အစိုးရသစ်နဲ့ လက်ရှိအစိုးရကြား အုပ်ချုပ်ရေးအာဏာအလွှဲအပြောင်း လုပ်တော့မယ့်အချိန် လွှတ်တော်သက်တမ်း ကုန်ဆုံးခါနီးမှာမှ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ လုပ်ပိုင်ခွင့်ကို ဥပဒေတရပ်အနေနဲ့ ပြဋ္ဌာန်းဖို့ ကြိုးစားတာဟာ သမ္မတအထက်ကနေ ထိန်းချုပ်ဖို့ မရိုးဖြောင့်တဲ့ ကြိုးစားမှုတရပ်အဖြစ် ဥပဒေပညာရှင်တဦးက သုံးသပ်ပါတယ်။
အမျိုးသားလွှတ်တော်အမတ်တွေ လေ့လာဖို့ ဖြန့်ဝေထားတဲ့ ကာလုံဥပဒေကြမ်းကို လက်ရှိလွှတ်တော် သက်တမ်း ကုန်ဆုံးခါနီး အချိန်တိုအတွင်းမှာ ပြဋ္ဌာန်းနိုင်ဖို့က ဖြစ်နိုင်ခြေမရှိပေမဲ့လို့ မဖြစ်မနေပြဋ္ဌာန်းဖို့ ကြိုးစားနိုင်ခြေရှိတယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရှု့မြင်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။
ပထမအကြိမ်လွှတ်တော်သက်တမ်းက လာမယ့် ၂၀၁၆ခုနှစ် ဇန်နဝါရီလကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ လွှတ်တော်ရဲ့ ဥပဒေရေးရာ လုပ်ငန်းပိုင်းတွေ ကို ဒုတိယအကြိမ်လွှတ်တော်အတွက် အဆင်ပြေချောမွေ့စွာလွှဲပြောင်းပေးနိုင်ရေး လွှတ်တော်အသီးသီးက ပြင်ဆင်နေကြချိန်မှာပဲ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၁ရက်က အမျိုးသားလွှတ်တော်မှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥပဒေမူကြမ်းကို ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးနိုင်ဖို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေ လေ့လာဖို့ဆိုပြီး အမျိုးသားလွှတ်တော်တွင်း ဖြန့်ဝေခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ လုပ်ပိုင်ခွင့်ကို ဥပဒေတရပ်အနေနဲ့ ပြဋ္ဌာန်းနိုင်ဖို့ အခုလိုအချိန်မှာမှ ဆောင်ရွက် လာတာဟာ မရိုးသားဘူးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရေး အထူးလေ့လာသုံးသပ်နေတဲ့ ဥပဒေပညာရှင်ဦးကိုနီက သုံးသပ်ပါတယ်။ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို ဥပဒေတရပ်အဖြစ် အပ်နှင်းနိုင်ဖို့ လက်ရှိအာဏာရပါတီရဲ့ ကြိုးစားအားထုတ်မှုအဖြစ်လည်း သူက ရှု့မြင်ပါတယ်။
" ကာလုံ ဥပဒေသည် ကာကွယ်ရေးဦးစီးချုပ်ကို ကာကွယ်ပေးတဲ့ ဥပဒေပဲ။ ကာကွယ်ရေးဦးစီးချုပ်ကို တိတိကျကျ ပြတ်ပြတ်သားသား အာဏာအပ်နှင်းတဲ့ ဥပဒေဖြစ်သွားမယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အာဏာကို တိုးချဲ့ချင်လို့ ဒီဥပဒေကို ပြဋ္ဌာန်းမှာ။ တနည်းအားဖြင့် သမ္မတကို ထိန်းထား နိုင်အောင် ၊ သမ္မတရဲ့ အထက်ကနေ သူက ထိန်းချုပ်ထားလို့ရနိုင်အောင် ရည်ရွယ်ချက်နဲ့ သူက ကြိုးပမ်းတာပဲ။ တကယ်လို့ ကာလုံဥပဒေဟာ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တဲ့ဥပဒေ ဆိုရင် လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ရေးဆွဲခဲ့ဖို့ကောင်းတယ်။ အခု ဒီဥပဒေကြမ်းကို တင်တဲ့အချိန်ဟာ ပြည်ခိုင်ဖြိုး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးတဲ့နောက် တင်တာဖြစ်တဲ့အတွက် ရိုးဖြောင့်မှု မရှိဘုူး။
နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရ ဥပဒေတွေကို အတည်ပြပြဋ္ဌာန်းနိုင်ရေး လွှတ်တော်တွင်း ကြိုးပမ်းမှုတွေထဲ အခုလို ကာလုံဥပဒေကို
ပြဋ္ဌာန်းနိုင်ဖို့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲက အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီမှာ ကြိုးစားခဲ့ပေမဲ့လို့ မလိုအပ်ဘူးဆိုပြီး မဆွေးနွေးခဲ့ပဲနေခဲ့ရာက အခုလွှတ်တော် သက်တမ်းကုန်ဆုံးခါနီး မှာမှ ဥပဒေတရပ်အဖြစ် ပြဋ္ဌာန်းနိုင်ဖို့ အမျိုးသားလွှတ်တော်အမတ်တွေကို ဖြန့်ဝေခဲ့တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ကပြောပါတယ်။
" အဲ့ဒီ့မှာပါတဲ့ ကာလုံရဲ့ လုပ်ပိုင်ခွင့်တွေ၊ ဖွဲ့စည်းပုံတွေ ဒါတွေကို ဘယ်လို လုပ်မယ်ဆိုတာ အဲ့တာ ဖွဲ့စည်းပုံမှာ အသေအချာ ပါပြီးသားတွေပဲ ဒါကြောင့် ဒါတွေကို ပြဋ္ဌာန်းဖို့ မလိုအပ်သေးဘူးဆိုပြီး လွှတ်တော်မှာ တင်ပြီးတော့ ဆွေးနွေးဖို့မသင့်ဘူးဆိုပြီး ပြန်ပြီးတော့ ရုပ်သိမ်းသွားတယ်။ အခု ထပ်ြ့ပီးတော့ ပေါ်လာတယ် ဒါ။ ဘယ်လိုရည်ရွယ်ချက် ဘယ်လိုလုပ်ဖို့ ပေါ်လာတယ် မသိဘူး။ သို့သော် လေ့လာဖို့ ကိုယ်စားလှယ်တွေကို ဝေဌထားတာ ဒါပဲရှိတယ်။ Agenda ထဲမှာ ထည့်မပေးသေးဘူး။ လွှတ်တော်ထဲ မဆွေးနွေးသေးဘူး။"
အခုအချိန်အထိတော့ လွှတ်တော်တွင်း ဆွေးနွေးနိုင်ဖို့ ဖြန့်ဝေထားဆဲ အနေအထားဖြစ်ပြီး လွှတ်တော်အသီးသီးမှာ ပြဋ္ဌာန်းအတည်ပြုနိုင်ရေးက အချိန်ကာလတခုအထိ ယူရမှာဖြစ်လို့ ဒီလွှတ်တော်သက်တမ်းမှာ အတည်ပြုဖို့ ဖြစ်နိုင်ခြေ နည်းပေမဲ့လို့ မဖြစ်မနေပြဋ္ဌာန်းနိုင်ခြေလည်းရှိတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က သုံးသပ်ပါတယ်။
တကယ်လို့ ဒီလွှတ်တော်သက်တမ်းအတွင်းမှာ အမတ်နေရာအများစုရထားတဲ့ အာဏာရပါတီဘက်က မဖြစ်မနေပြဋ္ဌာန်းအတည်ပြုနိုင်ဖို့ ကြိုးစားခဲ့လို့ အတည်ပြုနိုင်ခဲ့ရင် အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အမတ်နေရာအများစုရထားတဲ့ နောင် လွှတ်တော်သက်တမ်းမှာ မဖြစ်မနေ ပယ်ဖျက်သိမ်းဖို့ ကြိုးစားသင့်တဲ့ ဥပဒေတရပ်အဖြစ်လည်း ဥပဒေပညာရှင် ဦးကိုနီက ရှု့မြင်ပါတယ်။
သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာထက် ကာလုံရဲ့လုပ်ပိုင်ခွင့် ကျော်လွန်အောင် ကြိုးစားမှုတရပ်ဖြစ်တဲ့ ဥပဒေဖြစ်တဲ့ ကာလုံဥပဒေကြမ်းအပေါ် ဦးကိုနီအမြင်က-
"တကယ်တမ်းပြောရရင် သမ္မတဟာ နိုင်ငံရဲ့ အကြီးအကဲဖြစ်တယ်။ နိုင်ငံသားအားလုံးရဲ့ အထွဋ်အထိပ်ပုဂ္ဂိုလ်ဖြစ်တယ်။ အစိုးရအဖွဲ့ရဲ့ အကြီးအကဲဖြစ်တယ်။ ဒါကြောင့် ကာလုံဆိုတာ သမ္မတကို အကာအကွယ်ပေးတဲ့ အဆင့်မျိုးသာ ဖြစ်သင့်တယ်။ ကာလုံဟာ သမ္မတရဲ့အထက်မှာ လက်ရှိအခြေခံဥပဒေဖွဲ့စည်းပုံအရ လုံးဝ ရှိလို့မရဘူး။ အဲ့တာကို ဥပဒေတရပ်အဖြစ် ပြဋ္ဌာန်းဖို့ ကြိုးစားမယ်ဆိုရင် အခုလို လူအားကောင်းလို့ လူအားနဲ့ ပြဋ္ဌာန်းခဲ့ရင်တောင် အဲ့ဒီ့ဥပဒေဟာ ဖွဲ့စည်းပုံနဲ့ မညီညွတ်တဲ့အတွက် နောက်တက်လာမယ့် သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးမှာ တင်ပြီး ဖျက်ပစ်ရမယ့် ဥပေဒထဲမှာ ပါဝင်ပါလိမ့်မယ်။"
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၁ ဦးပါတဲ့ ကာလုံ လို့ခေါ်တဲ့ ကောင်စီမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာချုပ်က ခန့်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီး အပါအဝင် တပ်ဘက်ကတင်မယ့် ဒုသမ္မတ တယောက် အားလုံး ၆ယောက် ပါဝင်ပါတယ်။ ကျန် ၅ ယောက်က သမ္မတ၊ ဒုသမ္မတတယောက်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံခြားရေးဝန်ကြီး ၁ ယောက်တို့ ပါဝင်ပါတယ်။ နိုင်ငံရဲ့ အရေးကြီး အရေးပေါ်ကိစ္စရပ်တိုင်း ကာလုံက မဲခွဲဆုံးဖြတ်တဲ့အခါတိုင်း ကာချုပ်ဦးဆောင်တဲ့ (၆)ဦးဘက်က အမြဲအသာရနေတဲ့အနေအထားမှာ အခုထပ်ပြီးတော့ ဥပဒေအရ အတည်ပြုပြဋ္ဌာန်းဖို့ကြိုးစားနေတဲ့အပေါ် မေးခွန်းထုတ်နေကြတာလည်းဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ကပဲ မြန်မာနိုင်ငံမှာ သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူတွေကို တရားစွဲဆိုမှုကနေ ကင်းလွတ်ခွင့်ရစေမယ့် ဥပဒေကြမ်းတခုကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး လွှတ်တော်မှာ တင်ခဲ့ပါသေးတယ်။ ဒီ “နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း” ဟာ စစ်တပ်နဲ့ အာဏာရပါတီအနေနဲ့ အတိတ်က သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အရေးယူမခံရအောင် အကာအကွယ်ယူဖို့ ကြိုးစားတဲ့ ဒီဥပဒေကြမ်းအဖြစ် ဝေဖန်မှုတွေရှိခဲ့တာပါ။