သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူဗဟိုပြု ရဲတပ်ဖွဲ့ ဖြစ်ဖို့ ရန်ကုန် ဝန်ကြီးချုပ်တိုက်တွန်း


မေလ ၂၁ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်မှ ကျင်းပသော ဝန်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းစနစ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ မိန့်ခွန်းပြောနေစဉ်။ ဓါတ်ပုံ - Yangon Police
မေလ ၂၁ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်မှ ကျင်းပသော ဝန်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းစနစ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ မိန့်ခွန်းပြောနေစဉ်။ ဓါတ်ပုံ - Yangon Police

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးကို ပထမဦးစားပေး လုပ်ဆောင်ဖို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်တွေကို တိုင်းဝန်ကြီးချုပ်က မှာကြားလိုက်ပါတယ်။ ပြည်သူ ဗဟိုပြု ဝန်ဆောင်မှု ပေးနိုင်တဲ့ရဲတပ်ဖွဲ့ဖြစ်ဖို့ အတွက်လည်း အထူးအလေးပေး လုပ်ဆောင်နိုင်ဖို့ ပြည်သူတွေနဲ့ တသားထဲရှိအောင် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ လောင်းကစား၊ လုယက်မှုတွေနဲ့ ဂိုဏ်းဂဏဆန်ဆန်အုပ်စုဖွဲ့ မှုတွေကို ဖမ်းဆီး အရေးယူ ဆောင်ရွက်နိုင်ရေးကို ဦးစားပေးလုပ်ဆောင် သွားဖို့ကို တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

တိုင်းအစိုးရသစ်အနေနဲ့ တရားဥပဒေစိုးမိုးရေးကို နံပါတ် ၁ဦးစားပေးအနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် ပြည်သူ ဗဟိုပြု ဝန်ဆောင်မှုပေးနိုင်တဲ့ ရဲတပ်ဖွဲ့ဖြစ်ဖို့ အတွက်လည်း အထူးအလေးပေး လုပ်ဆောင်နိုင် ဖို့ ပြည်သူတွေနဲ့တသားထဲရှိအောင် လုပ်ဆောင်ကြဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ရဲ့ ဝန်ဆောင်မှုရှေးရှုလုပ်ဆောင်မယ့် လုပ်ငန်းစဉ် ရှင်းလင်းပွဲမှာ ခုလိုမှာကြားခဲ့တာပါ။ ထိရောက်တဲ့ ဥပဒေစိုးမိုးဖို့ နယ်မြေနင်းနိုင်ဖို့ ရဲတပ်ဖွဲ့တွေနဲ့ လုပ်ဆောင်ကြဖို့ လည်း တိုက်တွန်းခဲ့ပါသေးတယ်။

“ ဥပဒေ စိုးမိုးနိုင်ဖို့အတွက် ထိရောက်တဲ့ ဥပဒေစိုးမိုးရေးဖြစ်ရေးအတွက် နယ်မြေကို နင်းနိုင်ဖို့ လိုပါတယ်။ ပြည်သူလူထုက ဘာတွေကို လိုလားနေတာလဲ ဆိုတော့ လောင်းကစားတွေ၊ အရက်ဆိုင်တွေ၊ မတရားမှုတွေကို အုပ်စုလိုက် ကျူးလွန်နေတဲ့ သူတွေ၊ ကျူးကျော် အိမ်ယာတွေကို စီးပွားဖြစ်လို လုပ်နေတဲ့ ဂိုဏ်းတွေ တွေ၊ ဒီအခြေအနေတွေကို ပြည်သူလူထုနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ အသီးသီးနဲ့ ပူးပေါင်းပြီး၊ ဒီအပြောင်းအလဲကို ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းမယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးနဲ့ အညီ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ကျွန်တာ်တို့ ထူထောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ”

ထိရောက်တဲ့ ဥပဒေ စိုးမှု မရှိရင် ဒီမိုကရေစီစနစ်ပေါ်ထွန်းနိုင်ဖို့ ခက်ခဲနိုင်တယ်လို့လည်း သတိပေးပြောဆို ခဲ့ပါသေးတယ်။ တရားဥပဒေစိုးမိုးဖို့ပြည်သူဗဟိုပြု ဝန်ဆောင်မှု ရှေးရှုလုပ်ငန်းလုပ် ဆောင်ဖို့ အတွက် ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီစံနှုန်းနဲ့ကိုက်တဲ့ ဥပဒေတွေကို လေးစားလိုက်နာပြီး ကျင့်ကြံ့နေထိုင်နိုင်ဖို့ ပညာပေးလုပ်ငန်းစဉ်တွေ ကိုများများ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။ အစိုးရသစ် အနေနဲ့ ဒီမိုကရေစီနည်းကျစည်းကမ်းရှိဖို့ လူထုဗဟိုပြုထက် ဥပဒေကို လေးစားလိုက်နာ တတ်ဖို့ ဥပဒေကိုဗဟိုပြုကာ ထိန်းကျောင်းသွားမယ်လို့ အခုလိုပြောပါတယ်။

“တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ကိုယ့်ကိုယ်ကိုကနေ စပြီး မွေးရမှာ ဖြစ်ပါတယ်။ ငါတို့ ပြည်သူဘက်က၊ ငါက ဘယ်လောက် တာဝန်ယူတာဝန်ခံမှု နဲ့ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ နေထိုင်နေသလဲ ဆိုတာကိုပဲ စဉ်းစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဥပဒေ စည်းမျဉ်း စည်းကမ်း လုပ်ထုံး လုပ်နည်းတွေအပေါ်မှာပဲ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ လူတွေအပေါ် အခြေပြုပြီး စဉ်းစားမှာ မဟုတ်ပါဘူး။”

လက်ရှိမှာ ရဲတပ်ဖွဲ့ ရက်တရာစီမံကိန်းအနေနဲ့ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ဦးစားပေး လုပ်ဆောင်ဖို့ စီစဉ်ထားရာမှာ ရဲတပ်ဖွဲ့အင်အား လုံလောက်မှုမရှိ ပေမယ့် အကောင်းဆုံးကာကွယ်လုပ်ဆောင်နေကြောင်း၊ လက်ရှိ စီမံကိန်းအတွက် အသုံးပြုနေတဲ့ ရဲအင်အားနဲ့ပတ်သတ်ပြီး ရန်ကုန်တိုင်း ရဲမှုးကြီး ဦးဝင်းနိုင်က အခုလို ပြောပါတယ်။

”ဖွဲ့စည်းပုံ အင်အား ၇၇၈၂ဦး ရှိရမယ့် နေရာမှာ လက်ရှိ အင်အား ၅၇၈၀ ဦး ရှိတဲ့အတွက် ရဲနဲ့ ပြည်သူအချိုးဟာ ၁ အချိုး ၁၂၇၄ ဦးကို လုံခြုံရေး တာဝန်နဲ့ တရားဥပဒေ စိုးမိုးရေး တာဝန် ထမ်းဆောင်နေတာ တွေ့ ရပါမယ်။ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အနေနဲ့ လူဦးရေ အချိုးနဲ့ ဆိုရင် သုံးဆနီးပါး တာဝန်ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။ မှုခင်းကျဆင်းရေး ရက်၁၀၀ စီမံချက်အနေနဲ့ကျွန်တော် ဆောင်ရွက်နေတဲ့ အပိုင်းမှာ ယခင် သတ်မှတ်ချက်တွေ အရ ရှိရင်း အင်အားတွေမှာ ၅၀ ရာခိုင်နှုန်း အထိ ခွဲခြားထားပြီး၊ ရက် ၁၀၀ စီမံချက်မှာ အချိန်နဲ့ ဆောင်ရွက်တဲ့အတွက် ရှိရင်း အင်အား ၅၇၈၀မှာ ၇၀ ရာခိုင်နှုန်းသော ၄၀၅၂ဦးကို ဒီစီမံချက်မှာ အင်အားဖြည့် ဆောင်ရွက်ထားတာ ရှိပါတယ်။”

စီမံချက် ကာလအတွင်း စီမံချက်လုပ်ငန်းတွေ ပြည့်မှီရေးအတွက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အပြင် မူးယစ်၊ လူကုန်ကူး၊နဲ့ ယာဉ်ထိန်းရဲ၊ စတဲ့ သက်ဆိုင်ရာဌာနအလိုက် ရဲဝန်ထမ်း တွေကလည်း ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ရဲမှုးကြီးဝင်းနိုင်က ပြောပါတယ်။ ရက် ၁၀၀ စီမံချက်ကို မေ လ ၁ရက်နေ့ ထဲက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီရက်တရာ အတွင်း အသိပညာပေးခြင်း၊ ဈေး၊ စူပါမတ်ကတ်နဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက လုံခြုံရေးတွေကို သင်တန်းပေးခြင်း၊ လုံခြုံရေး ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက် စုဆောင်းခြင်း၊ မူးယစ်ဆေးဝါးကို အထူးစီမံချက်အနေနဲ့ ဖမ်းဆီးအရေးယူခြင်း တို့ကို လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG