြတဲ့ အသံပါ။
“ဒီမိုကရေစီ ပညာရေးစနစ် ဘယ်လို တည်ဆောက်မလဲ၊ ကျောင်းသား အခွင့်အရေးနဲ့ အနာဂတ် မြန်မာပြည်၊ ပညာရေးမှာ ဗဟိုချုပ်ကိုင်မှု လျော့ချရေး” စတဲ့ အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ အားနည်းချက်၊ လိုအပ်ချက်တွေ ကို ဝေဖန် ထောက်ပြဆွေးနွေးခဲ့ကြတဲ့ အကြောင်း ဒေါက်တာသိန်းလွင်က အခုလိုပြောပါတယ်။
"ပညာရှင်တွေက ဒီအမျိုးသားပညာရေး ဥပဒေကို ဘယ်လိုသုံးသပ်သလဲ ဆိုတာကို ကျောင်းသားတွေ စီစဉ်တဲ့ပွဲပါ။ ဒီပွဲမှာ ဆရာကြီးတွေ လာတယ်။ ဒေါက်တာတွေ၊ ပါမောက္ခကြီးတွေ၊ အငြိမ်းစား ပါမောက္ခကြီးတွေ ဒေါက်တာတင်အောင်တို့ ဒေါက်တာ တင်လှိုင်တို့ လာကြတယ်။ ဆရာကြီး ဒေါက်တာ အောင်ခင်ဆင့်လည်း လာတယ်။ နောက် ဥပဒေပညာရှင်တွေလည်း လာကြတယ်။ ဆရာကြီးတွေက ကျောင်းသားသမဂ္ဂ ရှိရမယ်ဆိုတဲ့ ဘက်ကနေ ပြောတယ်။ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိရမယ်။ စကားလုံးကိုက အစ သမဂ္ဂလို့ပဲ သုံးရမယ်။ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးကောင်စီတွေမှာ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေ ပါရမယ်။ နောက် ကျောင်းသားသမဂ္ဂ အဆောက်အအုံရှိရမယ် အဲ့တာတွေကို ပြောသွားပါတယ်။
ေနောက် ဆရာများသမဂ္ဂ ကလည်း ဆွေးနွေးတယ်။ ဆရာများသမဂ္ဂက သူတို့ လုပ်ထားတဲ့ သုတေသနပေါ့။ တက္ကသိုလ်တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိတဲ့အပေါ်မှာ ကျောင်းသားတွေ၊ ဆရာတွေ မိဘတွေ ဘယ်လိုမြင်သလဲဆိုတာ သူတို့ သုတေသန လုပ်ထားတဲ့ စာတမ်း လာပြီးတော့ ရှင်းပြပါတယ်။ သူတို့ စာရင်းကောက်ယူခဲ့တဲ့ အများစုက တက္ကသိုလ်တွေရဲ့ လွတ်လပ်ခွင့် ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိဖို့ လိုတယ်။ ကျောင်းသားသမဂ္ဂ ရှိဖို့လိုတယ်။ ဆရာတွေ လွတ်လပ်ခွင့် ရှိဖို့လိုတယ်ဆိုတဲ့ ဘက်က အားလုံးက ဆန္ဒရှိတယ် ဆိုတာ သူတို့သုတေသန ပြုချက်ကိုပြောပါတယ်။ နောက် ၈၈ကလည်း ကိုစိုးထွန်းတို့ လာပြောပါတယ်။ NNER (National Network for Educational Renewal) ကလည်း ကျနော့်အနေနဲ့ပြောပါတယ်။ ဒီဥပဒေအပေါ် သုံးသပ်ချက် ကျနော်တို့ တင်ပြပါတယ်။"
“အမျိုးသားပညာရေး ဥပဒေကို လေ့လာ ဆန်းစစ်ခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာရေး ဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုမှာ လွတ်လပ်မှုနဲ့ အာမခံချက်ရှိဖို့ အရေးတကြီး လိုအပ်တယ် ဆိုတာကို ဥပဒေ ပညာရှင် အမြင်နဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်း ဒေါက်တာညိုညိုသင်း အခုလို ပြောပြပါတယ်။
"ပညာရေးက တကယ့် အခြေခံဥပဒေဖြစ်တယ်။ ဒီအမျိုးသားပညာရေး ဥပဒေထဲမှာ အာမခံချက် မဖြစ်မနေ ထည့်ပေးထားရမယ်။ ဥပမာ ဆရာနဲ့ကျောင်းသားတွေရဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်တို့ ဥပဒေနဲ့အညီပေါ့ အာမခံ ထားရမယ်။ နောက်ပြီးတော့ ပညာရေး ဥပဒေမှာပဲ နိုင်ငံတော် ဘက်ဂျက်ရဲ့ ဘယ်လောက်ကိုပေါ့နော် ပညာရေး အတွက် နှစ်စဉ် သုံးစွဲသွားပါ့မယ် ဆိုတဲ့ အာမခံချက်လည်း ပါရမယ်ပေါ့နော်။
ကျောင်းတွေမှာ ကိုယ်ပိုင် လွတ်လပ်ခွင့်ရှိတဲ့ ကျောင်းကောင်စီ အသီးသီးတွေ ပေါ်ဖို့ပေါ့။ ဒီပညာရေးဥပဒေထဲမှာ အာမခံချက် ပေးထားရမယ်။ အဲ့ဒီ့တော့ ပညာရေးဥပဒေတခုမှာ လိုအပ်ချက်တွေပေါ့ ဘာတွေ လိုအပ်တယ်ဆိုတာကို ဆွေးနွေးတာပါ။
ဥပဒေတခုမှာ အာမခံချက် ပေးမထားပဲနဲ့ နည်းဥပဒေရောက်မှ ထည့်မယ်ဆိုတာဟာ ဥပဒေဘောင်ကို ကျော်လွန်ရာ ရောက်တယ်။ အဲ့တာကြောင့်မို့လို့ အစကတည်းက ဥပဒေထဲမှာ ထည့်သွင်းပေးထားမှသာလျှင် နည်းဥပဒေကို ရေးဆွဲတဲ့နေရာမှာ စိတ်ချရတာပေါ့နော်။ ဒါကြောင့်မို့ အမျိုးသားပညာရေး ဥပဒေမှာ နိုင်ငံတော်အစိုးရ လုပ်မယ့် သူတွေရဲ့ တာဝန်ခံ ကတိကို သေချာစေဖို့ပေါ့နော်။ ကတိခံဝန်ချက်တွေ ပါဖို့ ကို ဆွေးနွေးဖြစ်ကြတာပါ။
ပြဋ္ဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေဟာ အများပြည်သူ၊ ကျောင်းသား၊ ဆရာတွေရဲ့ သဘောဆန္ဒ မပါပဲနဲ့ ဗဟိုချုပ်ကိုင်မှု နဲ့ ပြဋ္ဌာန်းခဲ့တာဖြစ်တယ်ဆိုတာ ပညာရှင်တွေရဲ့ သုံးသပ်ဆွေးနွေးမှု အများပြည်သူ သိရှိနားလည်နိုင်ဖို့ သပိတ်မှောက် ကျောင်းသားတွေက အခုလို ဆောင်ရွက်တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ကိုမင်းသွေးသစ်က အခုလိုရှင်းပြပါတယ်။
" ဒီပညာရှင်တွေဟာ ဆိုလို့ရှိရင် ဒီအစိုးရဘက်ကလည်း မဟုတ်ဘူး။ နောက် နိုင်ငံရေးပါတီတွေ ဘက်ကလည်း မဟုတ်ဘူး။ သူတို့တွေဟာ ကြားမှာ ရှိတဲ့ လက်ရှိ လွတ်လပ်တဲ့ ပညာရှင်တွေပေါ့။ အဲ့တော့ သူတို့ရဲ့ ဝေဖန်တဲ့ အချက်ကတော့ ဘယ်ဘက်ကိုမှ မလိုက်ပဲနဲ့ ပညာရှင်ဆန်တဲ့ ဝေဖန်မှုမျိုးတွေ အမျိုးသားပညာရေးဥပဒေကို လုပ်ကြတယ်။ အဲ့တော့ သူတို့တွေက ဒီဥပဒေဟာ တကယ်တမ်းကောင်းမွန်တဲ့ ပညာရေးစနစ်တခုကို သွားဖို့အတွက်ကို လိုအပ်ချက် အများကြီး ရှိနေတယ် အစ မကောင်းတဲ့ ဥပဒေလို့ သူတို့တွေက ပွင့်ပွင့်လင်းလင်း ဝေဖန်သွားပါတယ်။"
သမ္မတ လက်မှတ်ရေးထိုးပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို သဘောမတူ လက်မခံဘူးဆိုပြီးတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (တကသ) က ကျောင်းသားတွေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ရက်ပေါင်း(၆၀) အတွင်း ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ တောင်းဆိုထားချိန်နဲ့ တပြိုင်နက်တည်း မှာပဲ ကျောင်းသားတွေက ရန်ကုန်၊ မန္တလေးနဲ့ အထက်မြန်မာပြည် ခရိုင်တွေမှာ သပိတ်မှောက် ဆန္ဒပြလှုပ်ရှားမှုတွေနဲ့အတူ ပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ ရှင်းလင်းဟောပြောပွဲတွေကို ဆက်တိုက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။