သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ရှိနေလို့ ရွာသားတွေအိမ်မပြန်ရဲ


ရှမ်းပြည်နယ် လွိုင်တိုင်းလန်းဌာနချုပ်အနီးမှာ စောင့်ကြပ်နေတဲ့ SSA တပ်သားများ (ဓာတ်ပုံ - Apichart Weerawong/AP/dapd)
ရှမ်းပြည်နယ် လွိုင်တိုင်းလန်းဌာနချုပ်အနီးမှာ စောင့်ကြပ်နေတဲ့ SSA တပ်သားများ (ဓာတ်ပုံ - Apichart Weerawong/AP/dapd)

ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ဖာဆောင်ရွာမှာ တပ်စွဲထားတဲ့ အစိုးရစစ်တပ်တွေ ပြန်လည် ဆုတ်ခွာပေးဖို့အတွက် ဒေသခံရွာသား ၃၀၀ လောက်က နိုင်ငံတော်သမ္မတဆီကို စာရေးသား ပေးပို့လိုက်ပါတယ်။

ဒီလို စာပေးပို့တာကတော့ စစ်တပ်က ကျေးရွာအတွင်းမှာ အခြေပြုနေထိုင်နေတာကြောင့် ရွာသားတွေဟာ အိမ်မပြန်ရဲသလို လယ်ယာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်ကိုင်နိုင်တာကြောင့်လို့ စာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ဖာဆောင်ရွာအနီးမှာ လွန်ခဲ့တဲ့ ဇွန်လကုန်ပိုင်းက အစိုးရတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဇူလိုင်လအတွင်းမှာ အစိုးရတပ်တွေက ဖာဆောင်ရွာအတွင်းမှာ လာရောက်တပ်စွဲနေခဲ့တာ ဖြစ်ပါတယ်။

ဒီလိုတပ်စွဲထားတာကြောင့် ဖာဆောင်ရွာသား ၃၀၀ နီးပါးဟာ ဖာဆောင်ရွာအနီးက ဝမ်ဝပ်ရွာ ဘုန်းကြီးကျောင်းမှာ သွားရောက် ခိုလှုံနေထိုင်နေကြရပါတယ်။ အင်္ဂါနေ့ကတော့ အစိုးရတပ်က ၂ လကျော်ကြာ တပ်စွဲထားတာကို ရွာသားတွေက ပြန်ဆုတ်ပေးဖို့အတွက် နိုင်ငံတော်သမ္မတဆီကို အသနားခံစာ ပေးပို့လိုက်တယ်လို့ ရှမ်းလူ့အခွင့်အရေးရဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းခွမ်လိတ်က ပြောပါတယ်။

“ဖာဆောင်ရွာထဲမှာ မြန်မာစစ်တပ်ကနေပြီးတော့မှ အင်အား ၅၀၀ လောက်တပ်စွဲထားတယ်။ ရွာသားတွေကလည်း ရွာတွေလည်း မပြန်နိုင်ဘူး။ ပြီးရင် သူတို့ လယ်ယာတွေလည်း စိုက်ပျိုးလို့မရဘူး။ ပြီးသွားတော့ ဆန်၊ ကျွဲနွားတွေလည်း ရှိတယ်ပေါ့နော်။ အဲ့ဒါတွေနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ကိုပေါ့နော် စစ်တပ်ကနေပြီးတော့မှ သူတို့ရဲ့ တပ်သားတွေကို ရွာထဲကနေ ဆုတ်ခွာပေးဖို့နဲ့ ပြီးရင် ပျက်စီးသွားတဲ့ လယ်ယာမြေတွေ၊ ဆုံးရှုံးသွားတဲ့ ပစ္စည်းဥစ္စာတွေအတွက် လျော်ပေးဖို့အတွက် အသနားခံစာ ပို့ခဲ့တာရှင့်။ မနေ့ကပဲ ရက်စွဲတပ်ပြီးတော့မှ ပေးလိုက်ပါတယ်။”

အသနားခံစာ မိတ္တူကို ဒုတိယသမ္မတ ဦးစိုင်းမောက်ခမ်း၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်က စစ်တိုင်းမှူးတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လိပ်မူပေးပို့ခဲ့ပါတယ်။

ဒီအသနားခံစာ ပေးပို့ဖို့ကို ပြီးခဲ့တဲ့လလယ်လောက်က စတင်ပြီး ရွာသားတွေဆီက လက်မှတ် ကောက်ယူ စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ စာပေးပို့ချိန်မှာတော့ ရွာသူ၊ ရွာသား ၂၀၀ ကျော် ပါဝင် လက်မှတ် ရေးထိုးထားတယ်လို့ နန်းခွမ်လိတ်က ပြောပါတယ်။ ကျေးသီးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်က ဖာဆောင်ရွာက တိမ်းရှောင်နေတဲ့ ဒေသခံတွေဟာ လယ်ယာစိုက်ပျိုးမရတာကြောင့် နောက်နှစ်အတွက် ဝမ်းစာခက်ခဲနိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

“အစိုးရက ရွာထဲမှာ တပ်စွဲထားတဲ့ဟာကို ရွာထဲရှိနေသေးရင်တော့ ရွာသားတွေက အိမ်မပြန်ရဲကြဘူးလေ။ ဘာမှတော့ မဖြစ်ဘူးပေါ့။ ဒါပေမဲ့ တိုက်ပွဲဖြစ်လို့ရှိရင် ဒုက္ခရောက်မှာစိုးလို့ဆိုပြီး ရွာသားတွေက မပြန်ရဲဘူး။ အခု အခြေအနေအရဆိုရင် အိမ်ပြန်တာတောင်မှ ခြံဝင်းထဲကရှိတဲ့ ဟင်းသီးဟင်းရွက်တွေတောင်မှ မရှိနိုင်တော့ဘူး။ အဲ့လိုဖြစ်နေတယ်။ နောက်နှစ်အတွက် ဘာမှမရှိတော့ဘူးလေဗျာ။ ကျနော်တို့ဘက်မှာက နွေစပါးတို့ ဘာတို့လည်း လုပ်လို့မရဘူး။ အဲ့ဒါကြောင့် သူတို့က နောက်နှစ်အတွက် စားနပ်ရိက္ခာလည်း မရနိုင်ဘူးပေါ့ဗျာ။”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ အစိုးရတပ်အကြားမှာ ဇွန်လကုန်က ကျေးသီးမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ သြဂုတ်လ ပထမပတ်အထိ ကြိုကြား ဆက်လက် ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ SSA မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ကို သွားရောက်ပြီး အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းပေမဲ့လည်း နှစ်ဘက်တပ်တွေအကြားမှာ စစ်ရေးအရ တင်းမာတာတွေ ဆက်လက် ဖြစ်ပေါ်နေခဲ့ပါတယ်။

ဒီလ ၂၅ ရက်နေ့ကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း ဒုဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင် ၁၂ ပါ ကိုယ်စားလှယ်အဖွဲ့ဟာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့အတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံခဲ့သလို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတက ကျေးသီးမြို့နယ် ဖာဆောင်ရွာမှာ စစ်ရေးတင်းမာတာတွေ မရှိဖို့အတွက် နှစ်ဘက်တပ်တွေကို အဲဒီနေရာက ဆုတ်ခွာဖု့ိ ပြောခဲ့တယ်လို့ SSA မြောက်ပိုင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စပ်ခွန်ဆိုင်းက ပြောပါတယ်။

“သမ္မတကြီးကတော့ တွေ့ပြီးတော့ နောက်ဆုံး အတူတကွ အစည်းအဝေးပြီးတော့မှ ဓာတ်ပုံတွေဘာတွေ ရိုက်ပြီးတော့ သမ္မတကြီးကတော့ ပြောပါတယ်။ ကျနော်တို့ SSPP/SSA ကလည်း ဆုတ်လိုက်၊ အဲ့ဒီမှာ မနေနဲ့။ ဗမာ့တပ်မတော်ဘက်ကလည်း ဆုတ်လိုက်၊ အဲ့ဒီမှာ မနေကြနဲ့။ ဘယ်သူမှ အဲ့ဒီမှာ မနေကြနဲ့ပေါ့ သမ္မတကြီးရဲ့သဘောထားက အဲ့လိုပြောလိုက်ပါတယ်။ အဲ့ဒါကတော့ သေသေချာချာ ဆွေးနွေးဦးမယ်လေ။ ဗဟိုကော်မတီမှာ သမ္မတကြီးက ဒီလို သဘောထားရှိပါတယ်။ ဒါပြန်ဆွေးနွေးမှာပေါ့။”

SSA မြောက်ပိုင်းနဲ့ အစိုးရအကြားမှာ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အပစ်အခတ်ရပ်စဲခဲ့ပေမဲ့ နှစ်ဘက်သဘောတူပြီးနောက်ပိုင်း တိုက်ပွဲပေါင်း အနည်းဆုံး ၁၀၀ ကျော်လောက် ဖြစ်ပွားခဲ့ပါတယ်။ လောလောဆယ်မှာတော့ SSA မြောက်ပိုင်းအဖွဲ့ ပါဝင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ပါဝင် ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းအဖွဲ့ NCCT က အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးနေပါတယ်။ လာမယ့် လကုန်ပိုင်းလောက်မှာ တပြည်လုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်မယ့် အခြေအနေ ရှိနေတယ်လို့လည်း မျှော်မှန်းထားပါတယ်။

XS
SM
MD
LG