သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီးသစ် ဂျွန် ကယ်ရီ ရာထူးတာဝန်စတင်


နိုင်ငံခြားရေးဝန်ကြီးသစ် ဂျွန် ကယ်ရီ
နိုင်ငံခြားရေးဝန်ကြီးသစ် ဂျွန် ကယ်ရီ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် ဂျွန် ကယ်ရီ (John Kerry) ဟာ ဒီကနေ့ နိုင်ငံခြားရေးဌာနမှာ အမေရိကန်ပြည်ထောင်စုရဲ့ အဆင့်အမြင်ဆုံး သံတမန်တဦးအနေနဲ့ စတင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံးတာဝန်ယူတဲ့နေ့မှာပဲ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ လိုမယ်ဆိုတာကို မစ္စတာ ကယ်ရီ က ထောက်ပြသွား ပါတယ်။ နိုင်ငံခြားရေးဌာန ဗွီအိုအေသတင်းထောက် Scott Stearns သတင်းရေးသားပေးပို့ထားတာ ကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံး ရုံးစတက်တဲ့နေ့ ရုံးအရောက်မှာပဲ နိုင်ငံခြားရေးဝန်ကြီးသစ် ကယ်ရီ ကို နိုင်ငံခြားရေးဌာနဝန်ထမ်းတွေက ကြိုဆိုပါတယ်။ အဲ့ဒီမှာပဲ ကမ္ဘာကြီးကို ပိုပြီး ငြိမ်းချမ်းလုံခြုံတဲ့ ကမ္ဘာဖြစ်ဖို့ သမ္မတ အိုဘားမားရဲ့ ဆောင်ရွက်ချက်တွေကို သူ ဆက်လုပ်သွားမယ်လို့ ဝန်ထမ်းတွေကို ပြောလိုက်ပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သမ္မတရဲ့ အမျှော်အမြင်အပေါ် သံသယမရှိဘဲ ခင်ဗျားတို့ ကြိုးပမ်းခဲ့တာ တွေကြောင့် သမ္မတရဲ့လုပ်ငန်း ပြီးမြောက်မှုတွေဟာ ကမ္ဘာမှာ အမေရိကန်ရဲ့ဂုဏ်သိက္ခာ၊ အမေရိကန်ရဲ့အခန်းကဏ္ဍ နေရာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။”

အခုလို အမေရိကန်ဂုဏ်သိက္ခာတွေ အသိအမှတ်ပြုခံရပြီး သြဇာရှိလာတာကြောင့် ကမ္ဘာ့လူသားတွေ အတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးရာမှာ အထောက်အကူ ဖြစ်စေတယ်လို့ မစ္စတာ ကယ်ရီ က ပြောပါတယ်။

“ပဋိပက္ခတွေ အများအပြားရှိနေသေးတဲ့ ကမ္ဘာ၊ သတ်ဖြတ်မှုတွေ အများအပြား ရှိနေသေးတဲ့ ဒီကမ္ဘာမှာ ငြိမ်းချမ်းမှုရဖို့ ကျနော်တို့ ကြိုးစားနေတာပါ။ ဒီလို ငြိမ်းချမ်းရေးရဖို့ တခြားနည်းလမ်းတွေ ရှိပါတယ်။ လူတွေကို ဆင်းရဲမွဲတေမှု ဝဲဂယက်ကနေ ကယ်ထုတ်ရပါတယ်။ ရောဂါဘယတွေကို ကုသပေးဖို့ ကြိုးပမ်းရပါတယ်။ လူ့အခွင့်အရေးတွေ လေးစားလိုက်နာမှုနဲ့ လူတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရပါတယ်။ အသံတိတ်နေရသူတွေ ဖွင့်ဟပြောဆိုလာအောင် ဆောင်ရွက်ရပါတယ်။”

သမ္မတအိုဘားမားရဲ့ ပထမသက်တမ်းအတွင်း ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင်မျိုး လူ့အခွင့်အရေးကိစ္စတွေကို အာရုံစိုက်လုပ်ခဲ့ပါတယ်။ မစ္စတာ ကယ်ရီ ဟာ နိုင်ငံခြားရေးဝန်ကြီးတာဝန်နဲ့ ဒါမျိုးတွေ ပိုလုပ်ဆောင်နိုင်လိမ့်မယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ဝါရှင်တန်ရုံး ဒုတိယညွှန်ကြားရေးမှူး ဆာရာ မာဂွန်း (Sarah Margon) က ပြောပါတယ်။

“ပိုပြီး ပြည့်ပြည့်စုံစုံ ဆောင်ရွက်လာနိုင်မှာ အသေအချာပါ။ သမ္မတ အိုဘားမားရဲ့ နောက်တကြိမ် သမ္မတသက်တမ်းမှာ လူ့အခွင့်အရေးကို ပိုပြီး အာရုံစိုက်လာတာမျိုး မြင်ချင်ပါတယ်။ အထူးသဖြင့် အစိုးရက တာဝန်ယူဖြေရှင်းကိုင်တွယ်နေရတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာပါ။”

မစ္စတာ ကယ်ရီ ဟာ မြန်မာ့အရေးမှာ စိတ်ဝင်စားသူ တတ်ကြွသူလို့လည်း လူသိများပါတယ်။ အထက်လွှတ်တော်အမတ်အဖြစ်နဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးသလို၊ မြန်မာ့ဒီမိုကရေစီရေး အတွက် အထက်လွှတ်တော်မှာ တတ်တတ်ကြွကြွ ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းအပြီး မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်ရေးအတွက် ဥပဒေကြမ်းကိုလည်း အထက်လွှတ်တော်မှာ ကမကထပြု တင်သွင်းခဲ့သူပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တွေ့လာရတော့လည်း၊ ဒီအပြောင်းအလဲတွေကို အားဖြစ်စေအောင် အမေရိကန်အနေနဲ့ ဘာတွေ လုပ်ပေးနိုင်မလဲ၊ အားဖြည့်ပေးနိုင်မလဲ ဆိုပြီး မြန်မာ့အရေးကို ဆောင်းပါးရေးပြီး လှုံ့ဆော်ခဲ့ဖူးပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ဟာ အရှေ့အလယ်ပိုင်းကိစ္စတွေနဲ့ပတ်သက်လို့ အစ္စရေးလ် သမ္မတ ရှီမွန် ပဲရစ် (Shimon Peres)၊ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နတန်ယာဟု (Benjamin Netanyahu) နဲ့ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ် တို့နဲ့ ဖုန်းစကား ပြောပြီးပါပြီ။ အစ္စရေးလ်နဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးကိစ္စဆောင်ရွက်သွားဖို့ ပုဂ္ဂိုလ်ရေးအရ ကတိကဝတ်ပြု မိတ်ဆက်တဲ့သဘောပါ။

ဒါ့အပြင် ဂျပန်နဲ့ တောင်ကိုရီယားက နိုင်ငံခြားရေးဝန်ကြီးတွေကိုလည်း ဖုန်းဆက်စကားပြောပါတယ်။ မြောက်ကိုရီယားအနေနဲ့ နောက်ထပ် ဒုံးကျည်စမ်းသပ်မှု လုပ်ပြီး ရန်စတာတွေ ဆက်လုပ်နေမယ် ဆိုရင်တော့ သိသာထင်ရှားတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်ဆိုတာကို သူက ကတိပေး ပြောခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ထမ်းတွေကို ပထမဆုံး မိန့်ခွန်းစကား ပြောတဲ့အထဲ ပြီးခဲ့တဲ့နှစ်က လစ်ဗျား ဘန်ဂါဇီ က အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့သူ သံတမန်တွေရဲ့ စွန့်လွှတ်မှုကို အသိအမှတ်ပြု ပြောပါတယ်။

“အန္တရာယ်ဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း မရှိနိုင်ပါဘူး။ ဒီပုဂ္ဂိုလ်တွေကို ကျနော်တို့ အမြဲပဲ သတိရနေမှာပါ။ အထူးသဖြင့် ခရစ် စတီဗင်စ် (Chris Stevens)၊ ဂလန် ဒေါ့ဟာတီ (Glen Dougherty)၊ တိုင်ရွန်း ဝုဒ်စ် (Tyrone Woods)၊ ရှောင် စမစ် (Sean Smith) တို့ကို သတိတရ ရှိနေပါတယ်။”

ဒါပေမဲ့လည်း ဝန်ကြီးသစ် ကယ်ရီ အဖို့ လစ်ဗျားနိုင်ငံတွင်း ကိစ္စဟာ ကြီးမားတဲ့ စိန်ခေါ်ချက်တွေ ရင်ဆိုင်ရလိမ့်မယ်လို့ Cato Institute က သုတေသီ မလော့ အင်နိုးစန့် (Malou Innocent) က ပြောပါတယ်။

“တိုင်းပြည်ထူထောင်ရေးကနေ တမျိုးသားလုံး ထူထောင်ရေးလုပ်ငန်းတွေ အသွင်ပြောင်းမှုဟာ အတော့်ကို ခက်ခဲပါတယ်။ အာလုံးဟာ လစ်ဗျားနိုင်ငံသား လစ်ဗျားလူမျိုးတွေဆိုတဲ့ ကိုယ်ပိုင် လက္ခဏာ တပေါင်းတစည်းတည်း ဖြစ်သွားဖို့ပါ။ ဂဒါဖီ (Gadhafi) က တိုင်းပြည်ကို သွေးခွဲအုပ်ချုပ်ပြီး သူ့ကိုယ့်ကျိုးအတွက် အမြတ်ထုတ်အသုံးချခဲ့ပါတယ်။

ဒါကြောင့် အနောက်နိုင်ငံ ဒီမိုကရေစီပုံစံမျိုး အနည်းအကျဉ်း တွေ့နေရတောင်မှ ရှေ့ဆက်ပြီး လစ်ဗျားနိုင်ငံမှာ မငြိမ်မသက်မှုတွေ မြင်နေရဦးမှာပါ။”

မစ္စတာ ကယ်ရီ ဟာ သူ့အရင် နိုင်ငံခြားရေးဝန်ကြီးတွေအဖြစ် အောင်အောင်မြင် တာဝန်ယူခဲ့ကြတဲ့ အမျိုးသမီးနှစ်ဦးဖြစ်တဲ့ ဟီလာရီ ကလင်တန် (Hilary Clinton) နဲ့ ကွန်ဒိုလီဇာ ရိုက်စ် (Condoleeza Rice) တို့နဲ့ပတ်သက်လို့တော့ သူတို့နောက်ကို မနဲကို လိုက်ယူရဦးမယ်လို့ ဝန်ထမ်းတွေကို နောက်ပြောင် ပြောခဲ့ပါတယ်။
XS
SM
MD
LG