သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအကြိမ် မဲစာရင်း နှစ်ပတ်အတွင်း ပြင်ဆင်ချက် လျှောက်နိုင်


ဒုတိယအကြိမ်ထုတ်ပြန်သော မဲစာရင်းလာကြည့်သူ တစ်ဦး။ (စက်တင်ဘာ ၁၄၊ ၂၀၁၅)
ဒုတိယအကြိမ်ထုတ်ပြန်သော မဲစာရင်းလာကြည့်သူ တစ်ဦး။ (စက်တင်ဘာ ၁၄၊ ၂၀၁၅)

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် ထုတ်ပြန်လိုက်တဲ့ မဲစာရင်းတွေကို ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့က စပြီး ရပ်ကွက်ကျေးရွာမှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေနဲ့ ဓမ္မာရုံတို့မှာ ၂ ပတ်တာ ကြေညာသွားမှာဖြစ်ပါတယ်။ အသက် ၁၈ နှစ် ပြည့် သူတိုင်း မဲပေးနိုင်အောင် အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ မဲစာရင်းကို သွားရောက်ကြည့်ရှုကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေက တိုက်တွန်းနေကြပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်က တင်ပြပေးထားပါတယ်။

ဒုတိယအကြိမ်ထုတ်ပြန်သော မဲစာရင်းလာကြည့်သူ တစ်ဦး။ (စက်တင်ဘာ ၁၄၊ ၂၀၁၅)
ဒုတိယအကြိမ်ထုတ်ပြန်သော မဲစာရင်းလာကြည့်သူ တစ်ဦး။ (စက်တင်ဘာ ၁၄၊ ၂၀၁၅)

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ဒုတိယအကြိမ် မဲစာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ကစပြီး စက်တင်ဘာလ ၂၇ ရက်နေ့အထိ ရက်သတ္တပတ် ၂ ပတ်ကြာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်ရုံးတွေနဲ့ ဓမ္မာရုံတို့မှာ ကြေညာထားတာပါ။ နောက်ဆုံးအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းဖြစ်တာကြောင့် လူအတော် များများ စိတ်ဝင်တစား လာရောက်ကြည့်ရှုနေကြပါတယ်။

ကိုသွင်ဟိန်း (မဲစာရင်းလာရောက်ကြည့်ရှုသူ ) ။ ။ “မဲစာရင်းကတော့ ကျနော်တို့မိသားစု အကုန်လုံးတော့ပါတယ်ပေါ့။ ဒါပေမယ့် တချို့ကျတော့ ပါပေမယ့် နေရာပြောင်းတဲ့အနေအထားရှိတော့ သန်းကောင်စာရင်းတွေအနေနဲ့တော့ မဲထဲမပါဘူး။ အဲဒါကြောင့်မို့လို့ ဒီမှာပြန်လာကြည့်ပြီးတော့ မဲစာရင်းပြန်ဖြည့်ရတာပေါ့။”

မေး။ ။ မဲစာရင်း ဘာကြောင့်များ လာကြည့်ဖြစ်တာလဲခင်ဗျ။

ကိုသွင်ဟိန်း။ ။ ကျနော် မဲထည့်ချင်လို့ပါ။ ကျနော်တို့နိုင်ငံကောင်းဖို့အတွက် လုပ်ပေးမယ့် လူတစ်ယောက်ယောက်ကို ကျနော်တို့က ဖြစ်စေချင်တဲ့ဆန္ဒပေါ့။ ကျနော်တို့နိုင်ငံ တိုးတက်စေချင်တဲ့ဆန္ဒနဲ့ ကျနော် မဲလာထည့်တာပါ။

မကြည်ဌေးဝင်း (မဲစာရင်း လာရောက်ကြည့်ရှုသူ ) ။ ။ “အမက မဲစာရင်းကိုလာကြည့်တယ်ဆိုတာ အမတို့ နာမည်ပါလား၊ မပါလားကို လာကြည့်တာလေ။ နာမည်မပါရင်လည်း ကြိုပြီးတော့ ပြောရအောင်လို့ဆိုပြီး လာကြည့်တာ။”

မဲစာရင်းကို လာရောက်ကြည့်ရှုကြသူတွေဖြစ်တဲ့ ကိုသွင်ဟိန်းနဲ့ မကြည်ဌေးဝင်းတို့ ပြောဆိုသွားခဲ့တာပါ။

မဲစာရင်းကို လာရောက်ကြည့်ရှုသူအများစုဟာ လူလတ်ပိုင်းတွေနဲ့ လူကြီးပိုင်းတွေပဲဖြစ်ကြပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ပထမဆုံး မဲပေးကြရမယ့် လူငယ်အများစုကတော့ ဒီမဲစာရင်းကို စိတ်ဝင်စားမှု မရှိကြပါဘူး။ အလုပ်တွေနဲ့ ဗျာများနေတာကြောင့် အရင်တစ်ခေါက် အခြေခံမဲစာရင်းကိုလည်း သွားရောက်မကြည့်ခဲ့သလို ဒီတစ်ခေါက်မှာလည်း မကြည့်ရသေးဘူးလို့ လူငယ်တစ်ယောက်ဖြစ်သူ ကိုမျိုးကိုကိုက ဖွင့်ဟပါတယ်။

“ကျနော်မကြည့်ဖြစ်ဘူးခင်ဗျ။”

မေး။ ။ ဘာကြောင့်များ မကြည့်ဖြစ်တာပါလဲခင်ဗျ။

ဖြေ။ ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် အလုပ်မအားတာလည်းပါတယ်ဗျ။ ပြီးတော့ ကျနော် သိပ်လည်း စိတ်မဝင်စားလို့လည်းပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်က ပထမဆုံးထုတ်ပြန်တဲ့ အခြေခံမဲစာရင်းမှာ လမ်းအလိုက် ကြေညာထားပေမယ့် အခုတစ်ခေါက်မှာတော့ အိမ်နံပါတ်အလိုက် ကပ်ထားတာကြောင့် ရှာဖွေရတာ အခက်အခဲဖြစ်တယ်လို့ မြေနီကုန်းတောင်ရပ်ကွက်က ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကံညွှန့်က ဗွီအိုအေကို ပြောပါတယ်။

“မဲစာရင်းတွေကို ပထမတခေါက်တုန်းက ကျနော်တို့က လမ်းအလိုက် မိသားစုစာရင်းကို ကြေညာထားပြီးတော့ ဒီတစ်ခေါက်မှာကတော့ အိမ်နံပါတ်အစဉ်အလိုက် ထားတဲ့အတွက်ကြောင့်မို့လို့ ဒီ အိမ်နံပါတ် (၁) ဆိုလို့ရှိရင် (၁)မှာရှိသော လမ်း (၁၆) လမ်းက လူတွေအကုန်လုံးပါတယ်။ အဲဒီတော့ အဲဒီဟာလေးတစ်ခု ထူးခြားပါတယ်။ ဒီမှာ (၁) ဆိုလို့ရှိရင် (၁) ချည့်ပဲ။ (၂) ဆိုလို့ရှိရင် (၂) ချည့်ပဲ။ (၃) ဆိုရင်လည်း (၃) ချည့်ပဲလာတယ်။ အဲဒီ (၁) ထဲမှာဆိုလို့ရှိရင် လမ်းပေါင်းစုံ ပါတာပါ။ (၂) ထဲမှာဆိုရင် လမ်းပေါင်းစုံပါတယ်။ အဲဒီဟာလေးတချက် ထူးခြားမှုဖြစ်ပြီးတော့ မဲစာရင်းရှာဖွေရတဲ့နေရာမှာ အဲဒါလေးတွေ နည်းနည်း တစ်ခု အခက်အခဲဖြစ်ပါတယ်။”

အခြေခံမဲစာရင်းမှာ အမှားအယွင်းအတော်လေး များခဲ့တာကြောင့် ပြည်သူတော်တော်များများက ဝေဖန်ခဲ့ကြပြီးတဲ့နောက် ဒုတိယအကြိမ် မဲစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂ လကျော်ကြာ အချိန်ယူပြင်ဆင်ပြီး ထုတ်ပြန်လိုက်တာပါ။ ဒါပေမဲ့ ဒီတစ်ခေါက် ထုတ်ပြန်တဲ့ မဲစာရင်းမှာလည်း အမှားအယွင်းအနည်းငယ် ရှိနေဆဲဖြစ်တယ်လို့ မဲစာရင်းလာရောက်ကြည့်ရှုသူ မဘေဘီမောင်က ဆိုပါတယ်။

“လာကြည့်တော့ အမ မပါဘူးလေ။ အဲဒါနဲ့ ဖြည့်စွက်တဲ့အထဲမှာကြည့်ဆိုတော့လည်း မပါဘူး။ နောက်တိုးတွေမှာလည်း အမ မပါဘူး။ အဲဒါနဲ့ ပုံစံ (၃) နဲ့ဖြည့်-ဆိုတော့ ပုံစံ (၃) စာရွက်တော့ အမကို ပေးပါတယ်။ နောက်ရက်ကျတော့ အမလည်း လာကြည့်တာ နောက်ကျတယ်လေ။ လာကြည့်တာနောက်ကျတော့ ပုံစံ (၃) ဖြည့်ပြီးတော့မှလာတဲ့အခါကျတော့ မဲစာရင်းပိတ်သွားပြီ-တဲ့။ အခုတခေါက်ပါသလားလို့ နောက်တစ်ခေါက် လာကြည့်တာ။ အခုတစ်ခေါက်လည်းမပါတော့ ထပ်ဖြည့်ရတယ်။”

မဲစာရင်းမှားယွင်းမှုတွေကို သက်ဆိုင်ရာ ကော်မရှင်ရုံးခွဲတွေမှာ စက်တင်ဘာလ ၂၇ ရက်နေ့နောက်ဆုံးထားပြီး ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်မဲစာရင်းမှာ နာမည်စာရင်း မပါဝင်ရင် ပုံစံ ၃ နဲ့ လျှောက်ထားကြရမှာဖြစ်ပြီး သေဆုံးတဲ့သူတွေအပါအဝင် မပါဝင်သင့်သူတွေ ပါနေရင် ပုံစံ ၄ နဲ့ ဖြစ်စေ၊ အချက်အလက်တွေ မှားယွင်းနေရင် ပုံစံ ၄ (ဂ) နဲ့ လျှောက်ထားကြရမှာဖြစ်ပါတယ်။ နောက်ဆုံးထုတ်ပြန်တဲ့ မဲစာရင်းဖြစ်တာကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်အောင် မဲစာရင်းသွားရောက် ကြည့်ရှုကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတို့က တိုက်တွန်းနေကြပါတယ်ခင်ဗျာ။

XS
SM
MD
LG