သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီပေါမြို့နယ် ရှမ်း ကျားဖြူပါတီ ဆိုင်းဘုတ်များ အဖျက်ဆီးခံရ


သီပေါမြို့နယ် ရှမ်း ကျားဖြူပါတီ ဆိုင်းဘုတ်များ အဖျက်ဆီးခံရပုံ- သတင်းဓာတ်ပုံ Credit to ဦးရဲထွန်း SNDP (သီပေါ) Facebook.
သီပေါမြို့နယ် ရှမ်း ကျားဖြူပါတီ ဆိုင်းဘုတ်များ အဖျက်ဆီးခံရပုံ- သတင်းဓာတ်ပုံ Credit to ဦးရဲထွန်း SNDP (သီပေါ) Facebook.

ရှမ်းပြည်နယ် သီပေါမြို့နယ် နမ့်လန်မြို့ထဲမှာ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရဲ့ ကြေညာ ဆိုင်းဘုတ်တွေ ဆက်တိုက်ဆိုသလို အဖျက်ဆီးခံရနေလို့ သက်ဆိုင်ရာရဲစခန်းကို တိုင်ကြားထားတယ်လို့ ကျားဖြူပါတီ တာဝန်ရှိသူတွေ ကပြောပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေး အဓိက ရည်ရွယ်ပြီး ကျားဖြူပါတီဘက်က ဒေသခံရှမ်းပြည်သူလူထုဆီကို ပါတီစည်းရုံးရေး လှုပ်ရှားဆောင်ရွက်နေ ချိန်မှာပဲ အခုလို နှောင့်ယှက်မှုတွေနဲ့ ကြုံနေရတာလို့ ကျားဖြူပါတီလွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ရှမ်းပြည်နယ် သီပေါမြို့နယ် နမ့်လန်မြို့လည်ခေါင် လူစည်ကားရာ အများပြည်သူပိုင်နေရာတွေမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ရဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ ပုံတူတွေနဲ့ ပါတီ အမှတ်တံဆိပ်နဲ့ ရှမ်းဘာသာနဲ့ရေးသားထားတဲ့ ပါတီဆောင်ပုဒ်တွေ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံဗီနိုင်း ကြေညာဆိုင်းဘုတ်တွေကို ရက်ဆက် ဆက်တိုက်ဆိုသလို ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြား ထားတယ်လို့ သီပေါမြို့နယ် လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာ သီပေါကနေ ပြန်အရွေးခံမယ့် ဦးရဲထွန်းက ဗွီအိုအေကိုပြောပါတယ်။

“ဆိုင်းဘုတ်ကတော့ ကျနော်တို့ နမ့်လန်မှာတော့ ၂၄ ရက်နေ့ညက တကြိမ်၊ ၂၅ ရက်နေ့မှာ အသစ်တင်လိုက်တော့ ၂၆ ရက်နေ့မှာ တကြိမ် ၂ ကြိမ် အဖျက်ခံရတယ်။ အဲဒါနဲ့ပက်သက်ပြီးတော့ ဘယ်သူဖျက်ဆီးတယ်ဆိုတာမသိဘူး။ ပြီးတော့ ကျနော်တို့က ရဲကိုတိုင်လိုက်တာပေါ့။ ရဲတိုင်လိုက်တော့ ရဲက စုံစမ်းစစ်ဆေးတဲ့ အခါကျတော့ လုပ်တဲ့လူတွေကို ဖော်ထုတ်မိပြီလို့သိရတယ်။ အဲလိုဖြစ်တော့ ကိုယ့်ဒေသသားခြင်းလည်းဖြစ်၊ ကိုယ့်အမျိုးသားခြင်းလည်းဖြစ်တဲ့အတွက်ကြောင့် အကျယ်အကျယ်အငြင်းဖွယ်လည်း မဖြစ်ချင်တာကြောင့်မို့လို့ ရဲစခန်းကပဲ ဆုံးမပညာပေးပြီးတော့ ပြန်လွှတ်လိုက်လို့ရှိရင် ကျေနပ်ပါတယ်ဆိုပြီးတော့ ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေက ပြောလိုက်တယ်။”

သီပေါမြို့နယ် နန့်လန်ဒေသထဲမှာ ကျားဖြူပါတီရဲ့ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တွေ စက်တင်ဘာလ ၂၄ရက်နေ့က တကြိမ်၊ စက်တင်ဘာလ ၂၆ရက်နေ့က တကြိမ် နှစ်ကြိမ်တိုင်တိုင် အဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။ သီပေါမြို့နယ် နမ့်လန်ဒေသ ကနေ ဝင်ရောက်အရွေးခံမယ့် ကျားဖြူပါတီမှ ကိုယ်စားလှယ်လောင်း ကတော့ ဦးစိုင်းစိန်ဝင်းဖြစ်ပါတယ်။

လက်ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့က သစ်တောနဲ့ သတ္တုရေးရာ ဝန်ကြီးတစ်ဦး လည်းဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြန်လည်ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ်လောင်း တစ်ဦးလည်းဖြစ်တဲ့ ကျားဖြူပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ကတော့ ကျားဖြူပါတီ အနေနဲ့ အခုလို နှောင့်ယှက်ဖျက်ဆီးမှုတွေကို တစုံတရာ တရားဥပဒေကြောင်းအရ တရားစွဲဆိုမှာမဟုတ်ဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ ကျားဖြူပါတီမပြောနဲ့ ၊ NLD ဆိုင်းဘုတ်တောင်မှ အဖျက်ခံရသေးတာပဲ။ ဒါလေးကို အရေးကြီးခွင်ကျယ် လုပ်လို့ရှိရင် စည်းရုံးရေးလုပ်နေချိန် သွားပြီးတော့ အမှုဖွင့်တာနဲ့ ဆိုတော့ အလုပ်ရှုပ်တယ်ဗျာ။”

စက်တင်ဘာလဆန်းတုန်းကလည်း ရှမ်းပြည်နယ်ထဲမှာ ကျားဖြူပါတီဘက်က ပြိုင်ဘက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီရဲ့ ပင်လုံမြို့ပါတီလုံးကျွတ် ဆွေးနွေးပွဲမှာ အထူးဧည့်သည်တော်အဖြစ် တက်ရောက် စကားပြောခဲ့တဲ့ သျှမ်းစာပေဆရာကြီး စိုင်းဖ ရဲ့ စကားအသုံးအနှုန်းတွေဟာ ကျားဖြူပါတီရဲ့ ဂုဏ်သိက္ခာကို ထိပါးစော်ကားရာရောက်တဲ့အတွက် သုံးရက် အတွင်း တောင်းပန်ဖြေရှင်းခြင်းမလုပ်ရင် အမှုဖွင့်တရားစွဲဆိုမယ်ဆိုပြီး ဟု ကျားဖြူ ပါတီ SNDP ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောဆိုခဲ့ပြီး စက်တင်ဘာ ၁၉ ရက်နေ့ ရက်စွဲနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ ကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို အကြောင်းကြားခဲ့လို့ ရှမ်းပါတီနှစ်ပါတီကြား တင်းမာမှုတွေဖြစ်နေချိန်လည်းဖြစ်ပါတယ်။

XS
SM
MD
LG