သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂူတွင်းကျန်သေးသူတွေ ကယ်ထုတ်ရေးလုပ်ငန်းစဉ် ဒုတိယအဆင့် မကြာခင်စတင်ဖို့ မျှော်လင့် 


လိုဏ်ဂူရှေ့မှထွက်ခွာသွားသည့် အရေးပေါ်လူနာတင်ယာဉ် နှစ်စင်းထဲမှတစင်း။ ၈ ဇူလိုင် ၂၀၁၈။
လိုဏ်ဂူရှေ့မှထွက်ခွာသွားသည့် အရေးပေါ်လူနာတင်ယာဉ် နှစ်စင်းထဲမှတစင်း။ ၈ ဇူလိုင် ၂၀၁၈။

ထိုင်းနိုင်ငံက ဂူထဲမှာ ကျန်နေသေးတဲ့ ကျောင်းသားငယ် (၈)ယောက်နဲ့ သူတို့ဘောလုံးအသင်းနည်းပြတို့ကို ကယ်ထုတ်ရေးလုပ်ငန်းစဉ် ဒုတိယအဆင့်ကို မကြာခင် ပြန်စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ တနင်္ဂနွေနေ့က ကယ်ထုတ်ထားပြီဖြစ်တဲ့ ကလေး(၄)ဦးကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူ နေကြပါတယ်။ နောက်ဆုံးသိထားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာဖြစ်ပါတယ်။

မယ်ဆိုင်မြို့ကဂူထဲ ပိတ်မိနေတဲ့ တောဝက် ထိုင်းဘောလုံးအသင်းကို ပြန်ပြီးကယ်ထုတ်ဖို့အတွက် (၁၅)ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်(၈)ရက် တနင်္ဂနွေမနက် (၁၀)နာရီကစလို့ ရေငုပ်သမားတွေ ဂူထဲဝင်သွားပြီးနောက် (၉)နာရီလောက်အကြာမှာ ကလေး(၄)ယောက်ကို ကယ်ထုတ်နိုင်ပြီလို့ ထိုင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားတာပါ။ လှိုဏ်ဂူထဲသုံးနေရတဲ့ အောက်စီဂျင်ဗူးတွေ မလုံလောက်တော့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်း တွေကို ခေတ္တရပ်နားထားလိုက်ပြီး အောက်စီဂျင်ဗူးတွေ ပြန်ဖြည့်နေတယ်လို့လည်း တာဝန်ရှိသူတွေ ပြောဆိုထားပါတယ်။ ပြန်ကယ်ထုတ်လာတဲ့ ကလေး (၄)ယောက်ကို လောလောဆယ် ချင်းရိုင်ဆေးရုံမှာ ဆေးကုသစောင့်ရှောက်မှု ပေးနေပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြန်စသွားဖို့ရှိတယ်လို့ တာဝန်ရှိသူတွေကပြောကြောင်း ဂူဝမှာ တောက်လျှောက် သတင်းယူနေတဲ့ ထိုင်းအခြေစိုက် Network Media Group သတင်းနဲ့မီဒီယာ ကွန်ယက်က ဦးဆောင်ညွှန်ကြားရေးမှူး ကိုအောင်မိုးမြင့်က ပြောပါတယ်။

"ကိုအောင်မိုးမြင့်။ ။ ဘာဖြစ်လို့ ဆက်တိုက်မထုတ်နိုင်လဲဆိုတော့ သူတို့က အောက်ဆီဂျင်ပျက်သွားလို့ လို့တော့ပြောတယ်။ အောက်စီဂျင်ထက်ဖြည့်ဖို့လိုတယ်၊ အဲဒီအတွက် လုပ်ငန်းစဉ်ကို ဒီညမှာ ဆက်လုပ်မယ်။ မနက်ဖြန် မနက်ဆက်ပြီးတော့ သွားနေမယ်။ ဒီလိုထုတ်လာတာကို ပုံမှန်အတိုင်းဆက်လုပ်သွားမယ်လို့ ပြောသွားတယ်ခင်ဗျ။

မေး။ ။ အဲဒီတော့ ချင်းရိုင်ဆေးရုံမှာရော ကလေးတွေကို ဘယ်လိုမျိုး ပြုစုစောင့်ရှောက်ဖို့ ပြင်ဆင်ထားတာတွေ သတိထားမိပါသလဲ။

ကိုအောင်မိုးမြင့်။ ။ ချင်းရိုင်ဆေးရုံမှာ သူတို့ထားမယ့်ဆေးရုံမှာ အထပ် ၈ ထပ်ရှိတယ် ။ ၈ ထပ်မှာမှ ၄ ထပ်မှာ သူတို့ကိုထားမယ်။ ကျန်းမာရေးအရ သူတို့ကိုဆေးတွေဘာတွေဖြန်းထားတယ်လို့ ပြောလို့ရတယ် ကလေးတွေကိုလည်းရောက်လာတဲ့အချိန်မှာ ဆေးဖြန်းထားတဲ့အဝတ်တွေကိုပဲ ပေးဝတ်မယ်။ ပြီးရင် မိသားစုတွေလာတွေ့ရင်လည်း ဆေးဖြန်းထားတဲ့ အဝတ်တွေကိုပဲ ပေးဝတ်ပြီးတော့ ပေးတွေ့မယ်ဆိုတာကို အဆင့်ဆင့်ထားထားတယ်။ ကျန်တဲ့လူတွေက လုံးဝတွေ့လို့မရဘူး။"

နောက်ထပ်ကျန်နေသေးတဲ့ ကလေး(၈)ယောက်နဲ့ သူတို့ရဲ့ဘောလုံးနည်းပြ(၁)ဦး စုစုပေါင်း (၉)ဦးစလုံးကို ကယ်ထုတ်ဖို့ နောက်ထပ်(၄)ရက်ထိ အချိန်ယူ ရနိုင်ခြေရှိတယ်လို့ ထိုင်းကယ်ဆယ်ရေးအဖွဲ့က ပြောကြောင်း AP သတင်းတပုဒ်မှာဖေါ်ပြထားပါတယ်။ ကျန်နေသေးတဲ့ ကလေးတွေရော နည်းပြပါ စိတ်ပိုင်း ရုပ်ပိုင်း နှစ်မျိုးစလုံး ကျန်းမာကြံ့ခိုင်နေပြီး ရေငုပ်ဖြတ်ကူးဖို့ အဆင်သင့်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

ကလေးတွေကို ကယ်ထုတ်အပြီး မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ ချင်းရိုင်ခရိုင် ယာယီ အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ Narongsak Osotthanakorn နရွန်ဆပ် အော်တာ-နခွန် ကတော့ သူတို့ကို စိတ်ဓါတ်ပိုင်းဆိုင်ရာ အားပေးမှုတွေက ကယ်ဆယ်ရေး လုပ်ငန်းတွေ အောင်မြင်ဖို့ အထောက်အကူ ဖြစ်စေတယ်လို့ ပြောသွားပါတယ်။

“ ဒီကနေ့လိုသင့်တော်တဲ့ အခြား တရက်ရက် မရှိနိုင်ပါဘူး။ အကျိုးရလဒ် အများဆုံးရှိမယ့် ဒီလိုနေ့မျိုးမှာမှ ကယ်ဆယ်ရေးလုပ်ငန်းကို ကျနော်တို့ မစနိုင် ဘူးဆိုရင် အခွင့်အရေးတွေ ဆုံးရှုံး သွားပါလိမ့်မယ်။ ဒါကြောင့် ကယ်ဆယ်ရေးကို မနက်(၁၀)နာရီမှာ စခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂူးနားတဝိုက် ကျနော်တို့နဲ့ အတူ ရှိခဲ့ကြသူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း ကျနော်တို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ၁၀၀% အောင်မြင်ဖို့အတွက် ပြည်သူလူထုကလည်း စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ ”

အစောပိုင်း မှာတုန်းကတော့ ကလေးငယ် တဦးစီကို ရေငုပ်သမား၂ဦးစီနဲ့ ရေငုပ်ကရိယာတွေသုံးပြီး ကယ်ထုတ်မလား ဒါမှမဟုတ် ကမ်းဗတ်စအထပ်ထပ်နဲ့ အထူးပြုလုပ်ထားတဲ့ ပိုက်ထဲကို လေမှုတ်သွင်းပြီး ရေငုပ်စရာမလိုပဲ ကယ်ထုတ်မလားဆိုတာကို စဉ်းစားခဲ့ကြတာပါ။ ရေငုပ်ပြီး ကယ်ထုတ်တဲ့နည်းဟာ အန္တရာယ် ရှိနိုင်တာကြောင့် အခြားနည်းလမ်း မရှိမှသာ အဲဒီနည်းကို သုံးသင့်တယ်လို့ လှိုဏ်ဂူတွင်း ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေက သတိပေးထား ပါတယ်။ လောလောဆယ် ကယ်ထုတ်လာတဲ့ ကလေး (၄)ယောက်ကိုတော့ အစပိုင်းမှာ ရေငုပ်ဖြတ်သန်းခိုင်းပြီး တနေရာအရောက်မှာ ကယ်ဆယ်ရေး ရေငုပ်သမားတွေက ဂူပြင်ရောက်တဲ့အထိ သယ်ထုတ်လာတာလို့ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ဒါပေမယ့် ဘယ်လိုသယ်ထုတ်လာသလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။

တောဝက် ဘောလုံးအသင်းဟာ ဇွန်လ ၂၃ ရက်ကစလို့ Tham Luang Nang Non ထမ်လွမ့်နန်နွမ်း ကျောက်တောင်ဂူထဲ ဝင်သွားတာပါ။ သူတို့ဝင်သွားပြီး မိုးသည်းထန်စွာ ရွာလိုက်တာကြောင့် လှိုဏ်ဂူထဲ ရေကြီးပြီး၊ ဂူဝကနေ ၂ မိုင်ခွဲကျော်အကွာ လောက်က ကုန်းလေးပေါ်မှာ တက်နေခဲ့ကြရင်း လာကယ်မယ့် သူတွေကိုမျှော်နေခဲ့ကြတာပါ။ အခုရက်ပိုင်းအတွင်း ချင်းရိုင်ခရိုင်တဝိုက်မှာ တကျော့ပြန် မိုးသည်ထန်လာမယ်ဆိုတဲ့ မိုးလေဝသခန့်မှန်းချက် ရှိနေပြီး မိုးများလာရင် ဂူထဲရေဝင်ပြီး ထိုင်းကလေးငယ်တွေ ကယ်ထုတ်ရေးဟာ ပိုပြီးခက်ခဲသွားမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးအဖွဲ့ချုပ် FIFA ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမပြီးဆုံးခင် တောဝက်ဘောလုံးအသင်းက ထိုင်းကလေးတွေအားလုံး ဂူထဲက ပြန်ကယ်ထုတ်နိုင်ပြီဆိုရင်တော့ ဘောလုံးပွဲတွေ ကြည့်ဖို့ သူတို့ကို ရုရှားနိုင်ငံကို ဖိတ်ခေါ်မယ်လို့ ကတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG