ဂျပန်နိုင်ငံမှာ လူ ၄ ယောက် သေဆုံးအောင် တိုက်ခိုက်ခဲ့တဲ့ မသင်္ကာသူကိုတယောက် ဖမ်းဆီးလိုက်နိုင်ပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူဟာ ကြာသပတေးနေ့က ဂျပန်နိုင်ငံ အလယ်ပိုင်း Nagano (နာဂါနို) နယ်၊ Nakano (နာကာနို )မြို့မှာ အမျိုးသမီး နှစ်ယောက်ကိုဓားနဲ့ထိုးခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့ကာ အဆောက်အဦးတခုထဲမှာ ပုန်းခိုခဲ့ပါတယ်။ သူ့ကို နောက် ၁၂ နာရီအကြာ အဲ့ဒီနေရာမှာပဲ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီမသင်္ကာသူဟာ Nakano (နာကာနို )မြို့ကောင်စီအကြီးအကဲရဲ့ သား အသက် ၃၁ နှစ်အရွယ်ရှိသူဖြစ်ပြီး သူ့ဖခင်အိမ်မှာ ပုန်းနေတာလို့ ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။ ကြာသပတေးနေ့က ပျောက်ကြားဝတ်စုံ ဝတ်ထားတဲ့သူတယောက်လိုက်လို့ အမျိုးသမီးတဦးပြေးနေတာတွေ့ရတယ်လို့ မျက်မြင်တွေကလည်း ပြောခဲ့ကြပါတယ်။
အခင်းဖြစ်ရာကို ရဲတွေရောက်လာချိန် အဲဒီသူက သေနတ်နဲ့ လှမ်းပစ်တာကြောင့် ရဲ ၂ ဦး ထိမှန် ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဓါးထိုးခံရသူ အမျိုးသမီးနှစ်ဦးရော ရဲ ၂ ဦးပါ ဆေးရုံမှာ သေဆုံးခဲ့ကြတာပါ။
ဂျပန်နိုင်ငံမှာ ခုလိုပစ်ခတ်တိုက်ခိုက်မှုဟာ အင်မတန်ဖြစ်ခဲပါတယ်။ ရဲတပ်ဖွဲ့ဝင် ၂ ယောက်အပါအဝင် သေဆုံးခဲ့သူတွေအတွက် အင်မတန် ဝမ်းနည်းကြေကွဲရတယ်လို့ Nagano နယ် ရဲချုပ်က ပြောဆိုခဲ့ပါတယ်။