သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူ ပြည်နှင်ဒဏ်ပေးသူနှစ်ဦး ရန်ကုန်ပြန်ရောက်


အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာအစိုးရကသတ်မှတ်ထားတဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့အတွက် ရန်ပုံငွေစုဆောင်းတယ်၊ စည်းရုံးလှုပ်ရှားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံသားအချို့ကို စင်္ကာပူနိုင်ငံက အရေးယူဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ မြန်မာအစိုးရဖက်က ဒီအပေါ် တစုံတရာတုံ့ပြန်ပြောဆိုတာမရှိသေးပေမယ့်၊ မြန်မာနိုင်ငံက ရခိုင်လူမှုအဖွဲ့အစည်း တွေကတော့ ဒါဟာ တဖက်သတ်ဆန်တဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ ပြောပါတယ်။ ကိုဇော်ထက်စုံစမ်းမေးမြန်းသတင်းပေးပို့ထားပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့အတွက် ထောက်ခံစည်းရုံးတာတွေကို စင်္ကာပူ နိုင်ငံကိုအသုံးချပြီး ဆောင်ရွက်နေတယ်ဆိုပြီး ရခိုင်အသင်း(စင်္ကာပူ)ရဲ့ အဓိက တာဝန်ရှိသူတွေကို စင်္ကာပူ အစိုးရက ဖမ်းဆီးအရေးယူလိုက်တာပါ။ မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးအရေးယူ ပြည်နှင်ဒဏ်ပေးခဲ့ပြီး၊ နှစ်ဦးကတော့ မနေ့ညက ရန်ကုန်လေဆိပ်ကိုရောက်လာပါတယ်။

မနေ့ညတုန်းက ရခိုင်အသင်း(စင်္ကာပူ)အဖွဲ့ကခေါင်းဆောင် လေးယောက် ရန်ကုန်ရောက်လာမယ် သတင်းထွက်ခဲ့ပေမဲ့ ဒုဥက္ကဋ္ဌ အေးမြတ်မွန်လို့ယူဆရတဲ့ အမျိုးသမီးတဦးနဲ့ အသင်းပြန်ကြားရေးအဖွဲ့ထဲက ကိုတင်လှိုင်ဦးပဲရောက်လာခဲ့တာပါ။ စင်္ကာပူပြည်ထဲရေးဌာနက အရေးယူထားတဲ့ နောက်ဆက်တွဲကိစ္စတွေက ရှင်းရှင်း လင်းလင်း မရှိသေးတဲ့ အတွက် ကာယကံရှင်တွေအနေနဲ့ သတင်းဌာနတွေကို ဖြေဖို့ငြင်းထားပါတယ်။ လက်ရှိမှာ လုံခြုံတဲ့တနေရာမှာရှိနေနိုင်ကြောင်း မနေ့ကညက သူတို့ကို သွားကြိုခဲ့တဲ့ ရခိုင်အမျိုးသားကွန်ရက်က ကိုတင်ထူးအောင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ဒီနေ့မနက်ကလည်း ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့သတင်းလည်း သိုသိုးသံ့သံ့ ကြားတာပေါ့နော်။ သူတို့ကိုနည်းနည်းခေါ်ယူစစ်ဆေးမယ်ဆိုတဲ့ ဟာမျိုးတွေပေါ့။ မနေ့ကလည်း သူတို့ရောက်တာနဲ့ ချက်ချင်းသူတို့ လာကြိုတဲ့သူတွေနဲ့ကားပေါ်တက်သွားတာပေါ့နော်။ လက်ရှိအခြေအနေတော့ လုံခြုံတဲ့ နေရာတခုတော့ ရှိလိမ့်မယ်ထင်တယ် ကျနော်ထင်တာကတော့။ သတင်းတော့ကြားတယ် စုံစမ်းမေးမြန်းဖို့အတွက်ပေါ့နော် ရဲတပ်ဖွဲ့ကခေါ်ယူစစ်ဆေး မေးမြန်းမယ်ဆိုတဲ့ဟာမျိုးတော့ကြားတယ်။”

ရခိုင်အသင်း(စင်္ကာပူ)ခေါင်းဆောင်တွေဖြစ်တဲ့ အသင်းဥက္ကဋ္ဌ ကိုဟိန်းဇော်၊ ဒုဥက္ကဋ္ဌ အေးမြတ်မွန်၊ အသင်းပြန်ကြားရေး ရဲကျော်ထက် ပြီးတော့ ကိုတင်လှိုင်ဦး လေးယောက်ကို စင်္ကာပူရဲတပ်ဖွဲ့ CIDက ဇူလိုင် ၉ ရက်မှာ နေအိမ်ထဲ ဝင်ဖမ်းခဲ့ပြီး နောက်ရက်မှာAA စစ်ဦးစီးချုပ်ရဲ့ ညီ ကိုအောင်မြတ်ကျော် နဲ့ ကိုထွန်းအေးကို ဇူလိုင် ၁၀ရက်မနက်ပိုင်းမှာဖမ်းခဲ့တာပါ။ သူတို့အားလုံးဟာ လက်နက်ကိုင် AA/ ULA တည်ထောင်တဲ့ ၁၀နှစ်ပြည့်ပွဲ စင်္ကာပူ နိုင်ငံမှာ ပြုလုပ်ပြီး၊ AA အမှတ်အသားတံဆိပ်တွေဝတ်ဆင် တက်ရောက်ခဲ့သေးတယ်လို့ စင်္ကာပူပြည်ထဲရေးထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

စင်္ကာပူပြည်ထဲရေးဝန်ကြီးဌာန ဇူလိုင် ၁၀ရက် သတင်းထုတ်ပြန်ချက် မှာတော့ ဖမ်းဆီးခံရတဲ့ သူတွေဟာ AA နဲ့တိုက်ရိုက်ဆက်စပ်နိုင်ပြီး စင်္ကာပူက ရခိုင်အသိုင်းအဝန်းကို စည်းရုံးတာ၊ ရံပုံငွေစုဆောင်းတာတွေ လုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒါတွေဟာလည်း စွပ်စွဲချက်တခုပဲဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ ဂျပန်ရခိုင်အဖွဲ့အစည်းတခုကပြောပါတယ်။

“မြန်မာအစိုးရရဲ့ စွပ်စွဲချက်နဲ့ ဒီလို စင်္ကာပူက လုပ်ပေးတာပဲ ဖြစ်ပါလိမ့်မယ်။ အခုလောလောဆယ်တော့ ဒါဟာ စွပ်စွဲချက်တခုပဲဖြစ်ပါလိမ့်မယ်။”

စင်္ကာပူပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာတော့ သူ့နိုင်ငံရဲ့ လုံခြုံရေးအရ လုပ်တာလို့ဖော်ပြထားပြီး ဒီကိစ္စတွေမှာ ပါဝင်ခဲ့သူတွေအားလုံးကို ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG