သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ SSA တိုက်ပွဲ ဒေသခံတွေဒုက္ခရောက်


ရှမ်းကလေးငယ်တချို့။ (မေလ ၂၁ ရက်၊ ၂၀၀၅)။
ရှမ်းကလေးငယ်တချို့။ (မေလ ၂၁ ရက်၊ ၂၀၀၅)။
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့အနီးမှာ တရားဝင်အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ အခုဆိုရင် နှစ်ထောင်နီးပါးရှိသွားပြီလို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ ရာချီတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် သောက်သုံးရေပြတ်လပ်ပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ရှမ်းလူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

အပစ်ရပ်ဖို့ နှစ်ဘက်သဘောတူထားတဲ့ကြားကပဲ SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နဲ့ မြန်မာစစ်တပ်ကြား အခုဆိုရင် ရင်ဆိုင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲတွေက ပြင်းထန်လာနေတဲ့အတွက် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်နဲ့ မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရှမ်းလူထုအခြေပြုအဖွဲ့ ပြောခွင့်ရ စိုင်းခေးစိုင်က ပြောပါတယ်။

“လောလောဆယ်မှာ လူဦးရေ ၂,၀၀၀ နီးပါး ရှိပြီခင်ဗျ။ အခုလတ်တလောကတော့ ပစ်ခတ်နေတဲ့နေရာတွေက ရွာသားတွေကတော့ တချို့မြို့ထဲမှာတော့ ခဏရှောင်နေတယ်။ တချို့ကတော့ ဘုန်းကြီးကျောင်းတွေဆီမှာ ရှောင်နေတယ်။ တချို့ကတော့ တရုတ်နယ်စပ်၊ တချို့ကတော့ ထိုင်းဘက်ခြမ်း အဲဒီလိုတော့ သူ့ဟာနဲ့သူ သူ့လမ်းနဲ့သူ ပုန်းရှောင်နေတာရှိပါတယ်။”

အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၂,၀၀၀ လောက်ရှိသွားပြီဖြစ်ပြီး၊ ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ အရေးတကြီး လိုအပ်နေတယ်လို့ စိုင်းခေးစိုင်က ပြောပါတယ်။

“အရေးကြီးဆုးကတော့ လတ်တလော ကျနော်တို့ အစားအစာရယ်၊ နောက်ပြီးတော့ သောက်သုံးရေ ရယ်ပေါ့။ နောက် တခြား အိပ်ယာ၊ ခြင်ထောင် အဲဒါတွေကတော့ ဒုတိယပေါ့နော်။ ပထမဆုံးကျတော့ သူတို့ နေ့စဉ်စားသောက်ဖို့ အစားအစာတွေကလည်း အရေးကြီးနေပါတယ်ခင်ဗျ။ အဲဒါကို ကျနော်တို့ ကူညီဖို့လည်း တခြားနေရာတွေကိုလည်း တိုက်တွန်းနေတယ်။”

တကယ်တော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ လက်အောက်ခံ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကြား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီးဖြစ်ပါတယ်။ နှစ်ဘက်တပ်ကြား ဒီလိုမျိုးတိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ်မှာလည်း နှစ်ဘက်တာဝန်ရှိသူတွေ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးထားပြီးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ စိုင်းခေးစိုင်က ပြောပါတယ်။
“အပစ်အခတ်ရပ်စဲတာက နှစ်ကြိမ်တောင်ရှိပါပြီ။ အခု လတ်တလော အသစ်ပြန်ပြီးတော့ လက်မှတ်ရေးထိုးတာလည်း ရှိတယ်ခင်ဗျ။ နောက်ပြီးတော့ ဆွေးနွေးနေတာလည်း ရှိတယ်ခင်ဗျ။ အဲဒီလိုမျိုးလုပ်ရင်းတန်းလန်းနဲ့လည်း ပစ်နေတာတွေ ပိုဖြစ်လာတာကတော့ အဲဒါတော့ဘာကြောင့်လဲ ပြောလို့မတတ်ဘူး။”

မြန်မာစစ်တပ်နဲ့ SSPP/ SSA မြောက်ပိုင်းတပ်တွေကြား ပြီးခဲ့တဲ့ မတ်လကတည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာမှာ သင်္ကြန်တွင်းတုန်းကလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။ ရှမ်းပြည်နယ် တန့်ယန်းမြို့နဲ့ မိုင်းရှူးမြို့ကြားမှာ အခုထက်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းလည်း ဆက်ပြောပြပါတယ်။

“တန့်ယန်းနဲ့ မိုင်းရှူးပေါ့။ တန့််ယန်းရယ်၊ မိုင်းရှူးရယ်ကြားထဲမှာ ဖြစ်နေတယ်ခင်ဗျ။ အဲဒီလိုမျိုး လက်နက်ကြီးနဲ့ပစ်တာတွေ၊ ထိခိုက်မှုတွေ ရှိတယ်။ နောက်ပြီးတော့ ဝင်ပြီးတော့ လမ်းဖြတ်ရင်းနဲ့တိုက်တာတွေ။ တချို့ကတော့ အစီအစဉ်ရှိရှိနဲ့ တက်ပြီးတော့ တွေ့ဆုံတိုက်တာတွေ အဲဒါတော့ ခဏခဏဖြစ်နေတယ်။”

အခုအချိန်အထိ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ အစိုးရတပ်ကြား စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး နယ်မြေမတည်ငြိမ် မအေးချမ်းတဲ့အတွက် ဒေသခံပြည်သူတွေ အခုလို ဒုက္ခတွေတွေ့နေရတဲ့အပေါ် နှစ်ဘက်အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေအနေနဲ့ အပစ်ရပ်သဘောတူမှုကို လေးစားသင့်ပြီး ဒေသခံပြည်သူတွေကလည်း စစ်အမြန်ငြိမ်းဖို့ လိုလားနေကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ အပစ်အခတ်လည်း ရပ်စဲထားပြီးပြီ။ သိပ်မကြာသေးဘူး။ လက်မှတ်ထိုးတာလည်း သိပ်မကြာသေးဘူး။ အကောင်အထည်ဖော်ဖို့လည်း စကားပြောပြီးသားဖြစ်နေတဲ့ အတွက်ကြောင့် ဒီစစ်ကတော့ တတ်နိုင်လို့ရှိရင် ရပ်ပြီးတော့ နှစ်ဦးနှစ်ဘက် ကောင်းကောင်းဆွေးနွေး သဘောတူဖို့ပေါ့။ နောက်ပြီးတော့ ကျနော်တို့ အစိုးရဘက်ကလည်း ကျနော်တို့ သဘောတူထားတဲ့အတိုင်း အဲဒီနယ်မြေတွေကိုလည်း ပေးထားပြီဖြစ်တဲ့အတွက်ကြောင့် အဲဒီနယ်မြေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတဲ့ဟာမျိုး နှစ်ဦးနှစ်ဘက်ပေါ့။ အဲဒီမှာ နိုင်ငံရေးအရရော၊ စစ်ရေးအရရော နှစ်ဘက်စလုံး သဘောတူညီချက်အတိုင်း လိုက်နာကြဖို့ရယ်၊ နောက်ပြီးတော့ ပြည်သူလူထု၊ အဲဒီဒေသခံတွေပဲဖြစ်ဖြစ် အဲဒီနေရာမှာရှိနေတဲ့ ထောင်သောင်းမက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။”

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမဲ့ တနှစ်ကျော်ကာလ အတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့သလို တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ခေါ် RCSS/SSA တောင်ပိုင်းနဲ့လည်း အပစ်ရပ်ဖို့ သဘောတူပြီးတဲ့နောက် တိုက်ပွဲပေါင်းအကြိမ် ၆၀ ကျော်လောက် ဖြစ်ပွားခဲ့ပါသေးတယ်။
XS
SM
MD
LG