သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဘော်လီဘော အသင်း ဆီးဂိမ်းမှာ ပွဲဦးထွက် အနိုင်ရ


အာဆီယံအားကစားပွဲ ဒေါ်အောင်ဆန်းစုကြည် လာရောက်အားပေး (ဒီဇင်ဘာ ၁၃၊ ၁၃)
အာဆီယံအားကစားပွဲ ဒေါ်အောင်ဆန်းစုကြည် လာရောက်အားပေး (ဒီဇင်ဘာ ၁၃၊ ၁၃)
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေကို သောကြာနေ့က ၁၀ ရက်မြောက်နေ့ အဖြစ်နဲ့ ဆက်လက် ယှဉ်ပြိုင်ကစားနေတာမှာ ပြိုင်ပွဲတွေက ပိုပြီးတော့ အကြိတ်အနယ် ရှိလာနေပြီး၊ မြန်မာက ဆုတံဆိပ်အများဆုံးနဲ့ ပြိုင်ပွဲကို ဆက်ပြီး ဦးဆောင်နေပါတယ်။ ဒါ့အပြင် သောကြာနေ့က ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌလည်းတက်ရောက် အားပေးကြည့်ရှုခဲ့ သလို၊ ထိုင်းဘုရင့်ရဲ့ မြေးတော်လည်း ဝင်ရောက် ယှဉ်ပြိုင် သွားခဲ့ပါတယ်။ မြန်မာအသင်းအနိုင်ရသွားတဲ့ ဘော်လီဘောပွဲတွေ
အပါအဝင် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံး အခြေအနေတွေကို ကိုရန်နိုင်က စုစည်း တင်ဆက်ပေးထားပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့က ဆီးဂိမ်းပြိုင်ပွဲတွေမှာတော့ မြန်မာက ဆုတံဆိပ် အများဆုံးနဲ့ ထိပ်ဆုံးမှာ ရှိနေပေမဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား နဲ့ ထိုင်းနိုင်ငံတို့ကလည်း ရွှေတံဆိပ်တွေ ရလာတာကြောင့် အတော်လေးကို အကြိတ်အနယ်ဖြစ်လာနေပြီလို့ ဆိုရမှာပါ။ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီလောက် အထိ နောက်ဆုံးသိရသလောက် အနေအထားမှာ မြန်မာက ရွှေ ၂၆ ခု၊ ငွေ ၂၅ ခု နဲ့ ကြေး ၂၀ ရထားပါတယ်။

ဒုတိယနေရာမှာ ရှိတဲ့ ဗီယက်နမ်နိုင်ငံကတော့ ရွှေ ၂၂ ခုအထိ တက်လာသလို၊ အင်ဒိုနီးရှားက အခု ၂၀ နဲ့ ၊ ထိုင်းက ၁၈ ခုအထိ တက်လာပါတယ်။
မြန်မာက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကရာတေး အမျိုးသမီးအဖွဲ့လိုက် ခတ္တ ပြိုင်ပွဲ၊ အမျိုးသား ပန်ဆတ်စီလတ် အပြ နဲ့ ကနူးအမျိုးသမီး WK4 မီတာ ၂၀၀ အပါအဝင် ရွှေတံဆိပ် ၅ ခု ထပ်ရခဲ့ပါတယ်။

ဒီကနေ့ ကစားသွားတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း မြင်းအလှစီးပြိုင်ပွဲ နဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲကို သွားရောက် အားပေးတာကိုလည်း တွေ့ခဲ့ရပါတယ်။ ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသမီးအသင်းလိုက်မှာတော့ ထိုင်းက မြန်မာအသင်းကို အနိုင်ရသွားတာကြောင့် မြန်မာအမျိုးသမီးအသင်းက ငွေတံဆိပ်ပဲရခဲ့ပါတယ်။

ဒါ့အပြင် မြင်းအလှစီးပြိုင်ပွဲမှာတော့ ထိုင်းဘုရင် ရဲ့ မြေးတော်လည်း ဝင်ရောက်ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဘော်လီဘောပြိုင်ပွဲတွေကို ဒီကနေ့မှာ စတင်ကစားတာမှာ မြန်မာက အမျိုးသားဘက်မှာရော၊ အမျိုးသမီးဘက်မှာပါ အနိုင်ရသွားပါတယ်။
မြန်မာဘော်လီဘောအသင်း ယှဉ်ပြိုင်နေစဉ်။ ( ဒီဇင်ဘာ ၁၃၊ ၁၃) သတင်းဓာတ်ပုံ- ခိုင်လွင်သန်း
မြန်မာဘော်လီဘောအသင်း ယှဉ်ပြိုင်နေစဉ်။ ( ဒီဇင်ဘာ ၁၃၊ ၁၃) သတင်းဓာတ်ပုံ- ခိုင်လွင်သန်း
အမျိုးသားဘက်မှာ မြန်မာက ကမ္ဘောဒီးယားကို ၃ ပွဲပြတ်နဲ့ အနိုင်ရသွားသလို၊ အမျိုးသမီးဘက်မှာလည်း မြန်မာက မလေးရှားကို ၃ ပွဲ ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီကနေ့ ကစားသွားတဲ့ပွဲအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသားအသင်းရဲ့ လက်ထောက်နည်းပြ ဦးညီညီလွင်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ အခုလိုပြောပါတယ်။

လက်ထောက်နည်းပြ ဦးညီညီလွင်-
" အမျိုးသမီးက မလေးရှားနဲ့ကစားတယ်။ မြန်မာအမျိုးသမီးက 3-0 နဲ့ နိုင်ပါတယ်။ အမျိုးသားက ကမ္ဘောဒီးယားနဲ့ ကစားပါတယ်။ 3-0 နဲ့ပဲ နိုင်ပါတယ်။"

ကိုရန်နိုင်- ဟုတ်ကဲ့။ ဒီနေ့ကစားသွားတဲ့ အနေအထားအပေါ်မှာရော ဦးညီညီလွင် အနေနဲ့ အားရကျေနပ်မှုရှိရဲ့လား။

လက်ထောက်နည်းပြ ဦးညီညီလွင်-
" ဒီနေ့ကစားသွားတာ ကျနော်တို့အသင်းအနေနဲ့ အားရကျေနပ်မှုရှိပါတယ်။ ကစားတာကောင်းပါတယ်။

ကိုရန်နိုင်- မြန်မာဘော်လီဘောအသင်းရဲ့ အလားအလာ ဘယ်လိုရှိပါသလဲ။ ဦးညီညီလွင်တို့ အနေနဲ့ ဒီပွဲမှာ ဘယ်လောက်အထိ မှန်းထားပါသလဲ။

လက်ထောက်နည်းပြ ဦးညီညီလွင်-
"ကျနော်တို့ အမျိုးသမီးအသင်း အနေနဲ့ကတော့ အမြင့်ဆုံး တတိယဆုကိုပဲ မှန်းနိုင်ပါတယ်။ မိန်းကလေးက ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ ဒီအသင်းတွေက ပိုတောင့်တယ် ခင်ဗျ။ တတိယလုပွဲအနေနဲ့က အင်ဒိုနဲ့မြန်မာပဲ တတိယလုရမယ်ဗျ။"

ကိုရန်နိုင်- မြန်မာအသင်းအနေနဲ့ ဗိုလ်လုပွဲ ရောက်နိုင်တဲ့အနေအထားမျိုး မရှိဘူးလား။ အမျိုးသမီးဘက်မှာ။

လက်ထောက်နည်းပြ ဦးညီညီလွင်-
"လက်ရည်ကတော့ ကွာတယ်ခင်ဗျ။ မိန်းကလေးအနေနဲ့ ကျနော်တို့ အမြင့်ဆုံးအနေနဲ့ တတိယဆုပဲ မှန်းနိုင်ပါတယ်ခင်ဗျ။"

ကိုရန်နိုင်- အမျိုးသားဘက်မှာရော ဦးညီညီလွင်တို့ ဘယ်လောက်အထိ မှန်းထားပါသလဲ။

လက်ထောက်နည်းပြ ဦးညီညီလွင်-
" အမျိုးသားအနေနဲ့က ဖိုင်နယ်ရောက်အောင်အထိ ကြိုးစားပါတယ်။"

ကိုရန်နိုင်- ဒီနေ့ပြိုင်ရမယ့်အဓိကအသင်းက ဘယ်အသင်းဖြစ်မလဲခင်ဗျ။

လက်ထောက်နည်းပြ ဦးညီညီလွင်-
" ကျနော်တို့ အရှေ့တောင်အာရှမှာ နိုင်ငံတွေအနေနဲ့က အမျိုးသားက ထိုင်းရှိမယ်။ အင်ဒိုနီးရှားရှိမယ်။ ဗီယက်နမ်၊ ကျနော်တို့ မြန်မာရယ်၊ ဒီလေးသင်းကတော့ နှစ်စဉ် ဒါပြိုင်ဖက်တွေပါပဲ။"

မြန်မာအမျိုးသားဘော်လီဘော အသင်းကစားသွားတာနဲ့ ပတ်သက်ပြီး မြန်မာ လက်ရွေးစင် ကစားသမား နဲ့ နည်းပြဟောင်း ဦးစိုးသိန်း သုံးသပ်တာကတော့-

" ဒီနေ့ ကစားသွားတဲ့အနေအထားကတော့ သာမာန်အဆင့်လောက်ပဲပေါ့လေ။ အမှားတော့ နည်းတယ်။ ဒါပေမဲ့လည်း ကမ္ဘောဒီးယားလို အသင်းမျိုးကို အဲ့ဒီ့အတိုင်း လိုက်ကစားတဲ့သဘောမျိုး ဖြစ်တော့ အမှတ်က တအားတော့ မပြတ်ဘူး။ သိပ်တော့ အားမရဘူးပေါ့။ ဒီ့ထက်ပိုပြီးတော့ ပြတ်သင့်တာပေါ့။ ကမ္ဘောဒီးယားကို။"

ဆီးဂိမ်းဘော်လီဘော အမျိုးသားပြိုင်ပွဲမှာ မြန်မာက အုပ်စု A မှာ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ အသင်းတို့ နဲ့ ကစားရမှာဖြစ်ပြီး၊ အုပ်စု B မှာတော့ လာအို၊ ဗီယက်နမ် နဲ့ အင်ဒိုနီးရှားတို့ ကစားကြမှာပါ။ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ မှာတော့ အိမ်ရှင်မြန်မာအသင်း အပါအဝင်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား နဲ့ အင်ဒိုနီးရှား အသင်း ၅ သင်း ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ ၊ ပတ်လည် ကစားကြမှာဖြစ်ပါတယ်။ အဲဒီထဲက အမှတ်အများဆုံး ၂ သင်းက ဗိုလ်လုပွဲကစားကြမှာဖြစ်ပြီး၊ တတိယ နဲ့ စတုတ္ထရတဲ့ ၂ သင်းက တတိယနေရာ ပြန်ကစားကြမှာဖြစ်ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲတွေကို အခုလိုမြန်မာနိုင်ငံမှာ ပြန် ကျင်းပတာကြောင့်၊ မြန်မာနိုင်ငံ မှာ နောက်ဆုံးအကြိမ်ကျင်းပခဲ့တဲ့ ၁၉၆၉ ကျွန်းဆွယ်အားကစားပြိုင်ပွဲတုန်းက အခြေအနေတွေကို ပြန်လည်အမှတ်ရစေခဲ့တယ်လို့လည်း ၆၉ ကျွန်းဆွယ် ရွှေတံဆိပ်ဆုရှင် ဒေါ်ဘေဘီက ပြောပါတယ်။

"အရင်တုန်းက ဘဝ ပြန်ရောက်သွားသလိုပဲ၊ ကစားသမားတွေ ကစားနေတာ ကိုယ် ကိုယ်တိုင် ကစားချင်စိတ်ပေါက် လာတယ်။ အဲ့လိုမျိုးပေါ့။ အားပေးတယ် အော်ဖြစ်တယ်။ လက်ခုပ်တီးတယ်။ အဲ့လိုမျိုး စိတ်တွေက မာန်တက်သွားတာပေါ့။ ပြန်မြင်လာတဲ့အခါကျတော့ အဲ့ဒီ့အသံတွေ၊ ခရာသံတွေ ၊ အားကစားသမားတွေ အော်သံတွေ ကြားတဲ့အခါ ကျတော့ ပြန်သတိရ လာတာပေါ့။ လွန်ခဲ့တဲ့ နှစ် ၄၀ကို ပြန်သတိရလာတာပေါ့။

ဘောလုံးပြိုင်ပွဲတွေမှာတော့ မလေးရှားက လာအိုကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်သွားသလို၊ စင်ကာပူကလည်း ဘရူနိုင်းအသင်းကို ၂ ဂိုး ဂိုး မရှိ နဲ့ အနိုင်ရသွားပါတယ်။ အမျိုးသမီးဘောလုံးပွဲတွေ ဘက်မှာတော့ ဗီယက်နမ်က ဖိလစ်ပိုင်ကို ၇ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။
XS
SM
MD
LG