သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်လက်နက်ကိုင်များအကြား တိုက်ပွဲ ဒုက္ခသည် ၂၀၀၀ တိမ်းရှောင်


ရှမ်းဒုက္ခသည်များ
ရှမ်းဒုက္ခသည်များ

ရှမ်းပြည်နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံ ကျေးရွာသား (၂၀၀၀)ခန့် စစ်ဘေး တိမ်းရှောင်နေရတာပါ။ ပအိုဝ့်လက်နက်ကိုင်အဖွဲ့ PNLOနဲ့ တောင်ပိုင်း ရှမ်းပြည်တပ် ဖွဲ့ တို့အကြား တိုက်ပွဲကြောင့်မိုင်းပန်ဒေသခံ(၅၀၀)ခန့်ဟာ UWSA ဝတပ်ဖွဲ့ နယ်မြေထဲ တိမ်းရှောင်နေရ သလို ရှမ်းတပ်ဖွဲ့အချင်းချင်းအကြားတိုက်ပွဲကြောင့် သီပေါမြို့နယ်ထဲမှာစစ်ဘေးရှာင်ထောင်ချီ သောင်တင်နေ ဆဲဖြစ်ပါ တယ်။ ဒီအကြောင်းထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်မှာ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ RCSS တောင်ပိုင်းရှမ်း ပြည်တပ်ဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွါးမှုကြောင့် သံလွင်မြစ်ကိုဖြတ်ပြီး နေရပ်ကနေတိမ်းရှောင်လာတဲ့ပအိုဝ်းဒုက္ခ သည် (၅၀၀)ခန့်ကို UWSA"ဝ" တပ်ဖွဲ့တွေကနေ နေရာချထားပေးတယ်လို့ ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ဗွီအိုအေကိုပြောပါတယ်။

“ဒီမိုင်းပန် ပန်ပိနယ်ဘက်ကနေ ရွှေ့ပြောင်းလာတဲ့စစ်ရှောင်တွေ ကျွန်တော်တို့ ဒီဇင်ဘာ(၂၅)ကနေ အခုချိန်ထိ ပေါ့နော်။ အယောက်(၅၀၀)ဝန်းကျင်ထိရှိပါပြီးနော်။ ပြောင်းရွှေ့လာတဲ့ပအိုဝ့်တိုင်းရင်းသားတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ဆေးဝါးကုသမှုတွေ နေထိုင်စားသောက်မှုတွေကျွန်တော်တို့အတတ်နိုင်ဆုံး ပြင်ဆင်ထားတာ တွေရှိပါတယ်။ လောလောဆယ်တော့ ဒီခိုက်လုံမြို့နယ် ပင်းဆန်းကျေးရွာမှာကျွန်တော်တို့ သူတို့နေထိုင်ဖို့ ပြင် ဆင်ထားပါတယ်နော်။”

မိုင်းပန်မြို့နယ်အတွင်း နောင်ချိုရွာ၊ မိုက်ပုတ်ရွာ၊ ပန်ပိရွာက ကျေးရွာသားတွေဟာ ဒီဇင်ဘာ လကုန်ပိုင်းလောက် မှာ ဖြစ်ပွါးခဲ့တဲ့ ပအိုဝ့်လက်နက်ကိုင်အဖွဲ့နဲ့တောင်ပိုင်းရှမ်းပြည်လက်နက်ကိုင်နှစ်ဖွဲ့အကြားစစ်ရေးပဋိပက္ခကြောင့် ဒီဇင်ဘာ(၂၅) ကနေ ယနေ့အထိ ထွက်ပြေးလာနေတယ်လို့ ဦးညီရမ်းကဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ပအိုဝ့်ရွာသားတွေနေရပ် ကနေတိမ်းရှောင်နေရတဲ့ဖြစ်စဉ် အပေါ်PNLO ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မီတီဝင် ဗိုလ်မှူးခွန်မင်းသိန်းကအခုလိုပြောပါတယ်။

“စစ်ရေးပဋိပက္ခရဲ့နောက်ဆက်တွဲလို့ပြောလို့ရ။ အဓိကကတော့ RCSS တပ်သားတွေ ကခြိမ်းခြောက် တာပေါ့နော်။ ခြိမ်းခြောက်လို့ဘဲ ရွာသားတွေကအဲဒီမှာမနေနိုင်တော့ အဲဒီလိုမျိုးထွက်ပြေးရတဲ့ဘဝလေးတွေဖြစ်တာပေါ့နော်။”

ပအိုဝ့်ရွာသားတွေနေရပ်ကနေတိမ်းရှောင်နေရတာဟာRCSSရဲ့ခြိမ်းခြောက်မှုကြောင့်လို့ PNLAစွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း RCSSပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဦး ကငြင်းဆိုပါတယ်။

