သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပေါ်ဖို့ ရှမ်းနီအဖွဲ့ပြင်ဆင် 


ရှမ်းနီအမျိုးသားတွေအတွက် ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသတစ်ခု ပေါ်ပေါက်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်း

ရှမ်းနီအမျိုးသားတွေအတွက် ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသတစ်ခု ပေါ်ပေါက်ရေးအတွက် ရှမ်းနီအမျိုးသားများကောင်စီ SNNC (ယာယီ)က ဒီရက်ပိုင်းအတွင်းမှာ ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။ သူတို့အဆိုပြုထားတဲ့ ရှမ်းနီ ပြည်နယ်သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသက နယ်မြေတွေပါဝင်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။

ရှမ်းနီအမျိုးသားများကောင်စီ SNNC (ယာယီ)က ရှမ်းနီအမျိုးသားများ ပြည်နယ် သို့မဟုတ် ရှမ်းနီအမျိုးသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဖော်ဆောင်ဖြစ်မြောက်ရေးကော်မတီကို ဒီလ ၉ရက်နေ့မှာ အရေးပေါ် ဖွဲ့စည်းကြောင်း ကြေညာခဲ့တာပါ။ ဒီလို ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး SNNC က ဗဟိုကောင်စီဝင် စိုင်းဆေလုံက VOA ကို အခုလို ပြောပါတယ်။

“ အခုက လောလောဆည်မှာ ကျနော်တို့က အဲဒီကော်မတီကို ဖွဲ့နေပါတယ်။ ဖွဲ့ပြီးတာနဲ့ အဲဒီကော်မတီထဲကနေပြီးတော့ အမျိုးသားများ ပြည်နယ် တည်ဆောက်ဖို့အတွက် ဒါမှမဟုတ် အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ တစ်ခုဖြစ်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်တယ်ပေါ့။ အဲဒီအတွက် မူဘောင်တွေချပြီးတော့မှ ကော်မတီဖွဲ့စည်းနေပါတယ်။ ဒီလကုန်လောက်ကိုပဲ လုပ်ငန်းစနိုင်အောင်ကျနော်တို့ ကြိုးစားနေတယ်ဗျ။”

ရှမ်းနီအမျိုးသားများ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသမှာ ပါဝင်မယ့် နယ်မြေကိုတော့ အခုလို ဆက်ပြောပါတယ်။

“ ရှမ်းနီအမျိုးသားများရဲ့ဒေသတွေက လက်ရှိ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းရှိမယ်။ နောက် ကချင်ပြည်နယ်ရှိမယ်။ ကချင်ပြည်နယ်မှာ ကျနော်တို့ ပူတာအိုခရိုင်၊ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်၊ ဖားကန့်ခရိုင် ဒါတွေ ရှိမယ်။ ဒီဘက်ကဆိုရင် ဟုမ္မလင်းခရိုင်ရှိမယ်။ ဒီဘက်က ခန္တီးခရိုင်တို့ ရှိမယ်။ နောက်ပြီးမှ ကသာခရိုင်တို့ ရှိမယ်ဗျ။”

ရှမ်းနီအမျိုးသားထဲမှာ တိုင်းခန္တီး၊ တိုင်းလျန်( တိုင်းနိုင်း၊ တိုင်းလိုင်) ၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းနေစတဲ့ မျိုးနွယ်စုတွေ ပါဝင်မှာဖြစ်ပါတယ်။ ရှမ်းနီအမျိုးသားများ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဖော်ဆောင်ဖြစ်မြောက်ရေး ကော်မတီက ရှမ်းနီအမျိုးသားများ ဒေသအကျယ်အဝန်း၊ မျိုးနွယ်အလိုက်နေထိုင်မှု၊ လူဦးရေ၊ သမိုင်းကြောင်းဖြစ်တည်မှု စတဲ့အချက်အလက်တွေ ကောက်ယူမှာဖြစ်ပါတယ်။

ကော်မတီဖွဲ့စည်းပြီးချိန်မှာ သက်ဆိုင်ရာ အစိုးရ၊ ဌာနဆိုင်ရာတွေ၊ ညီနောင်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖွဲ့ပြထားပါတယ်။ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးဂွမ်ဂရာအောင်ခမ်းကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ အဓိကကတော့ကျနော်တို့ ငြိမ်းချမ်းပြီးမှ ဒီ ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့ အမြန်ဆုံးလိုပါတယ်။ ဒါမှလည်း အနာဂတ်ကို ကျနော်တို့ စကားပြောလို့ရမယ်။ ရှမ်းနီတွေရဲ့ သဘောထားတွေကိုလည်း ဒီမှာ တင်ပြလို့ ရမှာပါ။ ဒါပြီးမှ ကချင်တွေရဲ့သဘောထားတွေ၊ ဗမာပြည်ရဲ့သဘောထားတွေ အကုန်လုံး တင်ပြလို့ရမှာပါ။ ဒါမှမဟုတ်ရင် ဘာမှ စကားပြောပိုင်ခွင့်လည်း မရှိဘူး။ လုပ်ပိုင်ခွင့်တော့.. ဟို လုပ်လို့တော့ ရပါတယ်။ ဒါပေမဲ့ စိတ်ဝမ်းကွဲမယ့်ဟာမျိုး လုပ်တယ်ဆို အနာဂတ်အတွက် မကောင်းဘူးဆိုတဲ့ဟာမျိုးတော့ ကျနော် ပြောလိုပါတယ်။”

အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်မှာ သီးခြားစီခွဲခြား အုပ်ချုပ်ခဲ့တဲ့ ဒေသ ၂ခုကို မြန်မာပြည် လွတ်လပ်ရေးရယူခဲ့ချိန်မှာ ပူးပေါင်းပြီး ကချင်ပြည်နယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖွဲ့စည်းတဲ့အပေါ် ကချင်ပြည်နယ်ရှိ ရှမ်းနီတွေ့ရဲ့ သဘောထားမပါဝင်ကြောင်း ပြောဆိုတာတွေ ရှိခဲ့သလို ရှမ်းနီပြည်နယ် ဖွဲ့စည်းရေးကိုလည်း ၁၉၇၂ခုနှစ်က တောင်းဆိုခဲ့ကြပါတယ်။

၂၀၁၆ခုနှစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံ ပထမအစည်းအဝေးမှာလည်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စတဲ့ခရိုင်တွေကို စုပေါင်းပြီး ရှမ်းနီပြည်နယ်သတ်မှတ်ဖို့ တင်ပြတာတွေ ရှိခဲ့ပါတယ်။

ရှမ်းနဲ့ ကချင်လူမျိုးတွေဟာ မြန်မာပြည်မှာသာမက အိန္ဒိယနိုင်ငံ အာသံနဲ့ အရူနာချာပရာဒေ့ရှ်ပြည်နယ် အပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွေအတွင်းမှာလည်း အတူတကွ နေထိုင်နေကြတာ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG