သုံးရလွယ်ကူစေသည့် Link များ

မလာဒစ်ရှ်ကို နိုင်ငံတကာ တရားရုံးဆီ လွှဲပြောင်း

  • ဗွီအိုအေ (မြန်မာဌာန)

မလာဒစ်ရှ်ကို နိုင်ငံတကာ တရားရုံးဆီ လွှဲပြောင်း

စစ်ရေးဆိုင်ရာပြစ်မှု ကျူးလွန်သူလို့ သံသယရှိနေတဲ့ ဆားဘီးယားနိုင်ငံက စစ်ခေါင်းဆောင်ဟောင်း ရက်ကို မလာဒစ်ရှ် (Ratko Mladic) ဟာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အရေးယူခံနေရပါတယ်။

သူ့အမှုကို နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာ တရားရုံးဆီ လွှဲမပေးဖို့ မနေ့က အသနားခံစာ တင်ထားတာကို တရားရုံးက ပယ်ချလိုက်ပါတယ်။

အသက် ၆၉ နှစ် ရှိပြီဖြစ်တဲ့ ရက်ကို မလာဒစ်ရှ်ဟာ အသက်အရွယ် ကြီးရင့်နေလို့ သူ့အမှုကို နိုင်ငံတကာ တရားရုံးကို လွှဲပြောင်းမပေးဖို့ အသနားခံစာ တင်ခဲ့တာပါ။ သူ့ရဲ့ရှေ့နေကတော့ တရားရုံးမှာ သူ တရားရင်ဆိုင်ဖို့ ဒီအသက်အရွယ်နဲ့ဆို မလွယ်လှဘူးလို့ ဆိုပါတယ်။

ဆားဘီးယန်း တရားရေးဝန်ကြီးက တရားခံ လွှဲပြောင်းခွင့် အမိန့်ကို လက်မှတ်ထိုးပြီး မကြာခင်မှာပဲ ရက်ကို မလာဒစ်ရှ်ကို နယ်သာလန်နိုင်ငံကို လေယာဉ်နဲ့ ပို့လိမ့်မယ်လို့ မျှော်လင့်ရတယ်လို့ ဆားဘီးယန်း အာဏာပိုင်တွေက ပြောပါတယ်။ ဆားဘီးယန်း စံတော်ချိန် ဒီကနေ့ နှောင်းပိုင်းမှာ လွှဲပြောင်းသွားမယ့် သဘော ရှိနေပါတယ်။

တရားရုံးက ရက်ကို မလာဒစ်ရှ်ရဲ့ အသနားခံစာကို မပယ်ချခင် ဒီကနေ့ မနက်ပိုင်းမှာ သူ့သမီးရဲ့ သင်္ချိုင်းမြေကို သွားခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်က ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ သူ့သမီး အန်နာ (Ana) ရဲ့ အုတ်ဂူရှိရာ ဘဲလ်ဂရိတ် သုသာန်ကို လုံခြုံရေး အစောင့်အကျပ်တွေနဲ့ ခေါ်သွားခဲ့ပါတယ်။

ရက်ကို မလာဒစ်ရှ်ဟာ ၁၉၉၅ ခုနှစ်တုန်းက ဘော့စနီးယားနဲ့ ဟာစီဂိုးဗီးနားဒေသ ရှရာဘယ်နီဆာ (Srebrenica) မြို့က မွတ်ဆလင် အမျိုးသားနဲ့ လူငယ်ယောက်ျားလေး စုစုပေါင်း ၈,၀၀၀ လောက်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနဲ့ တရားရုံးက အရေးယူထားတာပါ။ ၁၉၉၂ ခုနှစ်ကနေ ၉၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယား စစ်ပွဲအတွင်း ဘော့စနီးယားမြို့တော် ဆာရာယေဗိုကို ၃ နှစ်ကြာ သိမ်းပိုက်ထားတဲ့ အတွက်လည်း သူ့ကို အရေးယူထားတာ ရှိပါသေးတယ်။

XS
SM
MD
LG