သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစာတိုးရေး အလုပ်သမားဆန္ဒပြမှု အဆင်မပြေသေး


ဖမ်းဆီးခံ အလုပ်သမား ခေါင်းဆောင်များပြန် လွှတ်ပေးရေးတောင်းဆို။
ဖမ်းဆီးခံ အလုပ်သမား ခေါင်းဆောင်များပြန် လွှတ်ပေးရေးတောင်းဆို။

Costec အထည်ချုပ်စက်ရုံ၊ Ford Glory အထည်ချုပ်စက်ရုံ၊ E Land Myanmar အထည်ချုပ်စက်ရုံ ၃ခုပေါင်းပြိး အီလန်မြန်မာရှေ့မှာဆန္ဒပြနေတဲ့သပိတ်စခန်းက အလုပ်သမား တထောင်ကျော်က အစိုးရဘက်က သတင်းထုတ်ပြန်ချက်တွေက မှားယွင်းကြောင်း အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြေလည်မူမရသေးတဲ့အကြောင်း သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညှိနှိုင်းရေးအဖွဲ့ကတော့ အလုပ်ရှင်အလုပ်သမား နှစ်ဖက် သဘောတူ စာချုပ်ချုပ်ပြီး လုပ်ငန်းခွင် ဝင်ရောက်ဖို့ကြေညာထားသလို ဆန္ဒပြ
နေတဲ့ စက်ရုံတွေ က အလုပ်သမားတွေ လုပ်ငန်းခွင်ကို ပြန်ဝင်လာကြပြီလို့ ဆိုပါတယ်။ အပြည့်အစုံ ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

အာဆီယံစံနှုန်းအတိုင်း လုပ်အားခလစာ တိုးပေးရေးအပါအဝင် ဖမ်းဆီးခံထားရတဲ့ အလုပ်သမားခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုရင် အစိုးရဘက်က သတင်းထုတ်ပြန်သလို အလုပ်ရှင်နဲ့အလုပ်သမားတွေ ပြေလည်မူရသွားတာ မဟုတ်မှန်ကြောင်း Costec အထည်ချုပ်စက်ရုံ၊ Ford Glory အထည်ချုပ်စက်ရုံ၊ E Land Myanmar အထည်ချုပ်စက်ရုံ ၃ခုပေါင်းပြီး သတင်းစာရှင်းလင်းပွဲကို လုပ်ခဲ့တာပါ။ အလုပ်ရှင်နဲ့အလုပ်သမားတွေကြား ပြေလည်မူတွေ မရသေးတဲ့အကြောင်း စားဝတ်နေရေးနဲ့ တခြားဖိအားပေးမူတွေကြောင့်သာ အလုပ်သမားတချို့ လုပ်ငန်းခွင်ကိုပြန်ဝင်ရတာရှိတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

" အလုပ်သမားတွေက ဆူပူအကြမ်းဖက်ပြီးတောင်းဆိုနေတာတွေက မဟုတ်ပါဘူး။ ကျမတို့ အေးအေးဆေးဆေးနဲ့ ထိုင်ပြီးတောင်းဆိုနေပါတယ်။ နောက်တခုက စက်ရုံနှစ်ရုံက ပြေလည်သွားပြီ။ တရုံက မပြေလည်သေးဘူးဆိုတာလည်း မဟုတ်ပါဘူး။ ကျမတို့က သပိတ်ကော်မတီသုံးဦးပေါင်းထားတဲ့အတွက် ဒီလုပ်ငန်းရှင်က ဆန္ဒပြတောင်းဆိုနေတဲ့သူတွေကို လစာမပေးဘူးဆိုတာတွေကို လွှင့်တော့ တချို့ကလေးတွေကကျတော့ မိသားစု အခက်အခဲနဲ့ စားဝတ်နေရေးအခက်အခဲကျတော့ အလုပ်ထဲကို ပြန်ဝင်ကြတာပေါ့။ ညီမတို့က အဲ့လိုနဲ့ လူအင်အား နည်းသွားတာရှိပါတယ်။ လူသစ်ကလေးတွေက အလုပ်ဖြုတ်မှာကြောက်လို့ ပြန်ဝင်ကြတဲ့သူတွေလေ။"

ဒီသတင်းစာ ရှင်းလင်းပွဲကို အီလန်မြန်မာစက်ရုံရှေ့ကအလုပ်သမား အင်အား တထောင်ကျော်ရှိတဲ့ သပိတ်စခန်းမှာလုပ်ခဲ့တာပါ။ ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားညှိနှိုင်းရေးအဖွဲ့ကတော့ အလုပ်ရှင်နဲ့အလုပ်သမား ညှိနှိုင်းပြီး လုပ်ငန်းခွင်ထဲ ပြန်ဝင်ကြဖို့ တိုက်တွန်းနိုးဆော်ချက်ကို မနေ့ကပဲထုတ်ပြန်ခဲ့ပါတယ်။

ညှိနှိုင်းရေးအဖွဲ့ရဲ့ဒုတာဝန်ခံ ဝန်ကြိးဦးဇော်အေးမောင်ကတော့ ဆန္ဒပြနေတဲ့စက်ရုံ ၅ခုအနက် အလုပ်သမားအတော်များများ လုပ်ငန်းခွင်ထဲကို ပြန်ဝင်ကြပြီလို့ အခုလိုပြောပါတယ်။

"စက်ရုံငါးရုံ ဆန္ဒပြတဲ့အထဲမှာ COSTEC အထည်ချုပ်စက်ရုံ ရွှေပြည်သာ စက်မှုဇုန်(၃)က အလုပ်သမားစုစုပေါင်း (၁၂၂၆) ယောက်ရှိပါတယ်။ အဲ့ထဲက အလုပ်ပြန်ဝင်တာ (၈၆၃) ဦးရှိပါတယ်။ အားလုံး(၇၈%) အလုပ်ဝင်နေကြ ပါပြီ။ ကျောက်နီအထည်ချုပ်စက်ရုံ ရွှေပြည်သူစက်မှုဇုန်(၁)မှာ အလုပ်သမား စုစုပေါင်း ရှိရင်းစွဲ (၉၁၆) ယောက်ရှိတာမှာ (၈၈၂) ဦး အလုပ်ဝင်ရောက် လုပ်ကိုင်နေပါပြီ။ Ford Glory အထည်ချုပ်စက်ရုံ ရွှေပြည်သာ စက်မှုဇုန်(၁)မှာ ရှိရင်းစွဲလုပ်သမား(၆၁၆)ယောက်မှာ (၃၉၆) ယောက် အလုပ်ဆင်းနေပါပြီ။ တိုင်ရီဖိနပ်ချုပ်စက်ရုံမှာ ရှိရင်းစွဲ အလုပ်သမား(၁၈၃၅) ဦးရှိတဲ့အနက်က (၁၇၅၂) ဦး အလုပ်ဆင်းနေပါပြီ။ အီလန်မြန်မာ အထည်ချုပ် စက်ရုံ ရွှေပြည်သာ စက်မှုဇုန်(၂)မှာ ရှိရင်းစွဲ အလုပ်သမား(၁၀၅၀) မှာ (၂၆၆) ယောက် အလုပ်ဆင်းနေပါပြီ။ ကျနော်တို့လည်း အလုပ်ရှင်တွေကို အတတ်နိုင်ဆုံး ညှိနှိုင်းပေးဖို့ပြောလို့ အတိုင်းအတာတခုအထိတော့ တိုးပေးထားပါတယ်။"

အလုပ်သမားတွေဟာ တနေ့လုပ်အားခ ကျပ်တထောင်ကျော် နဲ့ မနက် ၈နာရီကနေ ညနေ ၅နာရီအထိ လုပ်ငန်းခွင်ကို ဝင်ခဲ့ကြရပါတယ်။ နေ့လည်ထမင်းစားချိန် နာရီဝက် နဲ့ ညနေ ခေတ္တမုန့်စားချိန် ၁၀မိနစ်လောက်သာ နားချိန်ရှိပါတယ်။ အလုပ်သမားတွေဟာ တနေ့မှ ရက်ပျက်မရှိဖို့နဲ့ အချိန်ပိုတွေ လုပ်မှာသာ အပိုဆုကြေးတွေ ရရှိတာဖြစ်တာကြောင့် တနေ့လုပ်အားခကို တရားဝင်အဖြစ် ကျပ်ငွေတထောင် ထပ်ပြီး တိုးပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

ဒီအတွက် တချို့စက်ရုံကတော့ အလုပ်သမားတွေ တောင်းသလောက်မပေးပေမဲ့ တနေ့ကျပ် ၃၂၀လောက် တိုးပေးတာမျိုးတွေ လုပ်တဲ့အတွက် စားဝတ်နေရေး အခက်ကြုံနေသူတချို့ ကတော့လုပ်ငန်းခွင်ကို ပြန်ဝင်သွားကြပါတယ် ။

ကုန်တင်ကုန်ချ သမဂ္ဂခေါင်းဆောင် မဇာဇာကတော့ အလုပ်သမားတွေ တောင်းဆို တဲ့ငွေဟာ မများတဲ့ အတွက် ညှိနှိုင်းဆောင်ရွက် စီစဉ်ပေးသင့်ပါတယ်လို့ ဆိုပါတယ်။

" ပိုက်ဆံကို ချိုးခြံခြွေတာပြီးသုံးပါလို့ သူတို့ကပြောပါတယ်။ အခု ကလေးတွေ တောင်းတာ ရေရှည်အတွက် တောင်းတာပါ အမ။ အမရယ် သူတို့တောင်းတဲ့ လစာက မများပါဘူး။ အစိုးရတောင် နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ဆိုရင်တောင် တခုကို သိန်းငါးဆယ်တောင် ရတာပဲ မဟုတ်ဘူးလား။ ကလေးတွေ တောင်းတဲ့လစာက ဆယ်သိန်းလည်း တောင်းနေတာလည်း မဟုတ်ပါဘူး။ နှစ်သိန်းတောင် မရှိတဲ့ ဝင်ငွေလေးပါ အမရယ်။ ကလေးတွေ တောင်းတဲ့လစာက တစ်သိန်းကျော်ကျော်လေးပဲ တောင်းတာပါ။ သူတို့ပြောတာ သူတို့ပြောတဲ့လစာက အများကြီးလည်း တောင်းတာမဟုတ်ဘူး။ အလုပ်သမားချင်းအတူတူပဲလေ အမရယ် ဟုတ်တယ်မဟုတ်လား ကလေးတွေလည်း တကယ်ကိုလိုအပ်လို့ သူတို့လည်း ရပိုင်ခွင့်ရှိတယ် ရသင့်ရထိုက်တယ်ထင်လို့ တောင်းတာပါ။"

စက်ရုံအတော်များများက အလုပ်သမားတွေဟာ နယ်မြို့တွေကလာတဲ့ အမျိုးသမီးတွေဖြစ်ကြပြီး ကြပ်တည်းကျဉ်းမြောင်းတဲ့အခန်းကျဉ်းလေးတွေကို စုပေါင်းဌားရမ်းနေထိုင်ကြရပြီး မိသားစုကို တလ ကျပ်ငွေ တသောင်းပြန်ပေးဖို့ တောင် အနိုင်နိုင်ဖြစ်ကြရတယ်လို့ ဆိုပါတယ်။ ဒီအတွက် အလုပ်သမား အားလုံးရဲ့တနေ့လုပ်အားခနှုန်းသတ်မှတ်ပေးဖို့က သူတို့အတွက် အရေးကြီးတာကြောင့် တလကျော်ကြာတဲ့အထိ အခုလိုတောင်းဆိုနေရတာလို့လည်း ဆန္ဒပြနေတဲ့ အလုပ်သမားတွေက ဆိုပါတယ်။

XS
SM
MD
LG