သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဒဏ်ခံနိုင်တဲ့ ပုဂံဘုရား


In this photo taken Wednesday, Sept. 8, 2010, children pay respects to a Buddhist monk as they study Buddhist scriptures near a pagoda in Bagan, an ancient city of Myanmar. (AP Photo/Khin Maung Win)
In this photo taken Wednesday, Sept. 8, 2010, children pay respects to a Buddhist monk as they study Buddhist scriptures near a pagoda in Bagan, an ancient city of Myanmar. (AP Photo/Khin Maung Win)

ရှေးပုဂံခေတ် အနုပညာနဲ့ ဗိသုကာ လက်ရာတွေမှာ မွန်နဲ့ ပျူဟန်တွေ နှောနေပေမယ့် ပုဂံသားတွေရဲ့ စံနစ်တကျ တီထွင်မှုတွေနဲ့ ဖန်တီးဟန် အသစ်တွေကို အာနန္ဒာ၊ ဂေါတော့ပုလ္လင်၊ ထီးလိုမင်းလို၊ စူဌာမဏိနဲ့ သဗ္ဗညု ဘုရားတွေမှာ တွေ့ရတယ်လို့ ဗိုလ်မှူးဘရှင်ရဲ့ ပုဂံခေတ် ဗိသုကာပညာ တိုးတက်ပြောင်းလဲလာပုံ သုတေသန ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။ ဒီ ရှေးလက်ရာတွေဟာ ခေတ်အဆက်ဆက်မှာ ငလျင်ဒဏ်ကို ခံခဲ့ရတာပါ။

၁၁ ရာစုကနေ ၁၃ ရာစုနှစ်တွေအတွင်း တည်ဆောက်ထားတဲ့ ပုဂံဘုရားတွေမှာ အခုလို ငလျင်ဒဏ်ကို အကြိမ်ကြိမ် ခံခဲ့ရပေမယ့် ရှေးမြန်မာ ဗိသုကာ ပညာရှင်တွေ အသုံးပြု ဆောက်လုပ်ခဲ့တဲ့ နည်းပညာတွေဟာ ငလျင်ဒဏ်ခံနိုင်ရည် ရှိနေတာ တွေ့ရတယ်လို့ ဗိသုကာပညာရှင် ဒေါက်တာကျော်လတ်က ပြောပါတယ်။

"၁၂ ရာစု ၁၃ ရာစုနှစ် လောက်ကတခါ ရွှေဂူကြီး ပြိုတာ မှတ်တမ်းမှတ်ရာရှိပါတယ်။ နောက် ၁၄-၅ ရာစုနှစ်လောက်မှာ တခါနဲ့ ဘုရင့်နောင်လက်ထက် ၁၆ ရာစုနှစ်လောက်မှာ တခါ။ နောက်ပိုင်း ကတော့ မှတ်မှတ်ရရနဲ့ အပြင်းဆုံး ငလျင်ကတော့ ၇၅ လောက်ပေါ့လေ။ အကြမ်းဖျင်းကတော့ ဆယ်ကြိမ် ဆယ့်ငါးကြိမ်လောက် ရှိမယ်ထင်ပါတယ်။ အဲဒီလို မကြာမကြာလှုပ်ကြပါတယ်။

ပုဂံဘုရား အတော်များများက ငလျင်ခိုင်အောင် ဆောက်သွားပါတယ်။ တစ်က (Vaulting technique) ပေါင်းကူးနည်းကိုက ငလျင်ကို တော်တော်ခံနိုင်ပါတယ်။ ၇၅ခုမှာ မှတ်တမ်းမှတ်ရာအရ ဓါတ်ပုံ တွေရော ပုံတွေရောထဲမှာကို vault ထူထူ ကောင်းကောင်းရှိတဲ့ ဘုရားတွေဟာ ပျက်စီးတာ နဲပါတယ်။ ဥပမာ အာနန္ဒာ ဘုရားကြီးဆိုရင် နဲနဲခံရပါတယ်။ ထိပ်က သိခရ ပြိုကျပါတယ်။ ဒါပေမယ့်လည်း အဲဒီ vault ကြီးးကတော့ ဘာမှ မဖြစ်ပါဘူး။ အဲဒါက ငလျင်ကို ခံနိုင်တယ်ဆိုတဲ့ အချက်တချက်ပါ။

နောက်ဒုတိယက အကုန်မဟုတ်တောင်မှ တချို့ဘုရား တော်တော်များများပေါ့ သဗ္ဗညုလိုဘုရားမှာ အံ့သြလောက်တာက သူ့ရဲ့ ဖေါင်ဒေးရှင်းကိုက ငလျင်ကို ခံနိုင်ရည်ရှိအောင်လုပ်သွားတာ။ အဲဒီ သဗ္ဗညု ဖေါင်ဒေးရှင်းက ဟိုမြေကြီးထဲမှာကို အထူကြီး လုပ်သွားတာပါ။ အဲဒါကလည်း ပုဂံဘုရားတွေက ထူးခြားချက်ပါပဲ"

