သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ရေလုပ်သားတွေ ချစ်မြတ်နိုးကြတဲ့ ဧရာဝတီလင်းပိုင်တွေဟာ မျိုးတုန်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတာမို့ ဝိုင်းဝန်း ထိမ်းသိမ်းစောင့်ရှောက်ကြဖို့ ဒီတပတ်မှာ ပြောပြပါရစေ။

"လင်းပိုင်တွေဟာ လူတွေကို အန္တရာယ်မပေးဘူး။ ပင်လယ်ကမ်းစပ်မှာရှိတဲ့ ရေချိုးဆိပ်တွေမှာ တခါတလေ လူသားစားတဲ့ ငါးမန်းတွေတွေ့ရတတ်တယ်။ အဲဒီနေရာကို လပိုင်တွေ ရောက်လာရင် ကလေးတွေနဲ့ ရေချိုးတဲ့ လူတွေကို အကာအကွယ်ပေးလေ့ရှိတယ်

တံငါသည်တွေကလည်း လပိုင်တွေကို တော်တော်ချစ်တာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ နွေကျလို့ ဧရာဝတီမြစ်ထဲမှာ ရေနည်းသွားလို့ ရှိရင် တံငါသည်တွေ ငါးရှာမရဖြစ်နေရင် အဲဒီအချိန်မှာ လပိုင်တွေ လေး-ငါး ကောင်လောက်က အောက်ကနေ စုပြီး တံငါသည်တွေ ရှိတဲ့နေရာကို ငါးတွေကို ခြောက်ပေးတယ်။ နောက် သူတို့ရဲ့ ရေယက်တောင်ကို ရေပေါ်ထောင်ပြီး ၂ ချက် ၃ ချက်လောက် ပုတ်လိုက်တဲ့အခါမှာ တံငါသည်တွေလည်း ဒီနေရာမှာ ငါးရှိတယ်ဆိုပြီး သဘောပေါက်တယ်။

လပိုင်တွေနား လှေနဲ့တိုးသွားပြီး သူတို့ အချက်ပြတဲ့နေရာ ရောက်တာနဲ့ ကွန်ပစ်လိုက်ကြတယ်။ အဲဒီမှာ ငါးတွေအမြောက်အများကို မိတာလည်း တွေ့ရတယ်။ ငါးလုပ်ငန်းမှာ လုပ်တဲ့ ရေလုပ်သားတွေဟာ ဒီလပိုင်တွေကို သူတို့က ကိုးကွယ်လုနီးပါးပဲ ချစ်မြတ်နိုးတာကို တွေ့ရတယ်"

ငါးလုပ်ငန်းဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စဗေဒ ပညာရှင် ဦးညွန့်လှိုင်ပါ။ ၁၈၈၆ခုနှစ်မှာ Sir Richard Owen က ၁၉၅၂ ခုနှစ်ကတွေ့ရှိခဲ့တဲ့ မျိုးစိတ်ပေါ် အခြေခံပြီး ပထမဆုံး Irrawaddy Dolphin လို့နာမည်ပေးထားပါတယ်။ မြန်မာတွေကတော့ လင်းပိုင်လို့ ခေါ်ပါတယ်။

"ဧရာဝတီလပိုင် ဆိုတာက ကျနော်တို့ မြန်မာနိုင်ငံထဲမှာ ပထမဆုံး စတွေ့တဲ့ လပိုင် Endemic အမျိုးအစားပေါ့။ မြန်မာပြည်ထဲမှာပဲ ဒီလပိုင်မျိုးက ခဏခဏတွေ့တတ်တယ်။ တရုတ်ပြည်မှာ မှတ်တမ်းတင် ထားတာက အေဒီ ၈ဝဝ လောက်က ဒီလပိုင်ကို ကျွန်တော်တို့ ရေပြင်မှာ river pig ရေဝက်လို့ လို့ ဆိုပြီး ဟိုးရှေးရှေး နှစ်ပေါင်းများစွာ ကတည်းက ဧရာဝတီလပိုင်ဟာ မြန်မာပြည်ရဲ့ ဧရာဝတီမြစ်ထဲမှာ အဓိကတွေ့ရ တယ်ဆိုတာ ထင်ရှားပါတယ်"

မြန်မာလင်းပိုင်တွေရဲ့ ထူးခြားချက်တွေကို ကြည့်ရအောင်ပါ။

"မြန်မာပြည်က လပိုင်ရဲ့ထူးခြားချက်က ဆိုလို့ရှိရင် သူက ၇ ပေ- ၈ ပေ- ၉ ပေလောက် အထိ သူကရှည်ပါတယ်။ သူ့ရဲ့ dosel fin အနောက်ပိုင်းမှာရှိတဲ့ ရေယက်တောင်က တခြားလပိုင်တွေနဲ့ မတူဘူး။ လုံးပြီး ခပ်ဝိုင်းဝိုင်း လေးနဲ့ သေးငယ်တယ်။ တခြားလပိုင်တွေမှာဆို တော်တော်လေး သိသိသာသာ ကြီးတာကို တွေ့ရတယ်။ နောက် သူ့ထူးခြားချက်က နှုတ်သီးမပါဘူး။ without beak အဲဒါကထူးခြားတယ်။ အသက် အားဖြင့်ဆိုရင် ၃ဝ ကနေ အသက် ၅ဝ လောက်အထိ နေနိုင်တယ်။

မန္တလေးနဲ့ကသာ သပိတ်ကျင်း အဲဒီနေရာတွေ တလျှောက်မှာ သူတို့ အဓိက သွားလာ ကျက်စား နေထိုင်ကြတယ်။ မန္တလေးရဲ့အထက် မတ္တရာ စတုတ္ထမြစ်ကျဉ်းနားအထိကို သိပ်ပြီးတော့ များများ စားစား မဟုတ်ပေမယ့်လည်း လေး-ငါး-ဆယ်ကောင်လောက် အုပ်စုလိုက် သွားနေတာကို တွေ့ရသေးတယ် ခင်ဗျ"

ဒီဧရာဝတီလင်းပိုင်တွေဟာ ကမ္ဘာတဝှမ်းမှာ အကောင်ရေပေါင်း ၇,၀၀၀ ကျော်လောက်သာ ကျန်တော့ တာမို့ မျိုးတုန်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။ဒီအထဲက ၉ဝ% ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတွေ့နိုင်ပြီး သူတို့ဟာ အာရှဒေသက အပူပိုင်းနဲ့ သမနွေးပိုင်းတွေမှာသာ ကျင်လည် ကျက်စားလေ့ ရှိပါတယ်။

" ကျနော်တို့ လပိုင်တွေ ပျံ့နေတဲ့ နေရာတွေကို ပြောရမယ်ဆိုလို့ ရှိရင် အဓိက-ကတော့ ဧရာဝတီမြစ် ပေါ့လေ။ ဒီ အိန္ဒိယပြည်က ဂင်္ဂါမြစ်၊ ဗြဟ္မပုတ္တရမြစ် နောက် ရခိုင် ကမ်းရိုးတန်းတလျှောက် ထားဝယ် ကမ်းရိုးတန်းတလျှောက်၊ သြစတေးလျရဲ့ မြောက်ပိုင်း ဘော်နီယိုကျွန်း၊ ဖိလစ်ပိုင်ကျွန်းတွေအထိ ဒီလပိုင်တွေက ပျံ့နှံ့ပြီး များသောအားဖြင့် အပူပိုင်းဇုံတွေနဲ့ အီကွေတာတလျှောက် ဟိုဘက်ဒီဘက်မှာ နေကြတာ များတယ်လေ။ ဒီဘက် မဲခေါင်မြစ်ဝှမ်းတလျှောက် ကမ္ဘောဒီးယား၊ လာအို၊ သြစတေးလျ ဖိလစ်ပိုင် အဲဒီလောက်ပဲ သူတို့က သွားလာကျက်စားနေကြတာကိုတွေ့ရတယ်"

မျိုးတုန်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုတော့ ဧရာဝတီမြစ်ကြောင်းမှာ ဘာ့ကြောင့် မျိုးတုန်းဖို့ရှိတယ်၊ ကာကွယ်ဖို့ ဘာတွေလုပ်ရမှာပါလဲ။

" လပိုင်တွေဟာ မျိုးတုန်းမယ့် အန္တရာယ်နဲ့ တော်တော်လေးကို နီးနီးစပ်စပ် တွေ့ကြုံနေရတယ်။ ဧရာဝတီ မြစ်ရဲ့ အပေါ်မှာ ဆည်တွေအများကြီးတည်ဆောက်နေတဲ့အတွက် ဧရာဝတီမြစ်ကြောင်းရဲ့ ပတ်ဝန်းကျင် အခြေနေ ပြောင်းလဲလာတာ မျိုးတွေရှိတာမို့ သူတို့ကို ထိခိုက်နိုင်ပါတယ်။ နောက် တချက်က ဒီဧရာဝတီ မြစ်ဖျားမှာ ရွှေကျင်တဲ့ ကိစ္စတွေဟာ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်။ အခုအခါမှာ ထိမ်းသိမ်းဖို့ လုပ်လာတာရှိပေမယ့် ပုဂ္ဂလိက တယောက်ချင်း နှစ်ယောက်ချင်းတွေ တော်တော်များများ ရှိနေသေးတဲ့အတွက် သူတို့က အသုံးပြုတဲ့ မာကျူရီ လို့ခေါ်တဲ့ ပြဒါးတွေ အဆိပ်သင့်မှုက လပိုင်တွေကို ထိခိုက်တဲ့ အတွက်ကြောင့် လပိုင်တွေ သေဆုံးနေတာကို တွေ့ရှိရတယ်။

အဓိကနောက်တခုကတော့ ဘက်ထရီနဲ့ တရားမဝင် ငါးဖမ်းတာက ဆိုးတယ်။ ဘက်ထရီ ဆယ်လုံး ၁၅ လုံးလောက်ကို တန်းဆက်လုပ်ပြီး ဝါယာကြိုး ၂ချောင်းကို ရေထဲမှာ ရှော့ရိုက်ခြင်းအားဖြင့် ငါးတွေ တော်တော် များများလည်း သေတယ်။ လပိုင်တွေကလည်း ၆ ကောင် ၇ ကောင်လောက်တောင်မှပဲ တနှစ်တနှစ်ကို သေတာတွေ့ရတယ်။

ဒါ့ကြောင့်မို့ ဒါမျိုးမလုပ်ဖို့ ငါးလုပ်ငန်းဦးစီးဌာနက ဆိုင်းဘုတ်တွေ ထောင်ပြီး ပညာပေးတဲ့ လုပ်ငန်းလေးတွေ လုပ်နေပါတယ်ခင်ဗျ။ သူတို့ကလည်း နည်းနည်း ရှားပါးလာတာမို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနက The Conservation of Irrawaddy Dolphin ဆိုပြီး ထိမ်းသိမ်းရေး လုပ်ပါတယ်"

ဒီလင်းပိုင်တွေကို မြန်မာနိုင်ငံ ဘယ်နေရာတွေမှာ ထိမ်းသိမ်းစောင့်ရှောက်နေပါသလဲ။

"မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မိုးကုတ်မြို့နယ်၊ သပိတ်ကျဉ်းမြို့နယ်၊ မန္တလေးလောက်ကစပြီး အပေါ်ဘက် မိုင် ၃ဝ လောက် ဧရာဝတီမြစ်တလျှောက် ဧရိယာကြီးတခုလုံးမှာ လပိုင် မဖမ်းဆီးရ၊ လပိုင်တွေကို သတ်ဖြတ်ခြင်း မပြုရ မျိုးထိမ်းသိမ်းစောင့်ရှောက်ရေး Conservation လုပ်နေပါတယ်။

ဒီဧရာဝတီ လင်းပိုင်ဟာ ကျနော်တို့အတွက် အင်မတန်မှ ဂုဏ်ယူစရာ ကောင်းတယ်။ မြန်မာနိုင်ငံရဲ့ ရေ သယံဇာတထဲမှာ သူဟာ အလွန်အင်မတန်မှ ရှားပါးပြီး လူတွေကို သူတို့က အလွန် အင်မတန် ချစ်တယ်။ လူတွေရဲ့ အကျိုးကျေးဇူးကိုလည်း ပြုတဲ့ မျိုးစိတ်တမျိုး ဖြစ်တယ်။ နောက် ဆောင်းတွင်း ဒီဇင်ဘာ၊ ဇန်နဝါရီလလောက်မှာ ဒီလပိုင်တွေရဲ့ လပိုင်သားပေါက် ကလေးတွေကို အဲဒီ ကာကွယ်ထားတဲ့ နေရာတွေ ဧရာဝတီ မြစ်တလျှောက်မှာ ရှိတဲ့ သဲသောင်တွေမှာ တွေ့ရလေ့ ရှိပါတယ်။ ဒါ့ကြောင့် ဒီလပိုင် မျိုးပေါက်ကလေးတွေကိုလည်း စောင့်ရှောက်ကြဖို့ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်"

ဧရာဝတီလင်းပိုင်ကို အထိမ်းသိမ်းထားနိုင်ဆုံး နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာနက WCS တောရိုင်း တိရိစ္ဆာန် ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နဲ့ပူးတွဲပြီး ထိမ်းသိမ်းရေး ဒေသ ၃ ခု ဖွင့်လှစ် စောင့်ရှောက်ထားတာမို့ ဧရာဝတီ လင်းပိုင် အကောင်ရေ ၆, ၀၀၀ ကျော်ဟာ ဘေးအန္တရာယ် ကင်းစွာနဲ့ လမုတောတွေရှိရာ ဘင်္ဂလားဒေ့ရှ် မြစ်ဝှမ်းဒေသမှာ ရှိနေကြပါတယ်။

XS
SM
MD
LG