သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပယ်ချခံ ကိုယ်စားလှယ်လောင်းတချို့ အရွေးခံခွင့်ပြန်ရ


မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပယ်ဖျက်ခဲ့သော ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းကျော်ဇောမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အယူခံနေစဉ်။ (ဓာတ်ပုံ- UEC)
မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပယ်ဖျက်ခဲ့သော ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းကျော်ဇောမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အယူခံနေစဉ်။ (ဓာတ်ပုံ- UEC)

ပြည်နယ်နဲ့ခရိုင် ရွေးကောက်ပွဲကော်မရှင်တွေကနေ ပယ်ချထားတဲ့ ကိုယ်စားလှယ်လောင်း တချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြန်ပြီး ခွင့်ပြုပေးလိုက်ပါတယ်။ ပြန်လည်ခွင့်ပြုချက်ရရှိသူ အများစုကတော့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်ပြီး နောက်ထပ်လည်း အယူခံဝင်ထားကြသူတွေ ရှိနေဆဲပါ။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မတရားအသင်းနဲ့ဆက်သွယ်မှုနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ကိုယ်စားလှယ်လောင်းနှစ်ဦးနဲ့ တိုင်းရင်းသားစစ်မစစ် အငြင်းပွားမှုကြောင့် ပယ်ချခံရတဲ့ မန္တလေးတိုင်းက NLD ကိုယ်စားလှယ်လောင်း ၁ ဦးတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြန်ပြီး ရွေးကောက်ခံခွင့်ပေးလိုက်တယ်လို့ NLD ပြောခွင့်ရ လွှတ်တော်အမတ်ဦးဝင်းမြင့်က ပြောပါတယ်။

“ကချင်အမျိုးသား လွှတ်တော်အမှတ် (၄) က ဦးနောင်လှဂျာတန်၊ တနိုင်းမြို့နယ်က ပြည်နယ်လွှတ်တော် (၁) က ဦးကျော်ထန်၊ မန္တလေးတိုင်းက ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်အနေနဲ့ ဝင်အရွေးခံမယ့် ဦးစိုင်းကျော် (ခေါ်) ဦးကျော်ဇော၊ မတရားအသင်းနဲ့ဆက်တယ်ဆိုပြီးတော့ ပြည်နယ်ကော်မရှင်ကနေပြီးပယ်လို့….အပယ်ခံရတာ….။ အဲဒါနဲ့ခံရတယ်။ လူတယောက်ကတော့ …မဟုတ်ဘူးဆိုပြီး အပယ်ခံရမှာ။ …… ပြန်ပြီးရွေးကောက်ခံဖို့ရှိတယ်။”

ပယ်ချခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦးတို့ ပြန်ပြီးရွေးကောက်ပွဲဝင်ခွင့်ရပေမယ့် ကျန်တဲ့ NLD ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၅ ဦးတို့ကတော့ အသက်မပြည့်တာ၊ နောက် နိုင်ငံတွင်းမှာ ၁၀ နှစ်ဆက်တိုက်မနေခဲ့တာနဲ့ မိဘဖြစ်သူတွေ နိုင်ငံသားမဖြစ်တာ စတဲ့အချက်တွေကြောင့် အပယ်ခံခဲ့ရတယ်လို့လည်း ပြောခွင့်ရဦးဝင်းမြင့်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အပြီးသတ်လွှွတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတွေ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ထုတ်ပြန်နေဆဲဖြစ်ပြီး ဒီထုတ်ပြန်ချက်တွေကို ဆက်ပြီး စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့လည်း NLD က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ခံမယ့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါ်မိုင်စုစုလှိုင်ကို ပြည်နယ်ကော်မရှင်က ပယ်ချခဲ့တာကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြန်ပြီး ရွေးကောက်ခံခွင့်ပေးလိုက်ပါတယ်။ ပါတီအကြီးအကဲ ဦးငိုင်ဆာခ့်က အခုလို ပြောပါတယ်။

“မိုင်စုစုလှိုင်က အရွေးခံချင်တဲ့နေရာက ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်အမတ်ပေါ့နော်၊ တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက်နေရာကို ပြိုင်ချင်တာ။ ပြိုင်ချင်တဲ့အခါကျတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်ထုတ်ပြန်တဲ့အထဲမှာ …. ချင်းဖြစ်မှသာလျှင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးကို ပြိုင်ခွင့်ရှိမယ်။ ….ဘက်ကပဲ အမျိုးအနွယ်ကို ယူမယ်ဆိုပြီးတော့မှ သူတို့ထုတ်ပြန်ကြေညာတာရှိပါတယ်။ အဲဒီရှိတဲ့အခါကျတော့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ခွဲကလည်းပဲ အဲဒီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့အတူတကွ ငြင်းပယ်လိုက်တာဖြစ်တယ်ပေါ့နော်။ ကျနော်ကိုယ်တိုင်ပဲ အယူခံ ဝင်ရောက်လွှာကို ရေးပေးပြီးတော့ တင်ပြပေးတာပါ။ အဲဒီမှာတော့ ကျနော်တို့က အခြေခံဥပဒေမှာ - ‘နိုင်ငံသားတစ်ဦးဟာ သူ့ရဲ့ရွေးကောက်ခံပိုင်ခွင့်တွေ ရှိပါလျှက်နဲ့ ငြင်းပယ်ပိုင်ခွင့် မရှိရဘူး၊ ရွေးချယ်ခံပိုင်ခွင့် ရှိရမယ်’ - ဆိုတဲ့ ဒီဥပဒေတွေကို ကျနော်ကနေ ဒီဟာကို ကိုးကားကြည့်ပြီးတော့ အဲဒါကို တင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ စက်တင်ဘာလ (၃) ရက်နေ့မှာပဲ ကော်မရှင်က ကြားနာပြီးတော့ အဲဒါကို လက်ခံပြီးတော့ ကျနော်တို့ ရခိုင်ပြည်နယ်ကော်မရှင်ခွဲရဲ့ အမိန့်ကို ပယ်ဖျက်ပြီးတော့ ပြန်လည်အရွေးခံခွင့်ပြုလိုက်တာဖြစ်ပါတယ်။”

ချင်းပြည်နယ်နဲ့ ချင်းတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ တခြား ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက အမတ်နေရာ စုစုပေါင်း ၂၇ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်လောင်းတွေထဲက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အမတ်နေရာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဦးရန်ခိုလန်းကို ပယ်ချထားတာကိုလည်း ဆက်ပြီး အယူခံဝင်ထားတယ်လို့လည်း ဦးငိုင်ဆာခ့်ကပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုယ်စားလှယ်လောင်း စည်းမျဉ်းသတ်မှတ်ချက်နဲ့ မကိုက်ညီဘူးဆိုပြီး ပယ်ချခံထားရသူ ၈၀ ကျော်ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပေမယ့် ဘယ်သူတွေပါသလဲဆိုတာကိုတော့ အတိအကျ မထုတ်ပြန်သေးပါဘူးရှင်။

XS
SM
MD
LG