သြစတြေးလျနိုင်ငံမှာ ၁၁ နှစ်အတွင်း ၇ ယောက်မြောက် ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Scott Morrison က သူဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ အနေနဲ့ လူထုကမျှော်လင့်တဲ့ တည်ငြိမ်မှုတွေရအောင် ကြိုးပမ်းမယ့်အကြောင်း ကတိပြုပြောဆိုလိုက်ပါတယ်။
ဒီနေ့မနက် မဲခွဲရွေးချယ်ပြီး နောက်မှာပဲ ၀န်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို တာဝန်ယူခဲ့တာပါ။ အစိုးရယန္တယား ပုံမှန်အတိုင်း လည်ပတ်နေကြောင်း သြစတြေးလျလူထုကို အာမခံစကား ပြောကြား ခဲ့ပြီး ၀န်ကြီးချုပ်သစ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ၀န်ကြီးချုပ်ဟောင်း Malcolm Turnbull ကို အာဏာရ လစ်ဘရယ်ပါတီတွင်းက ဆန့်ကျင်ရာက နိုင်ငံရေးပြဿနာတွေ ပေါ်ခဲ့တာတွေကို ရှောင်ရှားဖို့လည်း ကြိုးစားခဲ့ပါတယ်။
ဒီနေ့ မဲခွဲရာမှာတော့ ပြည်ထဲရေးဝန်ကြီး Peter Dutton ကို ၄၅ မဲ ၄၀ နဲ့ အနိုင်ရလိုက်သလို ပထမ တကြိမ် မဲခွဲရာမှာလည်း နိုင်ငံခြားရေးဝန်ကြီး Julie Bishop ကို အနိုင်ရခဲ့တာပါ။ ဘဏ္ဍာရေး ၀န်ကြီးဟောင်းကနေ ၀န်ကြီးချုပ်သစ် ဖြစ်လာတဲ့ Morrison ကတော့ အစိုးရရဲ့ မူဝါဒတွေ အပြောင်း အလဲလုပ်ဖို့ ရှိမရှိ မေးမြန်းမှုကိုတော့ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်း Turnbull ကတော့ ၀န်ကြီးချုပ်သစ် ရွေးချယ်ရာမှာ ပြန်လည်မပါဝင်တော့ဘဲ ရာထူးကရော နိုင်ငံရေးကပါ ထွက်မှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။
၂၀၁၉ မေလထဲမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ မတိုင်ခင် ကွန်ဆာဗေးတစ် ၀ါဒီ အစိုးရတွင်းက နိုင်ငံရေး တိုက်ပွဲတွေဟာလည်း ၀န်ကြီးချုပ်သစ် ရွေးချယ်လိုက်တဲ့အတွက် အဆုံးသတ်သွားပါတယ်။ ၁၁ နှစ်ဆက်တိုက် ၀န်ကြီးချုပ်တာဝန်ယူခဲ့တဲ့ John Howard ၂၀၀၇ ခုနှစ်မှာ တာဝန်က အနားယူခဲ့ပြီးနောက်ပိုင်း သြစတြေးလျမှာ နိုင်ငံရေး မတည်မငြိမ် အခြေအနေ တွေ ကြုံခဲ့ရတာပါ။ ၀န်ကြီးချုပ် Howard နောက်ပိုင်း ၀န်ကြီးချုပ် ၆ ယောက် တာဝန်ယူခဲ့ပေမဲ့ ၀န်ကြီးချုပ် ၃ နှစ်သက်တမ်းအပြည့် တာဝန်ယူခဲ့ရသူတော့ တယောက်မှ မရှိခဲ့ပါဘူး။ ပါတီတွင်း နိုင်ငံရေးပြဿနာတွေကြောင့် လက်ရှိအာဏာရ လစ်ဘရယ်ပါတီနဲ့ လေဘာပါတီတို့ အပြန်အလှန် အာဏာရခဲ့ကြတာ ဖြစ်ပါတယ်။