သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးတွေ ရေပိုင်နက်ပြဿနာ ဆွေးနွေး


အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel (ညာ) နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Kwan-jin (ဘယ်) တို့ ဘရုနိုင်းမှာ ကျင်းပတဲ့ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးများ စည်းဝေးပွဲ ဘေးပန်းမှာ သီးခြားတွေ့ဆုံစဉ် (၂၈ သြဂုတ် ၂၀၁၃)
အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel (ညာ) နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Kwan-jin (ဘယ်) တို့ ဘရုနိုင်းမှာ ကျင်းပတဲ့ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးများ စည်းဝေးပွဲ ဘေးပန်းမှာ သီးခြားတွေ့ဆုံစဉ် (၂၈ သြဂုတ် ၂၀၁၃)
အာဆီယံ ကာကွယ်ရေးဝန်ကြီးများနဲ့ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးများရဲ့ စည်းဝေးပွဲကို ဘရုနိုင်းနိုင်ငံ Bandar Seri Begawan မြို့တော်မှာ ဒီကနေ့ စတင်ပါတယ်။ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတွေအပြင် အာရှ-ပစိဖိတ်ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ကာကွယ်ရေး ဝန်ကြီးတွေလည်း တက်ရောက်ကြတဲ့ စည်းဝေးပွဲမှာ တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက် အငြင်းပွားမှု ပြဿနာကိစ္စကို အဓိကထား ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ရေပိုင်နက် အငြင်းပွားမှုကြောင့် ပဋိပက္ခမဖြစ်အောင် တားဆီးနိုင်ရေးအတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းတွေကို တရုတ်ဘက်က ညှိနှိုင်းဆွေးနွေးအောင် ပူးပေါင်း တိုက်တွန်းမယ်လို့ အာဆီယံဝန်ကြီးတချို့က ဒီစည်းဝေးပွဲ မစခင်ထဲက သဘောတူထားကြပါတယ်။

စည်းဝေးပွဲတက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂယ်လ် (Chuck Hagel) ဟာ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် အပြင် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် စတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ စည်းဝေးပွဲ ဘေးပန်းမှာ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။
ဒေသတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အပြောင်းအလဲ တစုံတရာ ရှိလာပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရနဲ့ သံတမန်ရေးအပြင် စစ်ရေးအရ ဆက်ဆံမှုတွေ ပြန်ပြီးလုပ်လာနေတာပါ။

ပြန်လည် စတင်တဲ့ စစ်ရေးဆက်ဆံမှုပိုင်းမှာ လူ့အခွင့်အရေးနဲ့ ကျင့်ဝတ်စည်းကမ်းတွေ မြန်မာစစ်တပ်က လေးစားလိုက်နာဖို့ အမေရိကန်ဘက်က တိုက်တွန်းပြောနေပါတယ်။ အမေရိကန် ပြည်ထောင်စုက ကျန်နေသေးတဲ့ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေတွေအရလည်း မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အကန့်အသတ်တွေက ရှိနေဆဲ ဖြစ်ပါတယ်။
XS
SM
MD
LG