“မိုင်းပန်ဖက်မှာပေါ့နော်။ ပန်ပိဖက်မှာပေါ့။ ပအိုဝ့်ရွာသားတွေတချို့ပေါ့နော်။ အနောက်ဖက်ခြမ်း ကိုပြေးရှောင်နေကြ တယ်လို့ သူတို့အဲဒီလိုပြောတယ်။ အမှန်ဆိုရင် ကျွန်တော်တို့နယ်ခံတပ်တွေက အစည်းဝေးခေါ်တာတို့ ပြည်သူ တွေခြိမ်းခြောက် တာတို့မလုပ်ရဘူး။ မလုပ်ဘူး။”

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းတောင်ပိုင်းရှမ်းပြည်တပ်ဖွဲ့RCSS/SSAနဲ့ မြောက်ပိုင်း ရှမ်းပြည် တပ်ဖွဲ့SSPP/SSAတို့အကြား မနေ့ကညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွါးနေခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြော ပါတယ်။

“တိုက်ပွဲဖြစ်တာနောင်ကောကျေးရွာအနောက်မှာဗျ။ သီပေါမြို့နယ်ထဲကဘဲ။ မနေ့က တနာရီခန့်ကြာတာ သိပါ တယ်ဗျ။ RCSSနဲ့SSPPဗျ။ ရွာသားကတော့ဘာမှမဖြစ်ပါဘူးဗျ။ သူတို့တောထဲမှာဖြစ်တာကိုးဗျ။”

RCSSဘက်ကတော့ တိုက်ပွဲဖြစ်ပွါးကြောင်းအတည်မပြုနိုင်သေးပေမဲ့ အဲဒီဒေသဘက်မှာ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ လှုပ်ရှား နေတာကိုတော့ အတည်ပြုပြောဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့နယ်အတွင်းရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့် စစ်ရှောင်(၁၄၀၀)ရောက်ရှိနေတယ်လို့ သီပေါမြို့နယ် နယ်စည်းမခြားအကူညီပေးရေးအဖွဲ့ တာဝန်ခံ ကိုမျိုးကပြောပါတယ်။

“တိမ်းရှောင်လာတဲ့ ဒီဘုန်းကြီးကျောင်းတွေမှာတော့ အားလုံးပေါင်း လူဦးရေ(၁၄၈၀)ရှိတယ်။ ရွာတွေကများတယ်ဆို တာက ကျွန်တော်တို့တွန်ကျိုင်း နားဟယ် ကုန်းဆော့ပေါ့နော်။ ဟိုနားရွာ တာလုံရွာပေါ့နော်။ ကျွန်တော်တို့နန့်မော် လုံ ကုန်းဆာရွာ အဲဒီရွာကနေပြီးမှထွက်လာကြတယ်လေ။”

စစ်ရှောင်ရွာသားတွေဟာ သီပေါမြို့ဘုန်းကြီးကျောင်းတိုက် ၉ ခုမှာ ခိုလှုံနေကြတာဖြစ်ပြီး နေရပ်ရင်းကိုမပြန်နိုင် သေးတဲ့အခြေအနေမှာရှိနေပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ သီပေါမြို့နယ်အတွင်း ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ အကြားတိုက်ပွဲ ဖြစ်ပွားမှုကြောင့် ရွာပေါင်း ၁ဝ ရွာမှ လူဦးရေ ၁,၂ဝဝ ကျော် နေရပ်စွန့်ခွာနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီ ပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေ ၂၀၁၉နှစ်သစ်ကူးနေ့အထိ နမ္မတူမြို့နယ်အတွင်း တောင်ပိုင်းရှမ်းပြည်တပ်ဖွဲ့ နဲ့ တအာင်းပလောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့် မန်စံဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်ခိုလှုံနေရတဲ့ နားငူး၊ နားဟန်း၊ နောင်အော် ရွာကရွာသားတွေ ၄၀၀ ကျော်ဟာ ဒေသအတွင်းအခြေအနေငြိမ်သက်လို့ မနေ့က နေရပ်ရင်းကိုပြန်သွားခဲ့ပြီးလို့ မန်စံစစ်ရှောင်ကူညီရေးအဖွဲ့ဝင်တွေကပြောပါတယ်။

လက်ရှိရှမ်းပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲငြိမ် သက်နေပေမဲ့ အဖွဲ့အချင်းချင်းအကြားမှာ နယ်မြေပိုင်ဆိုင်မှုပြဿနာကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်သလို ပဋိပက္ခဖြစ်ပွါးရာဒေသကကျေးရွာသားတွေကလဲ စစ်ဘေးရှောင်အဖြစ်နေရပ်ကနေ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG