သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်သစ် ခေါ်ယူနိုင်ရေး ပြင်ဆင်မှုတွေ စတင်


သူရဦးရွှေမန်း ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ။ (ဇန်နဝါရီလ၊ ၁၄၊ ၂၀၁၆)
သူရဦးရွှေမန်း ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ။ (ဇန်နဝါရီလ၊ ၁၄၊ ၂၀၁၆)

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပမယ့် ဒုတိယအကြိမ်လွှတ်တော် သက်တမ်း အတွက် ပြင်ဆင်မှုတွေ စတင်နေပြီလို့ ပြည်ထောင်စု လွှတ်တော်က တာဝန်ရှိသူ တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီများ အစည်းအဝေးခေါ်ယူပြီး လွှတ်တော် အမတ်တွေရဲ့ လုံခြုံရေးနဲ့ နေရေးထိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဖို့ စီစဉ်ခဲ့တာပါ။ VOA သတင်းထောက် မသိင်္ဂ ီလင်းက စုံစမ်းတင်ပြထားပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းမှာ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်း ဦးဆောင်ပြီး ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော် ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင် ကျင်းပတော့မယ့် လွှတ်တော်သစ် အတွက် ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးမှာ လွှတ်တော် အမတ်သစ်တွေ အတွက် လုံခြုံရေးနဲ့ နေရေးထိုင်ရေး အတွက် ပြင်ဆင်မှုတွေ အကြောင်း ဆွေးနွေးခဲ့တယ် လို့ ပြည်ထောင်စု လွှတ်တော်ရုံးက ဦးတင်ဝက အခုလိုပြောပါတယ်။

" ကျေျနာ်တို့ လုံခြုံရေးကိစ္စတွေ၊ လာလို့ရှိရင် တည်းခိုရေး ကိစ္စတွေ ဒါတွေကို ကြိုလုပ်ရင် အဆင်ပြေအောင်လို့ ကြိုလုပ်တဲ့ အစည်းအဝေးပါပဲ။ ဝန်ကြီးတွေကလည်း သူတို့ဆောင်ရွက်ထားတဲ့ဟာတွေ တင်ပြကြတာပေါ့။"

လက်ရှိပထမအကြိမ်လွှတ်တော် အစည်းအဝေးတွေမပြီးခင် တစ်ပတ်လောက်မှာ ကိုယ်စားလှယ် အသစ်တွေကို ကြိုတင်ခေါ်ယူထားတာကြောင့် ကိုယ်စားလှယ် အရေအတွက် များတဲ့အတွက် နေရေးထိုင်ရေး ကြိုတင်စီစဉ်ရတာဖြစ်တယ်လို့ ဦးတင်ဝက အခုလိုဆက်ပြောပါတယ်။

" ကျနော်ခေါ်ထားတာက အခုဟာက ဘာလဲဆိုတော့ ဒီမှာ လက်ရှိ လွှတ်တော်တက်နေတဲ့ ကိုယ်စားလှယ်တွေ တက်နေတာ မပြီးခင်မှာ ၂၅၊ ၂၆ ခေါ်ထားတာဆိုတော့လေ အဲ့အချိန်မှာ ထပ်နေတော့ အခု ကိုယ်စားလှယ်တွေက လောလောဆယ် စည်ပင်ရိပ်သာဆိုလို့ရှိရင် လက်ရှိတည်းနေတဲ့ ကိုယ်စားလှယ်တွေထက် ကိုယ်စားလှယ် အရေအတွက်က များတော့ အဲ့တာတွေကို ကြိုတင်ပြင်ဆင်နိုင်အောင်လို့ပါ။"

အစည်းအဝေး တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ဒေါက်တာဇော်မြင့်မောင် ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ က ပြီးပြည့်စုံအောင် ပြင်ဆင် ထားပေးတယ်လို့ အခုလို ပြောပါတယ်။

" ဝင်လာမယ့် လွှတ်တော် ကိုယ်စားလှယ်က လေးရာကျော်လောက် ရှိတာကိုး။ အသစ်ရောက် လာမယ့် ဟာတွေက ။ သူတို့အတွက် စစီစဉ်ကတည်းက တည်းဖို့ ခိုဖို့ အစီအစဉ်ပေါ့နော်။ ဘယ်နေရာမှာ အစီအစဉ်ချထားမလဲ။ လွှတ်တော်ကို သွားဖို့ ဘယ်လို သယ်ယူပို့ဆောင်ရေး လုပ်မလဲ။ အစားအသောက် မနက်စာ ၊ ညစာ၊ ဘရိတ်ဖတ်စ် အပါအဝင်ပေါ့။ နောက် ကျန်းမာရေးအတွက် အဲ့ဒီ့ဟာတွေ အကုန်လုံးပါပဲ။ ကျနော်တို့က သူဆွေးနွေးတာ နားထောင်တာပေါ့နော်။ နောက် အသစ် ဒုတိယ အကြိမ်မြောက် အစည်းအဝေးမှာ ဘာတွေ လိုအပ်ချက်ရှိသလဲ။ သူတို့လုပ်တဲ့ဟာတွေကို ကျနော်တို့က နားထောင်ရုံပါပဲ။ ပြီးပြည့်ပြည့်စုံစုံ လုပ်ထားလိုက်တော့ ဘာမှ ဆွေးနွေးစရာ မရှိပါဘူး။"

ဒီကနေ့ မနက် ၈ နာရီခွဲကနေ တစ်နာရီကြာကျင်းပခဲ့တဲ့ ဒီဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီများ အစည်းအဝေးကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယကဦးနန္ဒကျော်စွာ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းတို့ အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ ပြည်ထောင်စု လွှတ်တော်ရုံးက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပတာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းရမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG