သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်သီးဆွေးနွေးပွဲ စင်္ကာပူမှာ ဘာကြောင့် ကျင်းပသလဲ


အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲကို စင်္ကာပူနိုင်ငံမှာ အင်္ဂါနေ့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးလုံးလည်း အခုဆိုရင် စင်္ကာပူနိုင်ငံကိုရောက်ရှိနေပါပြီ။ အလွန်အရေးပါတဲ့ ထိပ်သီးဆွေးနွေးပွဲ စင်္ကာပူမှာ ကျင်းပဖို့ ဘာကြောင့်ရွေးချယ်ခဲ့ပါသလဲ။

စင်္ကာပူနိုင်ငံကနေ ဗွီအိုအေ သတင်းထောက် Bill Gallo ပေးပို့ထားတဲ့ သတင်းလွှာကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

နိုင်ငံတကာထိပ်သီးဆွေးနွေးပွဲတွေထဲမှာ အတိမ်းအစောင်းမခံနိုင်တဲ့ ဒီ ဆွေးနွေးပွဲကို စင်္ကာပူနိုင်ငံမှာ ကျင်းပဖို့ ရွေးချယ်ခဲ့တာဟာ တိုက်ဆိုင်မှုသက်သက်ကြောင့်မဟုတ်ပါဘူး။ ပမာဏအားဖြင့် မြို့အရွယ်လောက်ပဲရှိတဲ့ စင်္ကာပူဟာ လုံခြုံရေးအရ အင်မတန်ကောင်းမွန်ပြီး အခြေအနေတွေကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားနိုင်တဲ့အပြင် ကမ္ဘာပေါ်မှာ ရာဇဝတ်မှုအနည်းဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေတဲ့အတွက်ကြောင့် ထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပဖို့ အကောင်းဆုံးနေရာ ဖြစ်ခဲ့တာပါ။ အဓိကအချက်ကတော့ နေရာတိုင်းမှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားနိုင်တာဖြစ်ပြီး ဒါကြောင့်လည်း အစိုးရအနေနဲ့ အခြေအနေတွေကို လွယ်လွယ်ကူကူ ခြေရာခံ ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးက ထိပ်သီးဆွေးနွေးပွဲအတွက် လုံခြုံရေးအရ အကောင်းဆုံးဖြစ်နေတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Phil Robertson ကပြောပါတယ်။

"Donald Trump ကို ဆန့်ကျင်တဲ့ ဘယ်လို ကန့်ကွက်ဆန္ဒပြပွဲမျိုးမဆို ဖြစ်လာဖို့ မရှိဘူးလို့ စင်္ကာပူအစိုးရက အာမခံပေးနိုင်သလို Kim Jong Un အတွက်လည်း ဘာ ကန့်ကွက်ဆန္ဒပြတာမှ ဖြစ်မလာနိုင်ပါဘူး။ ဘာလုံခြုံရေး ခြိမ်းခြောက်မှုမှလည်း ရှိမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံးကို အမြဲထောက်လှမ်း စောင့်ကြည့်နေမှာ ဖြစ်လို့ပါ။"

Gallup စစ်တမ်းကောက်ယူတဲ့အဖွဲ့ရဲ့ ငါးနှစ် ဆက်တိုက် အစီရင်ခံစာအရ စင်္ကာပူနိုင်ငံသားတွေမှာ လုံခြုံစိတ်ချမှုရှိတယ်ဆိုတဲ့ ခံစားချက်မျိုး အခြားနိုင်ငံမှာ နေထိုင်သူတွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးရှိတယ်လို့ ဆိုပါတယ်။ ဒီလို လုံခြုံ တည်ငြိမ်မှုရှိတဲ့အတွက်ကြောင့် စင်္ကာပူကို ကမ္ဘာ့ ငွေကြေးဆိုင်ရာ မြို့တော်အဖြစ် ကြွယ်ဝချမ်းသာလာအောင် အထောက်အကူပြုခဲ့တာပါ။

အင်တာနက်နည်းပညာအများဆုံး အသုံးပြုတဲ့ နိုင်ငံအနေနဲ့ မကြာသေးခင် စစ်တမ်းကောက်ယူချက်တွေအရ စင်္ကာပူနိုင်ငံသားတွေဟာ မိုဘိုင်းလ်ဖုန်း၊ လက်ပ်တော့ စတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေကို တနေ့ကို ၁၃ နာရီနီးပါးကြာ အသုံးပြုကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စင်္ကာပူမှာ အချင်းချင်း တယ်လီဖုန်းနဲ့ ပြောဆိုတာတွေ၊ အီမေးလ်တွေနဲ့ အခြား ပုဂ္ဂိုလ်ရေးဆွေးနွေးချက်တွေကို အစိုးရအနေနဲ့ တရားရုံးအမိန့်စာမပါပဲ ဖမ်းယူစောင့်ကြည့်နိုင်ပါတယ်။ ဒီအချက်ဟာ နိုင်ငံရေးအရ လွတ်လပ်စွာထုတ်ဖေါ် လှုပ်ရှားခွင့်ကိုတော့ ပိတ်ပင်ခံထားရတာမျိုး ဖြစ်နေတယ်လို့ Phil Robertson ကပြောပါတယ်။

"သူတို့ဟာ ဒါကို ရာဇဝတ်မှု နှိမ်နင်းရေးမှာ တောက်လျောက်ထိမ်းထားနိုင်ဖို့ အတွက်ပဲ သုံးတာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ နိုင်ငံရေးအတွက်လည်း ဒါကို အသုံးချနေတာပါ။ အတိုက်အခံနဲ့ တက်ကြွလှုပ်ရှားသူတွေ ဘာလုပ်နေသလဲ ဆိုတာ သိရအောင်ပါ။"

စင်္ကာပူအစိုးရကို ဝေဖန်ပြောဆိုနေတဲ့ နာမည်ကြီး တက်ကြွလှုပ်ရှားသူ Jolovan Wham ကလည်း အခုလို ပြောပါတယ်။

"တကယ်လို့ လူတယောက်က နိုင်ငံရေးသမား ဒါမှမဟုတ် တက်ကြွလှုပ်ရှားသူဖြစ်နေရင် ကိုယ်ဘာလုပ်လုပ်၊ ဘာပြောပြော၊ သူငယ်ချင်းတွေကို အီးမေးလ်နဲ့ ပြောတာကအစ သူတို့ သိနိုင်တယ်ဆိုတာ သဘောပေါက်ထားရမှာပါ။ ဘာကြောင့်လဲဆိုတော့ စင်္ကာပူမှာ စောင့်ကြည့်ကင်မရာနဲ့ ဘယ်တော့မှ မကင်းနိုင်လို့ပါ။ အထူးသဖြင့် အာဏာရပါတီကို ဝေဖန်တဲ့သူဆိုရင်ပေါ့။"

Wham ဟာ ပြီးခဲ့တဲ့ နှစ်က ခွင့်ပြုချက်မရတဲ့ ဆန္ဒပြပွဲတွေကို စီစဉ်ခဲ့တဲ့အတွက် တရားစွဲဆိုခံခဲ့ရပါတယ်။

Hong Lim ပန်းခြံဟာ အစိုးရကခွင့်ပြုထားတဲ့ ဆန္ဒပြပွဲတွေ ကျင်းပခွင့်ရတဲ့ တခုတည်းသော နေရာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ Wham ပြောတာကတော့-

"ဒီ Hong Lim ပန်းခြံထဲမှာ ဆိုလည်း ကင်မရာက နေရာတိုင်းမှာရှိတယ်။ ဒီလိုထားတာက ခြိမ်းခြောက်ဖို့၊ လူတွေကြောက်တက်လာဖို့ လုပ်ထားတာဖြစ်သလို ထိန်းချုပ်ဖို့ပါ လုပ်ထားတာပါ။"

စင်္ကာပူအစိုးရဘက်ကတော့ ဗွီအိုအေကို တစုံတရာ မှတ်ချက်ပေးတုန့်ပြန်ခြင်းမရှိခဲ့ပါဘူး။ ခြုံပြီးပြောရမယ်ဆိုရင် စင်္ကာပူနိုင်ငံမှာ အတိုက်အခံ နည်းနည်းပါးပါးပဲရှိပြီး ပါတီကြီးတခုကပဲ နှစ်ပေါင်းများစွာ လွှမ်းမိုးချုပ်ကိုင်ထားတာပါ။ ချမ်းသာကြွယ်ဝပြီး၊ လုံခြုံရေး စောင့်ကြပ်မှု အပြည့်ရှိနေတဲ့ စင်္ကာပူနိုင်ငံဟာ ကမ္ဘာမှာတော့ တည်ငြိမ်မှုအရှိဆုံးနိုင်ငံ တနိုင်ငံ ဖြစ်တယ်လို့ ဆိုရမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG