သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်အရေး ကန်လွှတ်တော်ကြားနာပွဲမှာ ထည့်သွင်းဆွေးနွေး


အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲ (မေလ ၁၅၊ ၂၀၁၈)
အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲ (မေလ ၁၅၊ ၂၀၁၈)

အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ရိုဟင်ဂျာ သိန်းနဲ့ချီထွက်ပြေးခဲ့ရတာနဲ့ ပတ်သက်ပြီး မြန်မာဘက်က လူ့အခွင့်ရေး ချိုးဖေါက်မှုတွေအတွက် ICC နိုင်ငံတကာ ခုံရုံးတင်သင့် မတင်သင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက စဉ်းစားနေချိန်မှာ အမေရိကန် နိုင်ငံခြားရေးဌာနဘက်က ဘာတွေလုပ်ဆောင်နေပါသလဲ။

အင်္ဂါနေ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်တီရှေ့မှောက် အရှေ့တော်အာရှမှာ အမေရိကန်ရဲ့ပါဝင် လုပ်ဆောင်မှု ကြားနာစစ်ဆေးပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့လည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ လက်အောက်ရှိ အရှေ့အာရှဆပ်ကော်မတီ ရှေ့မှောက် ARIA လို့ အတိုကောက်ခေါ်တဲ့ “အာရှမှာ အမေရိကန်ရဲ့ အရေးယူ ဆောင်ရွက်မှုဆိုင်ရာ ဥပဒေ ” အရ အင်္ဂါနေ့က ပြုလုပ်တဲ့ ကြားနာပွဲမှာ အာရှနဲ့ ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ လက်ထောက်ကာကွယ်ရေး ဝန်ကြီး Randall G. Schriver နဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ဒု- လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alex Wong တို့က ထွက်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အာရှမှာအမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး တရုတ်၊ မြောက်ကိုရီးယား၊ ဖိလစ်ပိုင်အစရှိတဲ့ နိုင်ငံတွေအကြောင်း အလေးပေး ဆွေးနွေးခဲ့ကြရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အထက်လွှတ်တော် ကော်မတီဝင် တချို့က မေးခွန်းထုတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်ရေး နဲ့ လွတ်လပ်မှု အက်ဥပဒေ Burma Human Rights and Freedom Act ပြင်ဆင်ချက်ကို ဖေဖေါ်ဝါရီလက ဦးဆောင်တင်သွင်းခဲ့သူူ မက်ဆာချူးဆက်ပြည်နယ်က ဒီမိုကရက် အထက်လွှတ်တော်အမတ် Edward J. Markey က ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ သွားရောက်ခဲ့ပြီးတဲ့နောက်မှာ မြန်မာဘက်က လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ၊ အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ်သုံးတာ အပါအဝင် ချိုးဖေါက်မှုတွေအတွက် ICC နိုင်ငံတကာ ခုံရုံးတင်သင့် မတင်သင့် စဉ်းစားနေတာ တွေ့ရပြီး အမေရိကန်နိုင်ငံခြားရေးဌနာကရော မြန်မာရဲ့ ဒီလိုချိုးဖေါက်မှုတွေ တာဝန်ခံတာဝန်ယူမှုရှိလာအောင် ဘာတွေများ လုပ်ဆောင်နေသလဲလို့ အထက်လွှတ်တော်အမတ် Markey ရဲ့ မေးမြန်းချက်ကို နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alex Wong က အခုလို ဖြေကြားခဲ့ပါတယ်။

“ရခိုင်ပြည်နယ်က အခြေနေဟာ အတော့်ကို ဆိုးဝါးနေတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနက အထူးစိုးရိမ်စိတ်ပူပါတယ်။ ဒီအတွက် ကျနော်တို့ ဘက်စုံကနေ တုန့်ပြန်ဆောင်ရွက်နေတာပါ။ ပထမဆုံးနဲ့ အရင်ဆုံးလုပ်ဆောင်တာကတော့ လူသားချင်းစာနာမှု အကူညီတွေ ပေးတာပါ။ ရိုဟင်ဂျာတွေ၊ အိမ်ရှင်အဖြစ်လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ တခြား ပြည်တွင်းအိုးအိမ်ပြောင်းရွှေ့ကြရသူတွေနဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေ ဒုက္ခခံစားနေရမှုတွေ လျော့ပါးစေဖို့ဖြစ်ပါတယ်။ ၂၀၁၆ အောက်တိုဘာလကစပြီး ကျနော်တို့ ပေးတဲ့ လူသားချင်းစာနာမှု အထောက်အပံ့ဟာ ဒေါ်လာပေါင်း တစ်ဘီလျံရဲ့ လေးပုံတပုံကျော်နေပါပြီ။ အခုထိလည်း အကူညီတွေ ဆက်ပေးနေတာမို့ အတော်အသင့်တော့ ပြေလျော့မယ်လို့ ယုံကြည်ပါတယ်။"

အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alex Wong က အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲရှေ့မှောက် ထွက်ဆိုနေစဉ်
အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alex Wong က အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲရှေ့မှောက် ထွက်ဆိုနေစဉ်

ဒုတိယအနေနဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့၊ ဥပဒေစိုးမိုးမှု ပြန်ရဖို့၊ လူသားချင်းစာနာမှု အကူညီတွေ ပေးခွင့်ပြုဖို့၊ ရခိုင်ပြည်နယ်တွင်း သတင်းမီဒီယာတွေ သတင်းသွားယူနိုင်ဖို့နဲ့ ကိုယ့်ဆန္ဒအလျှောက် ဌာနေပြန်ချင်သူတွေ ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံမှု ရှိအောင် အာမခံဖို့တွေအတွက် ကုလသမဂ္ဂလို မိတ်ဆွေတွေ၊ အမေရိကန်နဲ့ သဘောထားတူညီတဲ့ နိုင်ငံအများအပြားနဲ့ လက်တွဲပြီး မြန်မာအာဏာပိုင် တွေကို တိုက်တွန်းနေပါတယ်။”

ဒါ့အပြင် ရခိုင်မြောက်ပိုင်းဒေသတွင်း ရက်စက်တဲ့လုပ်ရပ်တွေ ရှိကြောင်း စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေလုပ်ပေးဖို့နဲ့ ကျူးလွန်သူတွေ အပစ်ဒဏ်ရစေဖို့အတွက် မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းနေကြောင်း ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alex Wong ကပြောကြားခဲ့သလို မြန်မာနိုင်ငံ ဒီမိုကရေစီရေးအကူးပြောင်း ကာလအတွက် အမေရိကန်က ဆက်လက်ပံ့ပိုးပေးနေကြောင်းလည်း ပြောပါတယ်။

“နောက်ဆုံးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနေတာကတော့ မြန်မာစစ်တပ်ကို အရပ်သားအုပ်ချုပ်မှုအောက်မှာ တာဝန်ယူ ဆောင်ရွက်ရတဲ့ ကျွမ်းကျင်တဲ့စစ်တပ် ဖြစ်လာအောင် လုပ်ပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေး အကူးအပြောင်းကာလကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ပံ့ပိုး ပေးနေတာပါ။ ဒီလိုလုပ်ဆောင် နေတာတွေကနေ မြန်မာစစ်တပ်ကို ရခိုင်ပြည်နယ်မှာ တွေ့နေရတဲ့ ဖြစ်ရပ်မျိုးတွေအတွက် တာဝန်ခံ တာဝန်ယူမှုရှိပြီး နိုင်ငံတကာ လူ့အခွင့်ရေး စံတွေ ပြည့်မှီတဲ့ စစ်တပ်ဖြစ်လာစေမှာပါ။”

အထက်လွှတ်တော်အမတ် Marky ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေအတွင်း ကျားမကွဲပြားမှုပေါ် အခြေခံတဲ့ အကြမ်းဖက်မှု တွေနဲ့ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံ တာဝန်ယူမှု ပိုရှိလာစေဖို့ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ ဥပဒေမူကြမ်း ပြင်ဆင်ချက်ကို တင်ပြခဲ့သူဖြစ်ပါတယ်။ အခုလို အကြမ်းဖက်မှုတွေကို လက်နက်သဖွယ်အသုံးချတဲ့ ကျူးလွန်သူတွေကို အပစ်ပေးဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ မစ္စတာ Wong က လွှတ်တော်ကနေ သမ္မတ Trump အစိုးရအဖွဲ့ကို တင်ပြထားကြောင်း ဖြေကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေနေတွေမှာ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ဖေါ်ပြပြီး ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု အများအပြား လုပ်ဆောင်ဖို့ မကြာသေးခင်ကပဲ လွှတ်တော်ကနေ အစိုးရအဖွဲ့ကို တင်သွင်းခဲ့ပြီး အဲဒီမှာ ကိုယ်လိုချင်တဲ့ ပုံစံဖြစ်လာအောင် အရေးယူမှုတွေ ချမှတ်ထားပါတယ်။ တကယ်လို့ နောက်ထပ်တင်ပြမယ့် လုပ်ဆောင်ချက်တွေရှိမယ် ဆိုရင်လည်း အမေရိကန်နိုင်ငံခြားရေးဌာနက မြန်မာ့အရေးဆိုင်ရာ အဖွဲ့က သေချာဆန်းစစ်ပြီး မြန်မာနိုင်ငံတွင်း ဒုက္ခတွေ လျှော့ပါးစေဖို့ ချမှတ်ထားတဲ့ အပြန်အလှန်အကျိုးရှိစေမယ့် ပန်းတိုင်အတိုင်း ရှေ့ရှုလုပ်ဆောင်မှာ ဖြစ်ပါတယ်။”

Virginia ပြည်နယ် ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်အမတ် Tim Kaine ကလည်း မြန်မာနိုင်ငံမှာ အဆင့်မြင့် စစ်ဘက်အရာရှိတွေနဲ့ လုံခြုံရေး အရာရှိတွေက ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျူးလွန်ရာမှာ တိုက်ရိုက် ပါဝင်ပတ်သက်တာ၊ ကျူးလွန်မှုတွေမှာ သိသာတဲ့ အခန်းကဏ္ဍကနေ သိသိကြီးနဲ့ ပါဝင်ခဲ့ကြသူတွေကို အမေရိကန်နဲ့ နိုင်ငံတကာဥပဒေအရ အပြည့်အဝ အရေးယူသင့်တယ်လို့ ယုံကြည် ပါသလားလို့ မေးမြန်းခဲ့ရာမှာတော့-

“မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒအရ ဖြစ်ပွါးခဲ့တဲ့ ဘယ်ရက်စက်မှုမျိုး အတွက်မဆို တာဝန်ခံ တာဝန်ယူမှုတွေ ရှိလာအောင် တွန်းအားပေးဖို့ ဖြစ်ပါတယ်။ လူ့အခွင့်ရေးချိုးဖေါက်မှုမှာ ပါဝင်သူတွေ အပေါ် အရေးယူနိုင်ဖို့အတွက် ထောက်ခံအားပေးပါတယ်။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော် ၂ ရပ်က အထူးစိုးရိမ်လျက် ရှိကြပြီး ကျူးလွန်သူတွေအပေါ် ဒဏ်ခတ် အရေးယူနိုင်ဖို့လည်း အခုလို ကြားနာစစ်ဆေးပွဲတွေ ကျင်းပသလို့မြန်မာစစ်တပ်အပေါ် အရေးယူနိုင်ဖို့လည်း ဥပဒေကြမ်းတွေ တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက Burma Human Rights and Freedom Act ကို အထက်လွှတ်တော် စစ်ဘက်ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ကော်မတီ ဥက္ကဌ ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် John McCain နဲ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ အဆင့်မြင့်အဖွဲ့ဝင် Ben Cardin တို့ ဒီနှစ် ဖေဖေါ်ဝါရီလက တင်သွင်းခဲ့ရာမှာ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အတွက် တာဝန်ရှိခဲ့တဲ့ မြန်မာစစ်ဖက် အဆင့်မြင့်အရာရှိတွေကို ပစ်မှတ်ထား ဒဏ်ခတ် အရေးယူဖို့နဲ့ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်မှုတို့ ပါဝင်ပါတယ်။ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်အမတ် Markey က ပြင်ဆင်ချက် တင်သွင်းခဲ့ ရာမှာတော့ ၂၀၁၆ အောက်တိုဘာလ နောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုရာမှာ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် စုံစမ်း အရေးယူနိုင်ဖို့ ဖြည့်စွက်မှုကို ထည့်သွင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG