သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂံဘုရားတွေကြောင့် သစ်တောပြုန်းရတာလား


A young Burmese boy tends his family's cows near the Thatbinnyu Temple in Bagan Saturday December 27, 1997. The temple, the tallest in Bagan, is one of 13,000 temples built on the plain which surrounds the city during the Era of the Temple Builders, a two
A young Burmese boy tends his family's cows near the Thatbinnyu Temple in Bagan Saturday December 27, 1997. The temple, the tallest in Bagan, is one of 13,000 temples built on the plain which surrounds the city during the Era of the Temple Builders, a two

ပုဂံဒေသမှာ သစ်ရိပ်ဝါးရိပ် မရှိရတာဟာ ရှေးမင်းတွေ ထောင်နဲ့ချီတဲ့ ဘုရားတွေ တည်ခဲ့တာကြောင့်လား ဆိုတဲ့ သံသယကို အဖြေရှာကြရအောင်ပါ။

ပုဂံဒေသကို တမ္ပဒီပ (Tambadipa) ကြေးအဆင်းရှိတဲ့မြေလို့ ခေါ်တွင်ကြသလို လောလောပူတဲ့အရပ် လို့ခေါ်တဲ့ တတ္တဒေသ (Tassadessa) ဒါမှမဟုတ် ပူပြင်းခြောက်သွေ့တဲ့ အရပ်လို့လည်း ကျောက်စာမှာတင်ပါတယ်။ ဒါ့ကြောင့် ပုဂံဟာ တည်စကတည်းက မိုးခေါင်ရေရှား ရပ်ဝန်းထဲမှာ ရှိနေတာ ထင်ရှားပါတယ်။

ဒါပေမယ့် ဒီမြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းရပ်ဝန်းထဲက ပုဂံမှာ စေတီပုထိုး ထောင်နဲ့ချီပြီး တည်ထား ကိုးကွယ်တာကြောင့် သစ်တောတွေ ပြုန်းခဲ့ရတယ်ဆိုတဲ့ ပြောဆိုသံတွေကိုတော့ အခုထက်တိုင် ကြားနေရဆဲပါ။

ပုဂံဒေသမှာ ဗုဒ္ဓသာသနာ ထွန်းကားခဲ့တာနဲ့ အမျှ ပုဂံပညာရှင်တွေ ဆောက်လုပ်ခဲ့ကြတဲ့ စေတီ၊ ဂူဘုရား၊ အုတ်ကျောင်း၊ ဥမင်၊ ပိဋကတ်တိုက်၊ သိမ်နဲ့ ပြဿာဒ် လို အဆောက်အဦးတွေမှာ အုတ်ကိုသာ အဓိက သုံးခဲ့ကြတာပါ။

ဒီအဆောက်အဦးတွေ ဆောက်လုပ်ဖို့ အုတ်ဖုတ်ရာကနေ ပုဂံဒေသ သစ်တောတွေ ပြုန်းပြီး ခြောက်သွေ့ သွားတယ်ဆိုတဲ့ ပြောကြားချက်တွေကိုတော့ ပုဂံသုတေသီ ကွယ်လွန်သူ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက လက်မခံခဲ့သလို ဗိသုကာပညာရှင် ဒေါက်တာ ကျော်လတ်ကလည်း လက်မခံပါဘူး

"ဘုရားတွေတည်လို့ သစ်တောပြုန်းတီးသွားတယ်လို့ ပြောချင်ရင် အတိအကျတွက်ချက်ပြီးမှ ပြောဖို့ လိုပါတယ်။ တွက်တာကလည်း မခက်ပါဘူး။ တွက်တဲ့ နည်းရှိပါတယ်။ ကုဗပေ တရာကို အုတ်ဖုတ်ရင် သစ်ဘယ်လောက်ကုန်မယ် ဆိုတာ လွယ်လွယ်လေးတွက်လို့ ရပါတယ်။ ပုဂံမှာရှိတဲ့ ဘုရားတွေရဲ့ ထု (volume) ကိုတွက်ချလိုက်ပေါ့။ အဲဒီအုတ်ထုထည် ထွက်လာလို့ ရှိရင် အဲဒီအတွက် ဖုတ်ရတဲ့ သစ်က ဘယ်လောက်ကုန်မယ်ဆိုတာ ထွက်လာမှာပါ။ အဖြေထွက်လာရင်လည်းပဲ ပြောပလောက်အောင်မရှိပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့တည်ကြတာက တနှစ်မှာမှ ဆယ်ဆူ ၁၅ဆူ လောက် ရှိတဲ့ အတွက်ကြောင့် ဒီဘုရားတည်လို့ သစ်တောပြုန်းတီးတယ် ဆိုတာက အခြေအမြစ် မရှိပါဘူး"

ပုဂံမှာ စေတီ ပုထိုးပေါင်း ၅ထောင်ကျော်ရှိတဲ့ အထောက်အထားအဖြစ် ၁၈ရာစု မှတ်တမ်းတွေ ရှိခဲ့တယ်လို့ ဒေါက်တာကျော်လတ်ကပြောသလို လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဆိုတဲ့ လင်္ကာနဲ့လည်း ဘုရား အရေအတွက်ကို ပြောလေ့ရှိကြပါတယ်။ အရှေ့က လေးလုံးကို နေ့နံနဲ့ တွက်ရင် ၄၄၄၆ ရတာမို့ ဘုရားတွေက လေးထောင်ကျော် ရှိနေတာပါ။ ဒီလောက်များတဲ့ အဆောက်အဦးတွေ ရှိနေပေမယ့် သူတို့ကို နှစ်ပေါင်း သုံးရာလောက် အတွင်းမှာ ဆောက်လုပ်ခဲ့တာကြောင့် တနှစ်ကို ဘုရား ဆယ်ဆူဝန်းကျင် တည်မယ်လို့ တွက်တာပါ။ ဒါပေမယ့် ဒီဘုရားတွေ တည်ဖို့ အုတ်ဖုတ်တာကြောင့် ပုဂံဒေသ က အင်ကြင်းတောတွေ ပြုန်းတယ်ဆိုတာကို လက်မခံတဲ့ ဆရာတော် တပါးလဲရှိတယ်လို့ ဆိုပါတယ်

"ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဆို ကြားရင်သိပ်စိတ်ဆိုးပါတယ်။ အဲဒီဆရာတော်က ကိုလိုနီခေတ်ရဲ့ အစပိုင်းပေါ့ ဧရာဝတီ ဖလော်တဲလာ (Irrawaddy Flotilla သင်္ဘောကုမ္ပဏ)ီ တို့ စပြီး ပြေးဆွဲတဲ့ အချိန်ခါကို မှီလိုက်ပါသေးတယ်။ သူပြောတာက ကျွန်တော်တို့ ပုဂံမှာ အထူးသဖြင့် အင်ကြင်းပင်တွေ ပြုတ်သွားတာ ကုန်သွားတာဟာ အဲဒီဧရာဝတီ ဖလော်တဲလားကြောင့်တဲ့။ ဆရာတော် ငယ်ငယ်တုန်းက ညောင်ဦးကမ်းပါးမှာ အင်ကြင်းပင်တွေကို ( အဲဒီအင်ကြင်းဆိုတာ အင်မတန် လှပြီး ပရိဘောဂ တွေ ဘာတွေလုပ်မယ်ဆိုရင် အင်မတန်လှပြီး မာလဲမာ ပါတယ်) အဲဒီသစ်တွေ အတုံးကြီးတွေကို ညောင်ဦးကမ်းပါးမှာ အဆောက်အဦး သုံးထပ် လေးထပ်စာလောက် အမြင့်ပုံပုံ ထားတာတဲ့ အဲဒါ သဘောၤ တစီးတခါလာပြီဆို ပြုတ်သွားပေါ့။ အဲဒါကြောင့်မို့ ပုဂံနားတဝိုက်မှာ ရှိတဲ့ သစ်တောတွေ ပြုန်းတီးသွားတာလို့ သူကလက်တွေ့ ကြုံခဲ့မြင်ခဲ့တဲ့ ဆရာတော်ပါ"

အဓိက အချက် အနေနဲ့က ပုဂံဘုရားတွေကို တည်နိုင်ဖို့ ဖုတ်ကြတဲ့ အုတ်တွေဟာ ဧရာဝတီမြစ်ကြောင်း အတိုင်း တင်ပို့ခဲ့တဲ့ အုတ်တွေ ဖြစ်နေတာကြောင့်ပါ

"အုတ်တွေကို ဖုတ်တာက ဟိုတုန်းက ပုဂံမှာ ဖုတ်ခဲ့တာ မဟုတ်ပါဘူး။ သူတို့ ရွာတွေကို ဆင့်ပြီးတော့ မင်းတို့ရွာကနေ ဘယ်နှစ်လုံးပို့ ဆိုပြီးတော့၊ အဲဒီလိုဆင့်ပြီးတော့ ပို့ခဲ့တယ်ဆိုတာ ဘယ်လိုသိသာ ထင်ရှားလဲ ဆိုတော့ တချို့သော အုတ်တွေကို အနောက်မှာ ကပ်ပြီးကြည့်လိုက်ရင် ရွာနံမယ်လေးတွေ ပါနေ ပါတယ်။

အဲဒါကိုကြည့်ခြင်းအားဖြင့်က အုတ်တွေက အဲဒီလို ခွဲပြီးဖုတ်ခိုင်းတယ်။ ပြီးတော့ သူတို့ ဖေါင်နဲ့သယ်လာတယ်၊ နောက်ပုဂံမှာ ပို့တယ်ပေါ့နော်။ အဲဒါကြောင့် မို့လို့ပါ။ ဘာလို့ဆိုတော့ အဲဒီရွာနံမယ် လေးတွေပါနေတာက သက်သေထင်ရှားပါတယ်"

ဒီလို ဒေသမျိုးစုံက လာတဲ့ အုတ်တွေနဲ့ တည်ဆောက်ထားတဲ့ ပုဂံဘုရားပုထိုး အဆောက်အဦးတွေကို ပြန်ပြီးပြင်ဆင်တဲ့ နေရာမှာ မူလသုံးတဲ့ ပစ္စည်းဟာ ဘယ်ကလာလဲဆိုတာ သိအောင်လုပ်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်

"၂၀ ရာစုနှစ် အစပိုင်းလောက် ကထဲက ကျောက်စာဌာန လို့ပဲခေါ်တာပေါ့။ ဟိုတုန်းကတော့ The Archeological Survey of India လို့ခေါ်ကြတာပေါ့။ အဲဒီရဲ့ မူအားဖြင့်ကတော့ အခုခေတ်မှာ ပြင်တဲ့အခါ ခုခေတ်အုတ် ကိုပဲသုံးပါတယ်။ ပုံကတော့ ဒီအတိုင်းပဲ ဖြစ်အောင်လုပ်မယ်လို့ ပြောပါတယ်။ အဲဒီ အယူအဆ ကို ကျွန်တော်ပိုပြီးတော့ ကြိုက်ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ တကယ်လို့ သူ့အတိုင်းလိုက်ပြီး ဖုတ်မယ်ဆိုလို့ ရှိရင်လည်း ရှေးတုန်းက အုတ်တွေကိုက အရွယ်က နဲနဲလေးတွေ ကွာပြီးတော့ ပုဂံမှာ ကိုပဲ အုတ်အရွယ် သုံးမျိုးလောက်ကို တွေ့နေရပါတယ်။ ဆိုတော့ တရွာနဲ့ တရွာဖုတ်ကြပြီးတော့ တခါတလေကျရင် လက်တလုံးလောက်၊ တခါတလေကျရင်လည်း တလက်မနီးပါးလောက်ကို အရွယ်တွေ ကွာနေတာ ရှိပါတယ်။ အဲဒီတော့ တကယ်ကို ဘယ်နေရာမှာ ဘယ်လို အုတ်ကို သူတို့ရှေးတုန်းက လုပ်သွားသလဲ ထည့်သွားသလဲ ဆိုတာကိုလည်း ကျွန်တော်တို့က မသိတော့ ပါဘူး။ အဲဒါက ဒီအုတ်နဲ့ဆောက်တဲ့ အဆောက်အဦးတွေကို ပြန်ပြင်တဲ့အခါမှာ တွေ့ရတဲ့ အဓိက အခက်အခဲပါပဲ။

ဗောဓေါဗုဒုတို့လို ဟိုရှေးတုန်းက သဘာဝကျောက်နဲ့ တည်ဆောက်သွားတဲ့ နေရာက ကျောက်ကြီးတွေကျ တော့ အကြီးကြီးတွေ ဖြစ်တော့၊ ဒါကိုသူတို့က စောစောစီးစီးကနေ ကြိုပြီးတော့ ဒီကျောက်တုန်းက ဒီလိုအရွယ် ရှိခဲ့မယ် ဆိုတာကို တွက်လို့ ချိန်လို့ ရပါတယ်။ အခု အုတ်ကျတော့ ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့ ဆောက်ထားတဲ့ အုတ်တွေ ပါလာတဲ့ အခါကျတော့၊ နောက် အရွယ်ကလည်းပဲ အဲလိုကွာနေတယ်။ ကွာတဲ့အတွက်ကြောင့် မို့လို့ အဲဒီလို ရှေးအုတ်အတိုင်း ပြန်ဖုတ်ပြီးတော့ ပြန်ထည့်မယ်ဆိုရင် လည်းပဲ တိတိကျကျ တော့ ဖြစ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့်မို့ ကျွန်တော့် ယူဆချက်ကတော့ အခုခေတ်အုတ် ကိုပဲ သုံးတာကောင်းတယ်လို့ ယူဆပါတယ်"

ပုဂံဒေသကို ထိမ်းသိမ်းရာမှာ ရှေးမူမပျက်ရှိစေရေးကို အဓိက ထားဖို့ လိုတယ်လို့ ရတနာပုံတက္ကသိုလ် ရှေးဟောင်းသုတေသနဌာန ပါမောက္ခနဲ့ ဌာနမှုး ဦးသာထွန်းမောင်က ပြောပါတယ်

"အဓိက ပြင်တယ် ဆိုတာထက် ထိမ်းသိမ်းတာက ပိုအရေးကြီးပါတယ်။ ဆက်မပြိုအောင်ပေါ့။ အဲဒီ ရှေးမူမပျက် ထားဖို့ လိုတယ်ခင်ဗျ။ အဲဒီ အုတ်အသစ်တွေ ဘာတွေနဲ့ကတော့ ကျွန်တော်တို့ အများအားဖြင့် သိပ်လက်မခံကြဘူးပေါ့။ ကျွန်တော်တို့ ဘက်ကလေ။ ဒါပေမယ့် အဓိကဘာလဲဆိုလို့ ရှိရင် သူ့ရဲ့ အနုပညာ ရသ၊ ပုံသဏ္နာန် မပြောင်းလဲဖို့တော့ အရေးကြီးတာပေါ့။ ဥပမာ အဆောက်အအုံရဲ့ မူလပုံသဏာန် မယိုယွင်း သွားဖို့တော့ အရေးကြီးတယ် သုံးတဲ့ အုတ်ကသိပ် ပဓါန မကျဘူး ကျွန်တော်မြင်တာလေ။

တကယ်လို့ Architect ဗိသုကာတွေရဲ့ အပိုင်းက ဒါသည် ပိုခိုင်မှာ မို့လို့၊ ပိုပြီးတော့ ကောင်းမှာ မို့လို့ ဒီအုတ် ကို သုံးမယ်ဆိုရင်လည်း အကောင်းဘက်က ကျွန်တော်တို့ တွေးလို့ ရှိရင် ဒီလာရောက်လေ့လာတဲ့ လူတွေ အနေနဲ့ ကြည့်တဲ့ အခါမှာ ဒါသည် မူလအဟောင်းက ဘယ်လိုရှိတယ်။ ဒါကို အသစ်နဲ့ ဘယ်လိုမွန်းမံ ထားတယ်။ ဒါကို ခွဲခြား မြင်ရခြင်းသည်ပင်လျှင်လည်း တခါတလေကျ အမြတ်ရှိပါတယ်။

နောက်တခုက အသစ်နဲ့ လုပ်လိုက်လို့ ပိုကောင်းသွားတယ် ဆိုရင် ဒါသည် အမြတ်တခုထွက်သွားတာပေါ့။ ကျွန်တော်တွေးမိတာတော့။ ဒါလုပ်သင့် ပါတယ်။ နောက်တချက်က အသစ်မဆောက်မိဖို့ အရေးကြီးတာပေါ့။ မူလ ပုံစံ မယွင်းသွားဖို့ အရေးကြီးတာပေါ့။ မူလပုံစံကို ကွန့်တာမျိုး ကျွန်တော်တို့ မလိုချင်ဘူး။ မူလပုံစံ အတိုင်း ရှိနေဖို့ လိုပါတယ်။ ကျွန်တော်တို့မှာတော့ Style ဟန် နဲ့ပုံစံ Form ရှိတာပေါ့လေ။ အဲဒီ အနုပညာ လက်ရာတွေ ကြည့်တဲ့ အခါမှာ။ အဲဒီတော့ မူလပုံစံ မူလဟန် ကို မပြောင်းစေရဘူး။ အဓိကက ဒါပဲ အရေးကြီး တာပါ"

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေမှာ သဒ္ဓါလွန်ပြီး ရှေးဘုရားတွေကို စစ္စေးသုတ် ရွှေချတာ၊ ထုံးသုတ်တာ တွေ အပြင် ယတြာချေ ရွှေ့ပြောင်း ပြုပြင်တာတွေဟာ ရှေးဟောင်း လက်ရာတွေကို ဖျက်ဆီးရာ ရောက်နေ ပါတယ် ဆိုတာကိုတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားပါရစေ

XS
SM
MD
LG