ပုဂံဘုရားတွေမှာ ငလျင်ဒဏ် ခံနိုင်စေတဲ့ ထူးခြားတဲ့ (Vaulting technique)လို့ခေါ်တဲ့ ပေါင်းကူးနည်းပညာနဲ့ အောက်ခြေထု ခိုင်ခံ့အောင် ဆောက်လုပ်ထားတဲ့ Rafting Foundation နည်းအပြင် ဝန်အားကို ဖြန့်ကျက်စေတဲ့ Load Distrubtion နည်းတွေ သုံးထားတယ်လို့ ဆိုပါတယ်။

"Vaulting technique ဆိုတာ အင်္ဂလိပ်လိုကတော့ Resoulution of Forces လို့ ခေါ်ပါတယ်။ တဖက်က Force ၂ ခုဆုံတယ်။ ဆုံတာက Resultent Force လို့ ခေါ်ပြီးတော့ အပြင် အပေါ်ကို တက်သွားတဲ့ force ကို အပေါ်ကနေ ဝိတ် ( weight) နဲ့ ပြန်ဖိချတဲ့ ကီးစတုန်း ( Key Stone) ပေ့ါ။ အဲဒီနည်းပေါ့။ အဲဒါက Vaulting Technique ပေါ့။ သူကိုယ်တိုင်ကလည်းပဲ ငလျင်ကိုတော်တော်လေးခံ န ိုင်တဲ့ နည်းပညာပါပဲ။

နောက်တခုကတော့ သဗ္ဗညု ဆိုလို့ရှိရင်တော့ တူးပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ ရှိရင် အောက်မှာကိုပဲ အုတ်အထူကြီး ခံထားတာ ရှိပါတယ်။ အဲဒါသည် ငလျင်ကို ခံအောင် လုပ်တဲ့နည်းပါပဲ။ နောက်တနည်းက သူတို့က တော်တယ်လို့ ခေါ်ရမှာပေါ့။ ထူးခြားတယ်လို့ ခေါ်တာ ဘာလဲ ဆိုတော့ သဗ္ဗညုစေတီတော်တို့လို နေရာတွေမှာ တချို့သော နေရာတွေမှာ ဥပမာ သိခရ လို့ခေါ်တဲ့ ဘုရားရဲ့ ထိပ်တည့်တည့် ရှိတဲ့နေရာတွေမှာကျတော့ အမြင့်ကြီး ဖြစ်နေတဲ့အတွက်ကြောင့်မိုလို့ အဲဒီတည့်တည့်ကို တွက်ပြီး ချလိုက်မယ်ဆိုလို့ရှိရင် အဲဒီနေရာမှာရှိတဲ့ Concentrated Load က တော်တော့်ကို များနေတယ်။

အဲဒီအပေါ်မှာ ကျနေတဲ့ Load ကို ဖြန့်ပေးဖို့အတွက်ဆိုရင်လည်း ဖောင်ဒေးရှင်းအထူကြီးနဲ့ ဖြန့်လိုက်လို့ရှိရင် လျော့သွားတာပေါ့။ အဲဒီနည်းကိုလည်း သူတို့ သဘောပေါက်ကြပါတယ်။ တတ်ကြပါတယ်။ ဒါကြောင့်မို့လို့လည်း သဗ္ဗညုတို့လို စေတီတွေမှာ အသုံးချထားကြတာ ဖြစ်ပါတယ်"

ပုဂံဘုရားတွေရဲ့ ဖောင်ဒေးရှင်းလို့ခေါ်တဲ့ အောက်ခြေထုက ငလျင်ဒဏ်ကို ဘယ်လို ခံနိုင်ရည်ရှိနေတာပါလဲ။

“ငလျင်ဒဏ်ကို ခံနိုင်စရာအကြောင်းက ၂ နည်းနဲ့ပေါ့လေ။ ပထမတနည်းကတော့ (rigitidy) လို့ ခေါ်တဲ့ ခိုင်မာအောင်၊ တောင့်တင်းအောင်လုပ်တဲ့ တနည်းရှိတယ်၊ နောက်တနည်းကတော့ flexibility လို့ပြောပြီးတော့ ကွေးရင်ကွေးသလို သူ့ရဲ့အလိုက်ပေ့ါလေ- ဟိုခေတ်တုန်းကတော့ steel structure တို့ ဘာတို့ မပေါ်သေးတဲ့အခါကျတော့ ဖလက်ဆီဘယ်လတီလို့ခေါ်တဲ့ နည်းနဲ့ မရတဲ့အခါကျတော့ ရီဂျစ်တတီနည်းနဲ့ ခံတာပေါ့။ ဖောင်ဒေးရှင်း အထူကြီး အမာကြီးပေါ့-

သိပ်ပြီးတော့ အရေးကြီးပြီးတော့ ပြောင်မြောက်တဲ့လက်ရာတွေဖြစ်တဲ့ သဗ္ဗညုတို့လို ဂူဘုရားကြီးတွေ အောက်မှာ ငလျင်ဒဏ်ကို ခံနိုင်အောင်လို့ ဆိုပြီးတော့ အုတ်နဲ့ပဲ အပြားအထူကြီးပေါ့။ တချို့ဆိုလို့ရှိရင် လူတရပ်လောက်တောင်မှ မြင့်တယ်။ အဲဒါက ခုခေတ် Technology တွေပေါ်လာတဲ့ ခေတ်မှာ raft foundation လို့ခေါ်တယ်။ ဖောင်- ပေါ့။ အဲဒီ ရပ်ဖ်၊ ဖောင်ဒေးရှင်းနဲ့ အတူတူပါပဲ။ ဗမာတွေကတော့ အဲဒီ ရပ်ဖ်၊ ဖောင်ဒေးရှင်းနည်းကြောင့်မို့လို့ ပုဂံဟာ သမိုင်းတလျှောက်မှာ ခဏ ခဏ ငလျင်ဒဏ်ကို ခံခဲ့ရပေမယ့် ရွှေစည်းခုံဘုရားတို့လို အာနန္ဒာဘုရားတို့လို သိပ်ကြီးကျယ်တဲ့ အဆောက်အဦးကြီးတွေကတော့ ပျက်စီးမသွားပါဘူး”

ဒီအစားထိုးမရတဲ့ ရှေးလက်ရာတွေဟာ ငလျင်ဒဏ်ခံနိုင်ရည်ရှိတဲ့ နည်းတွေနဲ့ ဆောက်လုပ်ထားပေမယ့် သဘာဝအန္တရာယ် ငလျင်ဒဏ်ကြောင့် အနည်းနဲ့အများတော့ ပျက်စီး ဆုံးရှုံးခဲ့ကြရပါတယ်။ ငလျင်ထက်ဆိုးတာက နောက်သဘာဝအန္တရာယ်တခုဖြစ်တဲ့ ရေဒဏ်ကို ခံရတာပါ။ ပုဂံဟာ ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ထားတဲ့အတွက် ခေတ်အဆက်ဆက် ရေတိုက်စားမှုဒဏ်ကို ခံခဲ့ရပါတယ်။

“၁၈ ရာစုနှစ်မှာ အင်းဝက ဘုရင်တပါးက ပုဂံမှာ ဘုရားဘယ်နှစ်ဆူရှိလဲဆိုတာ သူရေခိုင်းတယ်။ သူ့မှတ်တမ်း မှတ်ရာအရက ၅,၀၀၀ လောက် ရှိတယ်။ ၂၀ ရာစုအစပိုင်းမှာ အင်္ဂလိပ်အစိုးရရဲ့ Indian Archeological Survey ကနေပြီးတော့ စပြီး သူတို့ထိန်းသိမ်းဖို့ ရေလိုက်တဲ့အခါကျတော့ inventry ခေါ်တာပေါ့။ ရေလိုက်တဲ့အခါကျတော့ - ၄,၀၀၀ လောက်ပဲ တွေ့ရတယ်။ ဆိုတော့ ၁ ထောင်လောက်က ပြုတ်သွားတာပေါ့။ ၁ ထောင်လောက်က ပျက်စီးသွားမယ်၊ ပြိုသွားမယ်၊ ဖျက်ခံရမယ်၊ ရေထဲတိုက်သွားတာလည်း ဖြစ်နိုင်တယ်။

ပုဂံမြို့က တဝက်နီးပါးလောက် အနောက်မြောက်ဘက်ခြမ်းက ရေတိုက်စားပြီးပျက်သွားပါတယ်။ အခုလက်ရှိ ရှိတဲ့ ပုဂံက နဂိုရ်တုန်းကရှိတဲ့ ပုဂံထက်စာရင် ၆၀ % လောက်ပဲ ကျန်ပါတယ်”

ငလျင်ဘယ်အချိန် လှုပ်မလဲဆိုတာ မခန့်မှန်းနိုင်ပေမယ့် ဧရာဝတီမြစ်ရေတိုက်စားမှုဒဏ်ကိုတော့ ကြိုတင်ကာကွယ်မှုတွေ လုပ်နိုင်ပါတယ်။ ခေတ်အဆက်ဆက် ရေတိုက်စားလို့ ပါသွားတဲ့ ဘုရားပုထိုးတွေဟာ ထောင်နဲ့ချီ ရှိနေပြီး တချို့ဟာ ဧရာဝတီမြစ်ထဲမှာပဲ ဆယ်ယူသူကို စောင့်နေနိုင်ပါတယ်ဆိုတာကိုတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG