သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို စွဲဆိုတဲ့ အမှုတမှုတိုး


ဦးစည်သူအောင်မြင့်။
ဦးစည်သူအောင်မြင့်။

(Zawgyi / Unicode)

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတဦးဖြစ်သူ ဦးစည်သူအောင်မြင့်ကို နိုင်ငံတော် အကြည်ညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ ထပ်မံ တရားစွဲဆိုလိုက်ပါတယ်။ ဗဟန်းမှာ စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (က) အမှုအတွက် ဒီကနေ့မှာ တရားလိုကို စပြီး စစ်ဆေးတယ်လို့လည်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။

ဦးစည်သူအောင်မြင့်ကို ပုဒ်မ ၅၀၅ (က) နဲ့ ပုဇွန်တောင်မြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ အမှုဖွင့်ထားတာကြောင့် ပုဒ်မတခုတည်းကို အမှုနှစ်မှုနဲ့ ရင်ဆိုင်နေရတာပါ။ ဒီအမှုတွေအပြင် ပုဒ်မ ၁၂၄ (က) ထပ်တိုးပြီး တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။ နောက်တိုး ၁၂၄ (က) နဲ့ ထပ်ပြီး တရားစွဲဆိုတာနဲ့ ပတ်သက်လို့ ရုံးချိန်းပေးထားပေမယ့် အမှု လိုက်ပါဆောင်ရွက်ဖို့ လုပ်နေဆဲမို့ အသေးစိတ် မပြောနိုင်သေးဘူးလို့ ရှေ့နေက ပြောပါတယ်။

ဦးစည်သူအောင်မြင့်နဲ့ တချိန်တည်း ဖမ်းဆီးခံထားရတဲ့ မထက်ထက်ခိုင်ကိုလည်း ပုဒ်မနှစ်ခုတပ်ပြီး စွဲထားတာမှာ ဗဟန်းမှာ ပုဒ်မ ၅၀၅ (က) နဲ့တမှု၊ မင်္ဂလာတောင်ညွန့်မှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တမှုနဲ့ တရားစွဲခံထားရပါတယ်။

ဦးစည်သူအောင်မြင့်ကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဗွီအိုအေသတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေကတဆင့် တပ်မတော်နဲ့ စစ်ကောင်စီအပေါ် ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့ခဲ့တဲ့အတွက်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း စွဲချက်ထဲမှာတော့ ဘယ်ဆောင်းပါး၊ ဆောင်းပါးပါ အချက်အလက် အတိအကျနဲ့ ဘယ်သတင်းဌာနမှာ ဖော်ပြထားတယ်ဆိုတာမျိုး ထည့်သွင်းထားတာ မရှိဘူးလို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။

မထက်ထက်ခိုင်ကိုတော့ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားခံရသူ ဦးစည်သူအောင်မြင့်ကို လက်ခံထားမှုအပြင် စစ်ကောင်စီဘက်က မတရားအသင်းလို့ ထုတ်ပြန်ထားတဲ့ အဖွဲ့တခုရဲ့ ရေဒီယိုအစီအစဉ်မှာ ပါဝင်တယ်ဆိုပြီး စွပ်စွဲကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးအရေးယူတာ ဖြစ်တယ်လို့ ပြောထားဖူးပါတယ်။

ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကတော့ ဗွီအိုအေအတွက် ဦးစည်သူအောင်မြင့် ရေးသားပေးပို့တဲ့ သတင်းဆောင်းပါးတွေဟာ အချက်အလက်အခြေခံ ရေးသားထားတာတွေပဲဖြစ်ပြီး ဗွီအိုအေကို သတင်းဆောင်းပါး ရေးသားပေးပို့လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတယ်ဆိုရင်တော့ သတင်းသမားတယောက်ကို မတရားဖမ်းဆီးတာပဲ ဖြစ်တဲ့အကြောင်း၊ မှန်မှန်ကန်ကန် ထောက်ပြရေးသားနေတဲ့ သတင်းသမားတွေကနေတဆင့် စစ်ကောင်စီအနေနဲ့ ပြည်သူတွေကြားကအသံကို သိအောင် နားထောင်ဖို့ဆိုတာ လိုအပ်လိမ့်မယ်လို့ အာဏာပိုင်တွေကို ပြောခဲ့ပြီး ဦးစည်သူအောင်မြင့်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)









XS
SM
MD
LG