သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဦးစီးချုပ် သမ္မတတာဝန်ယူဖို့ ပြည်သူ့တောင်းဆိုမှုပေါ် မူတည်


မြန်မာတပ်မတော် အကြီးအကဲက တိုင်းပြည်နဲ့ ပြည်သူက တောင်းဆိုလာရင် သမ္မတလုပ်ရမဲ့ တာဝန်ရှိနေတယ်လို့ ထူးထူးခြားခြား BBC နဲ့ တွေ့ဆုံခန်းမှာ ထုတ်ပြောလိုက်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ထာဝရငြိမ်းချမ်းရေးရမှ DDR လို့အတိုခေါက်ခေါ်တဲ့ လက်နက်စွန့်ပြီး (ဒါမှမဟုတ်) လုံခြုံရေးပေါင်းစည်းမှုလုပ်ပြီးမှ တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ ဆုတ်ပေးမယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ခုလို ပြောလိုက်တာရဲ့ ထူးခြားမှုအပေါ် မြန်မာ သံမှူးဟောင်းနဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ရဲ့ သုံးသပ်ချက်ကို ကိုဝင်းမင်းက မေးမြန်းတင်ဆက်ထားပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ ဦးအောင်လင်းထွဋ်ခင်ဗျား၊ ဘီဘီစီနဲ့မကြာခင်ကလုပ်တဲ့အင်တာဗျူးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေပြီးတော့ တိုင်းပြည်အတွက် လိုအပ်လာရင် - ပြည်သူကတောင်းဆိုလာလို့ရှိရင်ပေါ့လေ သမ္မတလုပ်ဖို့ စဉ်းစားနိုင်တယ်ဆိုတဲ့သဘောမျိုးကို ယေဘုယျအားဖြင့် ပြောခဲ့တာတွေ့ရပါတယ်။ အဲလိုပြောခဲ့တာမှာ ဘယ်လို ထူးခြားမှုတွေ တွေ့ရပါသလဲ၊

ဖြေ။ ။ ထူးခြားမှုအနေနဲ့ပြောရင်တော့ သူတို့ အစီအစဉ်အရပေ့ါလေ- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတလုပ်ကောင်း လုပ်လာ နိုင်ပါလိမ့်မယ်။ ၂၀၁၅ နှစ်ဆန်းပိုင်းလောက်ကတည်းက ဒီ plan ကို သူတို့လုပ်ခဲ့တယ်ဆိုတဲ့ဥစ္စာကို ကျနော်သိရပါတယ်။ ဒါပေမယ့် အခုလို ဘာလို့ မတင်မကျ ပြောထားရသေးလဲဆိုတော့ သူတို့စောင့်နေတာကတော့ ရွေးကောက်ပွဲရလဒ်ပေါ်မူတည်ပြီးတော့မှ တပ်မတော်သား ၂၅ % ရှိနေပြီးပြီ။ တပ်မတော်ကို လိုလားတဲ့ ထောက်ခံတဲ့ ၂၆ % ထပ်ရမယ်ဆိုရင် ၅၁ % ဆိုလို့ရှိရင် သမ္မတလုပ်လို့ ရမယ့်အနေအထားမျိုး ရှိပါတယ်။ အဲဒီအခါကျရင်တော့ ပြည်သူလူထုက တောင်းဆိုချက်အရဆိုတဲ့ခေါင်းစဉ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတလုပ်လာပါလိမ့်မယ်။ ဗိုလ်ချုပ် (မှူး) ကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲအထိ သူက ဗိုလ်ချုပ်မှူးကြီးအဖြစ် ရှိနေအုံးမယ်။ ရွေးကောက်ပွဲပြီးတော့မှ ၂၀၁၆ မတ်လလောက်ထဲကျတော့မှ - တပ်မတော်ကနေပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် လျာထားပါတယ်လို့ လုပ်လိုက်ရင် ဘယ်သူမှ တားလို့ရတဲ့ အနေအထားမျိုး မရှိပါဘူး။

မေး။ ။ ဟုတ်ကဲ့၊ အခုလိုပြောတာက ပထမဆုံးထုတ်ပြောတာလို့ ပြောလို့ရနိုင်လား။

ဖြေ။ ။ အခုအချိန်က ပထမဆုံး ထုတ်ဖော်ပြောတဲ့အနေအထားလို့ပဲ ကျနော်က မြင်ပါတယ်ခင်ဗျ။ စစ်ထဲဝင်တဲ့အချိန်အခါမှာကျနော်တို့ သိရသလောက်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်၊ အခု ဗိုလ်ချုပ်ရွှေမန်းရော၊ ဗိုလ်ချုပ်သိန်းစိန်ကော၊ ဗိုလ်ချုပ်မင်းအောင်လှိုင်ကော ခေါ်တွေ့ပြီးတော့မှ သြဝါဒပေးတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်သိန်းစိန်အနေနဲ့ သူ့ရဲ့ရောဂါအရကော၊ မလုပ်ချင်တဲ့အနေအထားအရရော သမ္မတအနေနဲ့တော့ သူလုပ်ချင်တဲ့ဆန္ဒ မရှိပါဘူး။ တဘက်ကလည်း ဗိုလ်ချုပ်ရွှေမန်းကို ပေးမလားဆိုတဲ့အခါကျတော့ လူတွေ ထင်ကြ တာကတော့ ဗိုလ်ချုပ်ရွှေမန်းက တပ်ကလာတယ်၊ ဗိုလ်ချုပ်ရွှေမန်းကို ပေးလိမ့်မယ်လို့ ထင်ကြပါလိမ့်မယ်။ တကယ့်တကယ်တော့ ကျနော်သိသလောက်ပေါ့လေ- ဗိုလ်ချုပ်ရွှေမန်းရဲ့အခန်းကဏ္ဍဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်းကစပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ယုံကြည်မှု လျော့သွားတာ ဖြစ်ပါတယ်။ အခု လက်ရှိအနေအထားအရလည်း တပ်မတော်ထဲမှာ လက်ရှိရှိတဲ့ ဗိုလ်ချုပ်ကြီးတွေ တော်တော်များများက ဗိုလ်ချုပ်ရွှေမန်းကို ထောက်ခံတဲ့လူ အင်မတန်မှ နည်းသွားပါပြီခင်ဗျ။

မေး။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဦးအောင်လင်းထွဋ်- သမ္မတအဖြစ်နဲ့ အရွေးခံရမယ်ဆိုရင် သမ္မတတာဝန်ကို ထမ်းဆောင်ဖို့အတွက်ကော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အရည်အချင်းအနေအထား ကိုရော ဦးအောင်လင်းထွဋ် တွေ့ကြုံခဲ့တဲ့အနေအထားတွေက ဘယ်လို သုံးသပ်မိသလဲ။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံခြားခရီးစဉ်တွေ သွားတာပြုတာတွေ အားလုံးတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ စစ်ရေးအမြင်တခုပဲ ရှိတာများပါတယ်။ နိုင်ငံရေးအမြင်မှာတော့ တော်တော်လေးတော့ နည်းတယ်လို့ ကျနော်တို့မြင်ရတယ်။ သူဟာ ခိုင်းတာလုပ်တတ်တဲ့စစ်သားတယောက်အနေနဲ့ကတော့ ကောင်းပါတယ်ခင်ဗျ။ ဒါပေမယ့် နိုင်ငံကို အုပ်ချုပ်မယ့်သမ္မတတယောက် အနေနဲ့တော့ ကျနော့အမြင်ပြောရရင် မသင့်တော်သေးဘူးလို့ မြင်ပါတယ်ခင်ဗျ။ ဒါပေမယ့် တခုပဲ၊ သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပေါ်မှာတော့ တော်တော်လေးသစ္စာရှိပြီးတော့မှ တပြည့်လက်ရင်းလို နေခဲ့တဲ့အနေအထားမျိုး ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့တော့ ရှိပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘီဘီစီအင်တာဗျူးမှာ တချက် ထူးခြားတာက ငြိမ်းချမ်းရေးလုံးဝရမှ နိုင်ငံရေးတည်ငြိမ်မှု ရှိမှ အခြေခံဥပဒေကနေပြီးတော့ တပ်မတော်ကယူထားတဲ့ အထူးအာဏာတွေကို လျှော့ချပေးမယ်ဆိုတဲ့သဘောမျိုး ပြောသွားတာကို တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ကော ထူးခြားမှုတစုံတရာ သုံးသပ်မိပါလား။

ဖြေ။ ။ ကျနော်တို့ရှိစဉ်ကတည်းကပေါ့လေ- တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ ဗိုလ်ချုပ်မင်းအောင်လှိုင် ပြောသွားတဲ့ အထဲမှာလည်း ပါပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ လက်နက်ကို စွန့်ဖို့ဆိုတာက ကျနော်တို့ အရင်တုန်းကလည်း ပြောခဲ့တယ်။ ဥပဒေဘောင်ထဲကိုဝင်ပါ၊ လက်နက်စွန့်ပါ-ဆိုတာ။ လက်နက်စွန့်ပြီးတဲ့အခါကျမှ ပါတီနိုင်ငံရေးလုပ်ပြီးတော့မှ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသမှာ ပြန်ပြီးတော့ ရွေးကောက်ပွဲဝင်ပြီးတော့မှ အုပ်ချုပ်ကြပါ-ဆိုတဲ့လမ်းစဉ်ရှိပါတယ်။ တဘက်က အခုကြည့်တော့လည်း တိုင်းရင်းသားတွေဘက်ကလည်း တပ်မတော်ကို မယုံကြည်တဲ့အခါကျတော့ လက်နက်စွန့်ဖို့ဆိုတာ အနေအထားမရှိပါဘူး။ ဒါကြောင့်မို့လို့ လက်ရှိလုပ်နေတဲ့ငြိမ်းချမ်းရေးကလည်း ဖြစ်လည်း တဒင်္ဂ ခဏတာလောက်ပဲဖြစ်ပြီးတော့မှ အချိန်မရွေး ပြန်ပြီးတော့မှ ပေါက်ကွဲမယ့် အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့်မို့လို့လည်း ဗိုလ်ချုပ် (မှူးကြီး) မင်းအောင်လှိုင် ပြောသွားတဲ့အထဲမှာ စစ်တပ်ကဲ့ အခန်းကဏ္ဍဟာ ငြိမ်းချမ်းရေးအတွက်ကို ရှိနေအုံးမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ သူပြောသွားတာဖြစ်ပါတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ်၊ ဦးအောင်လင်းထွဋ်။

XS
SM
MD
LG