မြန်မာနိုင်ငံထဲ စီးဝင်နေတဲ့ ရွှေလီမြစ်၊ သံလွင်မြစ် စတဲ့ မြစ်တွေရဲ့ အထက်ပိုင်းမှာ တရုတ်နိုင်ငံက ဆည်တွေ တည်ဆောက်နေတဲ့အတွက် မြန်မာနိုင်ငံ မြောက်ပိုင်း ရှမ်းပြည်နယ် အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံ လူထုတွေရဲ့ စားဝတ်နေရေး အပါအဝင် သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်နေတယ်လို့ ရှမ်း သဘာ၀ ပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားရေး အဖွဲ့နဲ့ ရှမ်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တို့က အဲဒီဒေသတွေမှာ ကွင်းဆင်းလေ့လာပြီး တင်သွင်းတဲ့ အစီရင်ခံစာကို ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ရွှေလီမြစ်အထက်ပိုင်း တရုတ်နိုင်ငံ အတွင်းမှာ လောင်ဂျန်း (Longjiang) ဆည် ဆောက်လိုက်တဲ့အတွက် ဒေသခံ ကျေးရွာလူထု ၁၆,၀၀၀ လောက်ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထိခိုက်စေတယ်လို့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားရေး အဖွဲ့နဲ့ ရှမ်း သဘာ၀ ပတ်ဝန်းကျင် အဖွဲ့တို့က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လောင်ဂျန်းဆည် ဆောက်လိုက်လို့ ဒေသခံတွေ ထိခိုက်နစ်နာရတဲ့ အခြေအနေတွေကိုတော့ SWAN ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားရေး အဖွဲ့က အကြံပေး နန်းချမ်တောင်းက အခုလို ပြောပြပါတယ်။
“ဒီဆည်ကို ဆောက်လိုက်တဲ့အတွက် ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ဒေသခံလူထုကို အကြီးအကျယ် ထိခိုက်စေပါတယ်။ အထူးသဖြင့်တော့ ရွှေလီမြစ်ကျော တလျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေ ပိုအထိနာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း အများစုဟာ ဒီမြစ်အပေါ်မှာ မှီခိုနေကြရတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဆည်ဆောက်လိုက်လို့ မြစ်ရေခန်းခြောက်မှုတွေ မကြာခဏ ကြုံတွေ့ရပြီး စိုက်ပျိုးရေးကို ထိခိုက်စေသလို ဒေသခံတွေရဲ့ ယဉ်ကျေးမှုကိုပါ ထိခိုက်စေပါတယ်။”
ဒီ လောင်ဂျန်းဆည်ကို ၂၀၀၆ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး အခုနှစ် ဇူလိုင်လမှာ စတင် လည်ပတ်တယ်လို့ ဆိုပါတယ်။ ဒီဆည် စတင်မလည်ပတ်ခင် အခုနှစ်ဆန်းပိုင်းကစပြီး မြစ်ရေခန်းခြောက်မှု၊ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ မြစ်ရေ ရုတ်တရက် လျှံတက်လာတာကြောင့် မြစ်ထဲမှာ ရှိနေတဲ့ ဖယ်ရီတွေ မှောက်ပြီး ကုန်ပစ္စည်း ဆုံးရှုံးမှု စတာတွေကို ဒေသခံတွေ ကြုံတွေ့လာရတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအတွင်း ရွှေလီမြစ်ပေါ်မှာ ဆည် ၃ ခု တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း သံလွင်မြစ်ပေါ်မှာလည်း တရုတ်၊ ထိုင်း စတဲ့ နိုင်ငံတွေနဲ့ မြန်မာစစ်အစိုးရက ဖက်စပ်ဆည်ပေါင်း ၇ ခု တည်ဆောက်ထားတဲ့အတွက် ဒေသခံ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်နေပေမဲ့ ဒေသခံ လူထုကတော့ ဒီဆည်တွေ ဆောက်တဲ့အတွက် အကျိုးခံစားခွင့် လုံးဝမရှိဘူးလို့ Sapawa ရှမ်း သဘာ၀ ပတ်ဝန်းကျင် အဖွဲ့က စိုင်းစိုင်းက ပြောပါတယ်။
“အခု ဒီဆည်တွေ ဆောက်ခြင်းအားဖြင့် ခံစားခွင့်တွေ ဒေသခံလူထုတွေ ဘာတွေရှိသလဲဆိုတော့ ကျနော်တို့ တွေ့သလောက်တော့ လုံးဝမရှိဘူး။ ဥပမာ ရေကာတာ တည်ဆောက်တဲ့နေရာမှာ ဆိုရင်လည်း စစ်ပဋိပက္ခဖြစ်တဲ့ နေရာတွေ ရှိတယ်။ စစ်တပ်တွေ တိုးမြှင့်တာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာတယ်။ အများအားဖြင့်တော့ ဒီရေကာတာရဲ့ ရေလွှမ်းမိုးတဲ့ နေရာမှာဆိုရင် ရပ်ရွာတွေ ရွှေ့ပြောင်းရတယ်။
“ဥပမာ အောက်ပေါင်းလောင်းမှာဆိုရင် ရေကာတာ လုပ်ခြင်းအားဖြင့် လူထု ထောင်ကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ရတယ်။ ဖြစ်ရတဲ့လူထုကလည်း ကယန်းလူမျိုးစု ဖြစ်တာပေါ့။ အဲဒီလူထုမှာလည်း သူတို့ရိုးရာနဲ့ သူတို့ နေထိုင်စားသောက်တဲ့ နေရာဒေသ အနေနဲ့လည်း ရွှေ့ပြောင်းခံရတယ်။ အရင်တုန်းကလို ဘိုးဘွားစဉ်ဆက် နေထိုင်လာတဲ့ ထုံးတမ်းစဉ်လာလည်း မလုပ်နိုင်တော့ဘူး။”
ဒါ့အပြင် အခုလို ဆည်တွေကို ဆောက်ခြင်းအားဖြင့် သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ဆိုးကျိုးတွေ အများကြီး ဖြစ်စေတယ်လို့ စိုင်းစိုင်းက ဆက်ပြောပါတယ်။
“သဘာ၀ ပတ်ဝန်းကျင်က ဆုံးရှုံးမှု တော်တော်ရှိတယ်။ ဥပမာ မြစ်တခုက၊ အများစုက ကျနော်တို့နိုင်ငံ လူထုကို ပြန်ကြည့်မယ်ဆိုရင် သဘာ၀ ပတ်ဝန်းကျင်ကို မှီခို စားသောက်နေတဲ့ လူထုဖြစ်တယ်။ အကယ်၍ မြစ်တခုကို ပြောင်းလဲတော့မယ်ဆိုရင် မြစ်တခုက ပြောင်းလဲမှုအပေါ် ရွာသွားတွေက အရင်တုန်းကလို မခံစားနိုင်တော့ဘူး။ ဥပမာ ရေလမ်းက ရေကို ပိတ်လိုက်မယ်ဆိုရင် အပေါ်မှာရှိနေတဲ့ သစ်တောတွေ အကုန်လုံး ရေလွှမ်းမိုး ခံရတယ်။ ရပ်ရွာတွေလည်း ရေအောက်မှာရှိတယ်။
“ဥပမာ တာဆန်းရေကာတာမှာဆိုရင် တာဆန်းကို ပိတ်လိုက်တော့ ကွန်ဟိန်းမြို့နယ်မှာရှိတဲ့ ကိန်းခန်းကျေးရွာအုပ်စု၊ အဲဒီဒေသမှာ ရှိနေတဲ့ လူထု ထောင်ပေါင်းများစွာရဲ့ အိုးအိမ်တွေ ရေအောက်မှာ ဖြစ်သွားနိုင်တယ်။ အဲဒီလိုမျိုးလည်း ပြဿနာတွေ ကြုံရတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်လည်း အရင်လို မရနိုင်တော့ဘူး။ နောက်ထပ် နေရာအသစ် ရွှေ့ပြောင်းရတယ်။ နေရာအသစ် ရွှေ့ပြောင်းမယ် ဆိုရင်လည်း ကိုယ့်ရဲ့ အရင်က စိုက်ပျိုးတဲ့ နေရာလို မဟုတ်ဘူးဆိုတော့ နောက်ထပ် လူမှုရေး ပြဿနာတွေ တော်တော်များများ ကြုံရမယ်။”
ဒီဆည်တွေကိုဆောက်တဲ့ တရုတ်ကုမ္ပဏီတွေရော၊ မြန်မာစစ်အစိုးရ အာဏာပိုင်တွေကပါ ဆည်တွေဆောက်လို့ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ ဒေသခံ လူထုကို အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်တာ မရှိဘူးလို့ ဆိုပါတယ်။
နောက် ဆည်တွေဆောက်တဲ့အတွက် ဒေသခံ ပြည်သူလူထု အနေနဲ့ အိုးအိမ်တွေ ဆုံးရှုံးရုံတင် မကဘဲ သူတို့ရဲ့ လက်ငုပ်လက်ရင်း စိုက်ပျိုးရေး လုပ်ငန်းတွေလည်း ဆုံးရှုံးကြရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံ အပါအဝင် ဒီဆည်တွေကို ဆောက်တဲ့ ကုမ္ပဏီတွေ အနေနဲ့ ဒေသခံလူထု နစ်နာ ဆုံးရှုံးရတာတွေ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်တာတွေကို တာဝန်သိစိတ်ဓာတ်နဲ့ နဂိုမူရင်း မဟုတ်တောင် မူရင်းနီးပါး ပြန်ဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားရေး အဖွဲ့နဲ့ ရှမ်း သဘာ၀ ပတ်ဝန်းကျင် အဖွဲ့တို့က တောင်းဆိုလိုက်ကြပါတယ်။