သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု တကယ် တိုက်ဖျက်နိုင်တော့မလား


အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ပေးခံရတဲ့ ဝန်ကြီးဟောင်း ဦးအောင်ကြည်
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ပေးခံရတဲ့ ဝန်ကြီးဟောင်း ဦးအောင်ကြည်

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က အစိုးရဟာ “ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္တအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” ကို အများပြည်သူ သိရှိ၊ လေ့လာ၊ အကြံပြုနိုင်ဖို့ ထုတ်ပြန်ပေးလိုက်ပါတယ်။ သိပ်မကြာသေးခင် နိုဝင်ဘာ ၂၃ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ အငြိမ်းစားဗိုလ်ချုပ် ဦးအောင်ကြည် ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အသစ်ကို ဖွဲ့စည်း တာဝန်ပေးလိုက်ပြီးနောက်ပိုင်း အခု ဥပဒေပြင်ဆင်ဖို့ မူကြမ်း ထုတ်ပြန်လိုက်တာပါ။ ပြောရရင် မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဥပဒေ ပြဌာန်းပြီးတဲ့တိုင်၊ ဥပဒေပါ ပြဌာန်းချက်အတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းခဲ့ပြီးတာ ၄ နှစ်ခွဲကျော် ကြာလာတဲ့တိုင် သိပ်ပြီး အလုပ်မဖြစ်တာ၊ အဂတိလိုက်စားမှုတွေ ဖြစ်မြဲတိုင်း ဖြစ်နေတာနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားတွေရော၊ ပြည်သူတွေကပါ စိတ်ပျက်လက်ပျက် ဖြစ်နေတာ အတော်ကြာပါပြီ။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထက် အရင် ကော်မရှင်ဟောင်းနေရာမှာ ကော်မရှင် အသစ်ကို အစားထိုး လိုက်တဲ့အပြင် ဥပဒေကိုပါ ပြင်ဆင်တော့မှာမို့ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိထိရောက်ရောက် ဖြစ်လာတော့မှာလား ဆိုပြီး မျှော်လင့်စရာ တွေ ရှိလာပါတယ်။ ခုတပတ် အဲဒီအကြောင်း လေ့လာသုံးသပ် တင်ပြသွားပါ့မယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ပေးခံရတဲ့ ဝန်ကြီးဟောင်း ဦးအောင်ကြည်ဟာ ကိုယ်ကျင့်တရားအရ အရင် စစ်အာဏာရှင်ခေတ် စစ်ဗိုလ်ချုပ်တွေထဲမှာ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်သူ ဆိုပြီး ရှားရှားပါးပါး ချီးကျူးခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကော်မရှင် ဥက္ကဌ အဖြစ် ခန့်အပ်ခံရအပြီး သတင်းမီဒီယာတွေကို ဖြေကြားတဲ့ သူ့ရဲ့ အင်တာဗျူးတွေကို ကြည့်ရင် သူဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြသနာကို နားလည်တဲ့သူ၊ တကယ့်ကိုပဲ တိုက်ဖျက်မယ်လို့ သံဓိဌာန် ချထားသူ ဖြစ်တယ် ဆိုတာ မြင်တွေ့ကြရပါတယ်။

မီဒီယာတွေကို ဖြေကြားချက်အရ ဦးအောင်ကြည်က အဂတိလိုက်စားမှု ပြသနာ ဆိုတာဟာ လူပေါင်း သောင်းချီ သိန်းချီ ပတ်သက်နေတဲ့ လာဘ်ပေးလာဘ်ယူမှု သေးသေးမွှားမွှားလေးတွေ ချည်းပဲ မဟုတ်တဲ့အကြောင်း၊ တကယ်အရေးကြီးတာက Grand Corruption လို့ခေါ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရင်းအမြစ်ကြီးတွေ ဆုံးရှုံးတဲ့ ကိစ္စ၊ သယံဇာတ တွေဆုံးရှုံးနေတဲ့ ကိစ္စ ဖြစ်ကြောင်း၊ ဒီလို အဂတိလိုက်စားမှုကြီးတွေထဲမှာ အင်စတီကျူးရှင်းကြီးတွေ ပါဝင်ပတ်သက်မှု ရှိနေတတ်ကြောင်း၊ ဒီလို ကိစ္စမျိုးကို ကိုင်တွယ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။ လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဟာ တိုင်ကြားသူရှိမှ ကိုင်တွယ်ရတဲ့ ကိစ္စဖြစ်တာကြောင့် ဒါကို ဥပဒေမှာကို ပြင်ဖို့ လိုတဲ့အကြောင်း၊ ဥပဒေ မပြင်ရင် အဂတိလိုက်စားတယ်လို့ ဘယ်လောက်နာမည် ထွက်ထွက် ကော်မရှင်က ဘာမှ မလုပ်နိုင်တဲ့အကြောင်း၊ လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ အောက်ခြေက ဝန်ထမ်းတွေလောက်ကိုပဲ ထောင်ချတာ၊ အပြစ်ပေး အရေးယူတာမျိုး တွေ့နေရလို့ မထိရောက်ကြောင်း ပြောပါတယ်။ သူ့အနေနဲ့ တာဝန်ထမ်းဆောင်ရတဲ့အခါ အချက်သုံးချက်ကို ဦးစားပေး လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း၊ ပထမကတော့ လက်ရှိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ ပုံမှန် အဂတိလိုက်စားမှုမျိုး မဖြစ်ပေါ်အောင် တားဆီးကာကွယ်တာ ဖြစ်ကြောင်း၊ ဒုတိယ ကတော့ Grand Corruption လို အကြီးစားမျိုး ကိုင်တွယ်တာ၊ ငွေကြေးခဝါချမှုမျိုးဖော်ထုတ်တာ မျိုးဖြစ်ကြောင်း၊ တတိယ ကတော့ တစ်မျိုးသားလုံးကို အရှက်ရစေတဲ့ CPI Index မှာ နိမ့်ကျနေပြီး နိုင်ငံမျက်နှာပျက်နေရတဲ့ ကိစ္စ ဖြေရှင်းမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ရဲ့ ပြောဆိုချက်မှာ လက်ရှိ ၃ ကြိမ် ပြင်ဆင်ထားပြီးဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အလုပ်မဖြစ်ဘူး ဆိုတဲ့ အချက် ပါပါတယ်။ အခု စတုတ္တ အကြိမ် ပြင်ဆင်မယ့် မူကြမ်းမှာရော ဘယ်လို အချက်တွေ ပါတယ်၊ ဒါဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် တကယ် အလုပ်ဖြစ်မယ့် အချက်တွေလား ဆိုတာ အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

နဂိုမူလ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်က ပြဌာန်းခဲ့တာဖြစ်ပြီး ပုဒ်မ ၇၃ ခု ပါဝင်ပါတယ်။ ၄ နှစ်ကျော် အတွင်း အချက် နည်းနည်းပါးပါးလောက်ကို ၃ ကြိမ် ပြင်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။ အခု ၄ ကြိမ်မြောက်မှာတော့ အချက်ပေါင်း ၂၁ ချက်အထိ ပြင်ဆင်ဖို့ လျာထားတာ တွေ့ရပါတယ်။

အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ(ဃ) ခုလို အစားထိုး ပြင်ဆင်ဖို့ လျာထားတာ တွေ့ရပါတယ်။ “(ဃ) အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန်ကိစ္စနှင့် စပ်လျဉ်း၍ တိုင်ကြားချက် သို့မဟုတ် ရရှိသည့်သတင်းအရ လိုအပ်ပါက ကြိုတင်ထောက်လှမ်း စုံစမ်းစေခြင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပဏာမ စိစစ်ရေးအဖွဲ့တို့အား စုံစမ်းစစ်ဆေးစေပြီး တွေ့ရှိချက် အစီရင်ခံစာကို တင်ပြစေခြင်း၊” ဆိုပြီး ဖြစ်ပါတယ်။ ဒီအချက်ဟာ နဂိုမူလ ဥပဒေပါ ပြဌာန်းချက်နဲ့ အတော်လေး ခြားနားပါတယ်။ နဂို ပြဌာန်းချက်မှာ တိုင်တဲ့သူ ရှိမှ၊ တိုင်လာမှ ကော်မရှင်က အလုပ်လုပ်လို့ ရနိုင်တာမျိုးပါ။ အခု ဥပဒေကြမ်းမှာတော့ သတင်းရတယ် ဆိုရုံနဲ့တင် ကြိုတင်ထောက်လှမ်း စုံစမ်းနိုင်တာမို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အတော်လေး ထိရောက်လာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပုဒ်မ ၁၇ (ဈ) မှာလည်း “အဂတိလိုက်စားမှု ရှိကြောင်း ကျော်စောသတင်း တစ်ရပ်ရပ်ကို ကော်မရှင်သည် သတင်းပေးပို့ချက်အဖြစ် သတ်မှတ်နိုင်သည်။” ဆိုပြီး ထည့်သွင်းဖို့ လျာထားပါတယ်။ ဒီအချက်ဟာ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ အတော်လေးကို ထိရောက်နိုင်ပါတယ်။ ပုံမှန် လစာ ဝင်ငွေပဲ ရှိတဲ့ နိုင်ငံ့ဝန်ထမ်း တစ်ယောက် သူရတဲ့ လစာနဲ့ မလျော်ညီတဲ့ ပိုင်ဆိုင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာပြီဆို၊ ကော်မရှင်က စ ပြီး ထောက်လှမ်းစုံစမ်းနိုင်ပြီ ဆိုတဲ့ သဘောပါ။

နောက်ထပ် အရေးကြီးတဲ့ အချက်က ပုဒ်မ ၅၉ ပြင်ဆင်ချက်ပါ။ “၅၉။ မည် သူ မဆိုခိုင်လုံသောအကြောင် းမရှိဘဲ ပုဂ်္ဂိုလ်တစ်ဦးတစ် ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက် စေရန် ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်သည်ဟု သော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်၀ ချမ်းသာလာသည်ဟု သော်လည်းကောင်း၊ မမှန်မကန်သတင်းပို့ခြင်း၊ တိုင်တန်းခြင်း ပြုကြောင် း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက် လထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။” ဆိုပြီးဖြစ်ပါတယ်။ နဂို ဥပဒေမှာ မမှန်မကန် တိုင်ရုံနဲ့ ထောင်ဒါဏ် ၅ နှစ်အထိ ချနိုင်တာမို့ ပြည်သူတွေ မတိုင်ရဲအောင် လုပ်ထားတဲ့ သဘောမျိုး ဖြစ်နေပြီး ခုလို ပြစ်ဒါဏ် လျော့ချ ပြင်ဆင်လိုက်ခြင်းအားဖြင့် ပြည်သူတွေ ရဲရဲဝန့်ဝန့် တိုင်လာကြအောင် လမ်းဖွင့်ပေးသလို ဖြစ်စေပါတယ်။ ဒါ့အပြင် ပုဒ်မ ၃၆ (ခ) ပြင်ဆင်ချက်မှာ ကော်မရှင်ဟာ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ရုံးခွဲတွေ ဖွဲ့စည်းခွင့် ပေးထားတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်တာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မယ့် သဘော တွေ့မြင်ကြရပါတယ်။

ပြင်ဆင်မယ့် ဥပဒေကြမ်းထဲမှာ စောစောက တင်ပြခဲ့တဲ့ အချက်တွေ အပြင် အဂတိလိုက်စားမှု လုပ်တဲ့ အစိုးရ တာဝန်ရှိသူတွေတင်မက နိုင်ငံတကာမှာလို ကုမ္ပဏီနဲ့ ပုဂ္ဂလိက တွေကိုပါ အရေးယူနိုင်မယ့် အချက်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် တင်ဒါလို ကိစ္စမျိုးမှာ မမှန်မကန်လုပ်ပြီး အစိုးရ ငွေကြေး၊ ဘဏ္ဍာ ထိခိုက်နစ်နာမှုတွေအတွက် အရေးယူနိုင်တဲ့ ပြင်ဆင်ချက်မျိုးလည်း ထည့်သွင်းထားပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အခု ဥပဒေကြမ်းရဲ့ အဓိက အချက်တွေကို ပြဌာန်းနိုင်ခဲ့ရင် ကော်မရှင် ဥက္ကဌ ဦးအောင်ကြည် အနေနဲ့ Grand Corruption လို အကြီးစားအမှုတွေ ကိုင်တွယ်တာ၊ ငွေကြေးခဝါချမှုမျိုး ဖော်ထုတ်တာ လုပ်နိုင်မှာ ဖြစ်ပြီး တစ်မျိုးသားလုံးကို အရှက်ရစေတဲ့ Transparency International အဖွဲ့က နှစ်စဉ် ထုတ်ပြန်တဲ့ CPI Index မှာ နိမ့်ကျနေလို့ နိုင်ငံမျက်နှာပျက်နေရတဲ့ ကိစ္စကိုလည်း ဖြေရှင်းနိုင်ဖွယ် ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG