သုံးရလွယ်ကူစေသည့် Link များ

ဒေါ်အောင်ဆန်းစုကြည် Goh Chok Tong နဲ့ တွေ့ဆုံ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဂိုချောက်တောင် နေပြည်တော်မှာတွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး မစ္စတာဂိုချောက်တောင်ကို နေပြည်တော်မှာ မနေ့ ကြာသပတေးနေ့မနက်က တွေ့ဆုံပြီး နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

တွေ့ဆုံပွဲအတွင်း စင်္ကာပူ- မြန်မာ နှစ်နိုင်ငံကြား နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြသလို မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် စင်္ကာပူက အစဉ်တစိုက်အားပေးထောက်ခံနေတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင် ကြိုဆိုခဲ့ပါတယ်။ စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံတွင်း ဒုတိယ ရင်းနှီးမြှပ်နှံမှုအများဆုံး နိုင်ငံလည်းဖြစ်သလို ကျွမ်းကျင်မှုဆိုင်ရာ အကူအညီတွေကို အဓိကပေးနေတဲ့ နိုင်ငံတခုလည်းဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာနိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် နဲ့ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာတို့လည်း တက်ရောက်ခဲ့ပါတယ်။

မစ္စတာ ဂိုချောက်တောင်ဟာ နေပြည်တော်ကို အင်္ဂါနေ့က ရောက်ရှိလာတာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ကတော့ နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်နဲ့ရော တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ ၃ ရက်ကြာခရီးကို ကြာသပတေးနေ့ညနေပိုင်းမှာ အဆုံးသတ်ပြီး စင်္ကာပူကို ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG