သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရေတပ်စခန်း ပစ်ခတ်မှု ၁၂ ဦးသေ


အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ တနင်္လာနေ့က သေနတ်သမား တဦးရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီးနောက် သေနတ်သမားလည်း ရဲတပ်ဖွဲ့ရဲ့ လက်ချက်နဲ့ သေဆုံးသွားပါတယ်။

သေနတ်သမားဟာ အမေရိကန် စစ်တပ်အတွက် ကန်ထရိုက်ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့ တက္ကဆက်ပြည်နယ် Fort Worth မြို့က Aaron Alexis ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့တာပါ။

ဝါရှင်တန်မြို့တော်က ရေတပ်စခန်းဝန်းထဲကို အထောက်အထား ခိုင်ခိုင်လုံလုံ မပါဘဲ ဘယ်လိုနည်းနဲ့ ဝင်ရောက်နိုင်ခဲ့သလဲ၊ ဘာရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာလဲ ဆိုတာတွေနဲ့ ပတ်သက်လို့တော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။ မြို့တော်ဝန် Vincent Gray ကတော့ အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ယုံကြည်လောက်တဲ့ အကြောင်းရင်း မတွေ့ရတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အစောပိုင်းမှာတော့ ရဲတပ်ဖွဲ့နဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) တို့က နောက်ထပ် တခြား သေနတ်သမား ၂ ဦး ရှိသေးတယ်လို့ ယူဆခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ သေနတ်သမားဟာ တဦးပဲ ဖြစ်တဲ့အကြောင်း တွေ့ရှိခဲ့ကြပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမား ကတော့ အမေရိကန်မှာ နောက်တကြိမ် လူအမြောက်အများ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအတွက် ဝမ်းနည်းစကား ပြောဆိုခဲ့တာပါ။

ဒီတိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်အဖြစ် ရည်ညွှန်းခဲ့ပြီး ထိခိုက်သေဆုံးသူတွေနဲ့ မိသားစုတွေအနေနဲ့ အမေရိကန်လူထုရဲ့ မေတ္တာနဲ့ ပံ့ပိုးမှုတွေ လိုအပ်ကြောင်းလည်း ပြောဆိုသွားပါတယ်။
XS
SM
MD
LG