သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံသားဖြစ်ခွင့်ရတဲ့ ရှမ်းတိုင်းရင်းသူ လူငယ်သိပ္ပံပြိုင်ပွဲ အထူးဆုရရှိ


ဆုရရှိတဲ့ ရှမ်းတိုင်းရင်းသူလေး နမ့်ဖိန့်ပင်ညာ
ဆုရရှိတဲ့ ရှမ်းတိုင်းရင်းသူလေး နမ့်ဖိန့်ပင်ညာ

အမေရိကန်ဗီဇာ ငြင်းပယ်ခံရပြီးတဲ့နောက်မှာ နိုင်ငံမဲ့အဖြစ်ကနေ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ မြန်မာနိုင်ငံဖွား ရှမ်းတိုင်းရင်းသူလေး နမ့်ဖိန့်ပင်ညာဟာ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ နိုင်ငံတကာ လူငယ်သိပ္ပံပြိုင်ပွဲမှာ အထူးဆု ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရဖို့အတွက် အမေရိကန်ဗီဇာရဖို့ ကြိုးစားချိန်မှာ နိုင်ငံမဲ့တယောက် ဖြစ်နေတဲ့အတွက် အခက်အခဲ ကြုံခဲ့ရသလို နောက်ဆုံး ထိုင်းအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးခဲ့တာကြောင့် အခုလို အမေရိကန်ပြည်ထောင်စုမှာ သွားရောက် ယှဉ်ပြိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အောင်ပွဲနဲ့အတူ ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့တဲ့အကြောင်း မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖိနစ်စ်မြို့မှာ ကျင်းပတဲ့ Science Project Competition – Intel ISEF ၂၀၁၉ နိုင်ငံတကာ လူငယ်သိပ္ပံပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့သွားတဲ့ ထိုင်းမြောက်ပိုင်းချင်းရိုင်ခရိုင်က ရှမ်းတိုင်းရင်းသူလေး နမ့်ဖိန့်ပင်ညာဟာ နိုင်ငံမဲ့ ဖြစ်တာကြောင့် အမေရိကန်နိုင်ငံက ဗီဇာပေးဖို့ အစောပိုင်း ငြင်းပယ်ခံခဲ့ရသူပါ။ ဒါပေမဲ့ ပြိုင်ပွဲဝင်ခါနီး ၂ ရက်ခန့်အလို မေလ ၁၀ ရက်နေ့မှာပဲ ထိုင်းနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးခဲ့ပြီးတဲ့နောက်မှာပဲ အမေရိကန်ဗီဇာကို ထပ်လျှောက်ပြီး အမေရိကန်ကို သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။

နိုင်ငံတကာ လူငယ်သိပ္ပံပြိုင်ပွဲမှာ ကမ္ဘာတဝှမ်းက သိပ္ပံနဲ့ နည်းပညာ ကျောင်းသားအဖွဲ့တွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆု (၈) ဆု ပေးခဲ့ရာမှာ နမ်ဖင့် ပင်ညာ ပါဝင်တဲ့ စိုက်ပျိုးရေး နည်းပညာအဖွဲ့ကတော့ မိုးခေါင်ရေရှားဒေသမှာ ဆန်စပါး စိုက်ပျိုးရေးလုပ်တဲ့အခါ အပင်တွေ မျိုးစေ့တွေ အောင်မြင်အောင် ဆက်လက်ကြီးထွား ရှင်သန်နိုင်အောင် ရာဘာ သစ်တောတွေကနေ အထောက်အကူ ရယူရေး ပရောဂျက် တင်ပြခဲ့ရာမှာ USAID ကပေးတဲ့ အထူးဆု ဒေါ်လာ ၃၀၀၀ ကို နမ့်ဖင့်တို့ အသင်းက ရရှိသွားခဲ့တာပါ။

ဒီဆုရရှိခဲ့တာနဲ့ ပတ်သက်လို့ ရှမ်းတိုင်းရင်းသူလေး နမ့်ဖင့်က ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

“ကျမတို့ ခုလို ဒီဆုကိုရခဲ့တာဟာ ပြိုင်ပွဲဝင်နိုင်ရေးအတွက် ကြိုးပမ်းပေးခဲ့တဲ့ ဆရာ၊ ဆရာမနဲ့ ဝိုင်းဝန်း ကူညီခဲ့ကြတဲ့ လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဒီပြိုင်ပွဲဟာ ထင်သလောက် မလွယ်သလို ဘာသာစကားဆိုင်ရာ အခက်အခဲတွေလည်း ကျမတို့မှာ ရှိခဲ့ပါတယ်။ လာပြိုင်ကြသူတွေဟာလည်း နိုင်ငံတကာက အတော်ဆုံး ကျောင်းသာတွေ ဖြစ်တာကြောင့် ကျမတို့အနေနဲ့ အခက်အခဲတွေ အများကြီး ကျော်လွှားခဲ့ရတာပါ။ ထိုင်းနိုင်ငံ လူငယ်မျိုးဆက်တွေဟာ နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်တဲ့ အဆင့် ရှိသလို ပညာရေးမှာလည်း ထူးချွန်တဲ့ သူတွေရှိတယ်ဆိုတာ ကမ္ဘာက သိသွားလို့ ကျမ အနေနဲ့ ဝမ်းသာပါတယ်။” လို့ ပြောသွားပါတယ်။

ရှမ်းတိုင်းရင်းသူလေး နမ့်ဖိန့်ပင်ညာကို ချင်းရိုင်မြို့ပိုင်ရုံးမှာ နိုင်ငံသားမှတ်ပုံတင်ရိုက်ပေးနေစဉ်
ရှမ်းတိုင်းရင်းသူလေး နမ့်ဖိန့်ပင်ညာကို ချင်းရိုင်မြို့ပိုင်ရုံးမှာ နိုင်ငံသားမှတ်ပုံတင်ရိုက်ပေးနေစဉ်

သူမကတော့ ရှမ်းတိုင်းရင်းသား မိဘ ၂ ပါးက မွေးဖွားတဲ့ နိုင်ငံမဲ့ကလေး ဖြစ်ပါတယ်။ သူမဟာပြိုင်ပွဲ မဝင်ခင်မှာ အမေရိကန်နိုင်ငံကို သွားရောက်ဖို့အတွက် နိုင်ငံမဲ့ ဖြစ်နေတာကြောင့် ဗီဇာ ငြင်းပယ်ခံခဲ့ရပါတယ်။ သူမလိုပဲ ထိုင်းတောင်ပိုင်း ရနောင်းမြို့က ယွန်းရဒီ ပီယဖတ်ဆိုတဲ့ အထက်တန်း ကျောင်းသူလေးဟာလည်း အမေရိကန်နိုင်ငံ နယူးယောက်မှာ ကျင်းပမဲ့ Genius Olympaid လူငယ်သိပ္ပံပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့ အရွေးခံရပေမယ့် ရွှေ့ပြောင်းအလုပ်သမား မိဘနှစ်ပါးက မွေးဖွားပြီး နိုင်ငံမဲ့ကလေး ဖြစ်နေတာကြောင့် ဗီဇာ ငြင်းပယ်ခံထားရတာပါ။

ဒီနောက်မှာတော့ ထိုင်းအစိုးရက မေလ ၁၀ ရက်နေ့မှာပဲ သူတို့ကို ထိုင်းနိုင်ငံသားပေးခဲ့ပြီး နိုင်ငံကူး လက်မှတ်တွေ လုပ်ပေးခဲ့တာကြောင့် ၂ ဦးလုံးဟာ နိုင်ငံတကာမှာ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်နိုင်ဖို့အတွက် ဗီဇာတွေအခက်အခဲမရှိဘဲ အခွင့်အရေးတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က Tham Luang လိုဏ်ဂူအတွင်း သီတင်းပတ်နဲ့ချီ ပိတ်မိခဲ့ကြပြီး ပြန်လည် လွတ်မြောက်လာခဲ့တဲ့ တောဝက်ဘောလုံးအသင်းဝင် နိုင်ငံမဲ့ဖြစ်နေတဲ့ မြန်မာတိုင်းရင်းနွယ်ဖွား လူငယ် ၃ ဦးနဲ့ ဘောလုံးနည်းပြ တဦးတို့ကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG