သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်သီးစည်းဝေးပွဲ အထမြောက်ပါရဲ့လား၊ အောင်မြင်ပါရဲ့လား


NLD အစိုးရနဲ့ NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဌ ဖဒို စောမူးတူးစေးဖိုး- နေပြည်တော်၊ အောက်တိုဘာလ ၁၅၊ ၂၀၁၈ ( Photo- Myanmar State Counsellor)
NLD အစိုးရနဲ့ NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဌ ဖဒို စောမူးတူးစေးဖိုး- နေပြည်တော်၊ အောက်တိုဘာလ ၁၅၊ ၂၀၁၈ ( Photo- Myanmar State Counsellor)

ပြီးခဲ့ဲတဲ့ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော် ရွှေစံအိမ်ဟိုတယ်မှာ အစိုးရ၊ တပ်မတော်၊ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ ထိပ်သီး အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့ပါတယ်။ NCA စာချုပ်ထဲမှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း အားလုံး မပါဝင်နိုင်သေးတဲ့ကိစ္စ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ရှေ့ဆက် မတိုးနိုင်အောင် ပိတ်ဆို့သလို ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်အောင် NCA ထိုးထားတဲ့ အဖွဲ့တွေ တိုက်တွန်း တောင်းဆိုရာကနေ ပေါ်ပေါက်လာတဲ့ အစည်းအဝေးကြီးဖြစ်ပါတယ်။ ဒီအစည်းအဝေးကြီးမှာ ဘက်သုံးဖက်လုံးက တကယ် အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေ စုံစုံညီညီ တက်ရောက်ကြမှာမို့ ပိတ်ဆို့နေတဲ့ ပြသနာကြီးတွေကို မူအားဖြင့် ပြေလည်အောင် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ အများက ယုံကြည် မျှော်လင့်ခဲ့ကြပါတယ်။ တကယ်ပဲ ဒီ ထိပ်သီး အစည်းဝေးပွဲကြီးဟာ အများက မျှော်လင့်ထားသလို အောင်မြင်မှု တစ်စုံတစ်ရာ ရတဲ့ ဆွေးနွေးပွဲကြီး ဖြစ်ခဲ့ပါရဲ့လား ဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ် တင်ပြသွားပါ့မယ်။

နေပြည်တော် ထိပ်သီးအစည်းဝေးပွဲ မတိုင်ခင် ဘက်သုံးဖက်က ညှိနှိုင်းရေးမှူးတွေ ကြိုတင်ဆွေးနွေးမှု လုပ်ခဲ့ကြပါတယ်။ ဆွေးနွေး သဘောတူညီချက် ရတာတွေကို ထိပ်သီးအစည်းအဝေး ကျရင် အတည်ပြုနိုင်ဖို့နဲ့ တစ်ချို့ မဆွေးနွေးနိုင်တာတွေကိုတော့ ထိပ်သီးအစည်းအဝေးမှာ တင်ပြဆွေးနွေးစေဖို့ ဖြစ်ပါတယ်။ အစည်းအဝေးကို ၁၅ ရက်နေ့မှာ စတင်ပြီး နဂိုမူလ အစီအစဉ်အရ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ဆက်ပြီး ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ၁၅ ရက်နေ့ အစည်းအဝေးပွဲ အဖွင့်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ NCA ထိုးထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ကိုယ်စား ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောမူတူးစေးဖိုး တို့ မိန့်ခွန်းပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့မိန့်ခွန်း တစ်နေရာမှာ “ ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် တက်ရောက်လာကြတဲ့ ဒီကနေ့လို အစည်းအဝေးမျိုးမှာမှ သတ္တိရှိရှိနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း မရှိဘူးဆိုရင်

ကျွန်မတို့ရဲ့ ပြည်သူတွေအပေါ် တာဝန်မကျေပွန်ရာ ရောက်သွားစေနိုင်တယ် ဆိုတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။ စစ်မြေပြင်မှာ အသက်စွန့်ပြီး တိုက်ခိုက်ကြနိုင်ဖို့ သတ္တိ လိုသလို ကျွန်မတို့နိုင်ငံအတွက် အရေးကြီးလှတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ စိတ်ရင်းစေတနာမှန်နဲ့ ဆုံးဖြတ်နိုင်ဖို့လည်း “သတ္တိ” လိုအပ်ပါတယ်” ဆိုပြီးဖြစ်ပါတယ်။ တပ်ချုပ်အပါအဝင် ထိပ်သီးခေါင်းဆောင်တွေ သတ္တိရှိရှိ ဆုံးဖြတ်ချက် ချကြဖို့ နှိုးဆော်တာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းကတော့ အတော်ရှည်လျားပါတယ်။ တပ်မတော် သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် ရပ်တည်မှု စတဲ့ ခါတိုင်း သူပြောနေကြ စကားတွေ လောက်ကတော့ ဘာမှ ပြသနာ မရှိပါဘူး။ ပြသနာရှိတာကတော့ NCA လက်မှတ်ထိုးထားတဲ့၊ ငြိမ်းချမ်းရေး ဆွေးနွေးဖက်လည်း ဖြစ်တဲ့ RCSS/SSA အဖွဲ့ကို တိုက်ရိုက် နာမည်တပ် ရည်ညွှန်းပြီး တိုင်းသိ ပြည်သိ ပြစ်တင်ရှုတ်ချတဲ့စကား ပြောတာကတော့ ဆွေးနွေးပွဲကို အခက်အခဲ တွေ့စေပါတယ်။

တပ်ချုပ်က RCSS/SSA အဖွဲ့ကို ဦးခွန်ဆာ အဖွဲ့ကနေ တဆင့်ပေါက်ဖွားလာတဲ့ အဖွဲ့အဖြစ် ပြောဆိုပြီး “NCA စာချုပ်ကို သဘောတူလက်မှတ် ရေးထိုးထားပြီး နိုင်ငံရေး၊ လက်နက်အင်အား၊ လူအင်အားတည် ဆောက်မှု၊ သတ်မှတ်ပေးထားတဲ့နယ်မြေထက် အဆများစွာကျော် လွန်ပြီး နယ်မြေတည်ဆောက်မှုတွေ ပြုလုပ်နေလို့ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခများဖြစ်ပွားလျက်ရှိတာကို တွေ့ရ ပါတယ်။ NCA ကို တစ်လွဲအသုံးမချဖို့ပြောလိုပါတယ်။ တစ်လွဲအသုံးချရင် တိုင်းရင်းသား ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ တပ်မတော်အနေနဲ့ လက်ပိုက်ကြည့် နေနိုင်မှာမဟုတ်ကြောင်း အသိပေးလိုပါတယ်။” ဆိုသည်အထိ ပြောဆိုခဲ့ပါတယ်။

တပ်ချုပ်ရဲ့ ပြောစကားဟာ အခြားတစ်နေရာရာမှာဆို ပြသနာ မရှိပေမယ့် ခုလို ထိပ်သီးခေါင်းဆောင်တွေ စုံညီတက်၊ တစ်တိုင်းပြည်လုံးကလည်း စောင့်ကြည့်နေကြတဲ့ အချိန်မျိုးမှာ၊ အခြားတစ်ဖက်မှာလည်း ဒီအဖွဲ့တွေ အချင်းချင်း၊ ခေါင်းဆောင်တွေ အချင်းချင်း ယုံကြည်မှု ရှိရှိ၊ ရင်းနှီးမှုရှိရှိ အပေးအယူ အညှိအနှိုင်းလုပ်ရမယ့် ပွဲမျိုးမှာ ပြောတာ ဖြစ်လေတော့ ဆွေးနွေးပွဲကို အနှုတ်လက္ခဏာပဲ သက်ရောက်စေပါတယ်။

ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က တောင်းဆိုချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ကေအဲန်ယူ ဥက္ကဌ စောမူတူးစေးဖိုး ၃ ယောက်ထဲပါတဲ့ သီးသန့် ဆွေးနွေးပွဲ တစ်ခုတော့ လုပ်နိုင်ခဲ့ပါတယ်။ ဒါကလည်း တစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုကို အခြားတစ်ယောက်က သိအောင် ပွင့်ပွင့်လင်းလင်း ပြောဆိုတာလောက်ပါပဲ ဆိုပြီး ပဒိုစောကွယ်ထူးဝင်းက နောက်ပိုင်း ပြန်ပြောပြပါတယ်။ ၁၅ ရက်နေ့ မနက်ပိုင်း မိန့်ခွန်းတွေပြော၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတစ်ခု လုပ်ပြီး ညနေပိုင်း တကယ့်အစည်းဝေး စတင်တဲ့အချိန် တပ်မတော်ဘက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရော၊ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းပါ မတက်ပါဘူး။ အလားတူ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်လည်း မတက်ပါဘူး။ ပြောရရင် အဲဒီအချိန်ကစ စည်းဝေးပွဲဟာ အများမျှော်လင့်ထားသလို၊ အဆုံးအဖြတ် ပေးနိုင်သူတွေရဲ့ ထိပ်သီးအစည်းဝေးပွဲ မဆန်တော့ပါဘူး။

နောက်နေ့ ၁၆ ရက်နေ့ အစည်းအဝေး ဆက်လုပ်တော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလွဲပြီး ကျန်ထိပ်သီးတွေ အားလုံး တက်ပါတယ်။ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နှစ်စဉ် ကျင်းပနေကြ အင်းလေး ဖေါင်တော်ဦးဘုရားပွဲ သွားတက်တာ တွေ့ကြရပါတယ်။ အစည်းအဝေးကိုလည်း နဂိုက အနည်းဆုံး ၁၆-၁၇ နှစ်ရက် ဆက်လုပ်မယ်လို့ မှန်းထားကြပေမယ့် အဲဒီနေ့မှာပဲ အဆုံးသတ်လိုက်ကြပါတယ်။ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းပွဲမှာ ဆွေးနွေးပွဲ အောင်မြင်တယ်၊ ရှေ့ကို ဆက်သွားကြမယ် စတဲ့ ကောင်းမွန်တဲ့ စကားတွေ ပြောကြပေမယ့် တကယ်လေ့လာကြည့်တဲ့အခါ မျှော်မှန်းသလောက် ခရီးမပေါက်တာ မြင်ရပါတယ်။ ထိပ်သီး အစည်းအဝေး မစခင် ကြိုတင် ညှိနှိုင်းခဲ့ပြီးဖြစ်တဲ့ သိပ်ပြီး အရေးမကြီးတဲ့ အချက် (၅) ချက်လောက် သဘောတူညီမှုရပြီး တကယ့်ကို တစ်ဆို့နေတဲ့ ပြသနာ ဖြစ်နေတဲ့ ခွဲမထွက်ရ စာသား ထည့်သွင်းဖို့ ကိစ္စ၊ တစ်ခုတည်းသော တပ်မတော် ထားရှိရေး ကိစ္စ နှစ်ချက်စလုံး တိကျတဲ့ အဖြေ မရခဲ့ကြပါဘူး။ ထိပ်သီးအစည်းဝေးပွဲအပြီး နောက်ပိုင်း ထုတ်ပြန်တဲ့ ကေအဲန်ယူ အဖွဲ့ရဲ့ ကြေငြာချက်မှာ တပ်မတော်ဘက်က ခွဲမထွက်ရ စာသား ထည့်သွင်းဖို့ ကိစ္စ သဘောတူညီမှု မရရင် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ၊ ကိုယ်ပိုင် အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်တွေကို မဆွေးနွေးဘူး ဆိုတဲ့ Package သဘောထားတဲ့နည်းတူ၊ သူတို့အနေနဲ့လည်း တပ်မတော် တစ်ခုတည်း ထားရှိရေး ဆိုတာကိုလည်း “NCA တွင် ဖော်ပြထားသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သော ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ကိစ္စတို့ကို တစ်ပေါင်းတည်း ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။” ဆိုပြီး Package သဘော ကိုင်စွဲလာတာ တွေ့ကြရပါတယ်။

ထိပ်သီးဆွေးနွေးပွဲ ရလာဒ် အားလုံးကို ခြုံကြည့်လိုက်ရင် တကယ့် ထိပ်သီး စည်းဝေးပွဲ ပီပီပြင်ပြင် မဖြစ်မြောက်ခဲ့ပါဘူး။ ဒီလို ထိပ်သီးအစည်းဝေးပွဲ ပီပီပြင်ပြင် မဖြစ်ခဲ့တဲ့ နောက်ဆက်တွဲအနေနဲ့ တကယ့်အရေးကြီးတဲ့ ပိတ်ဆို့နေတဲ့ ပြသနာတွေကိုလည်း မူအားဖြင့်တောင် ညှိနှိုင်းလို့ မရနိုင်ခဲ့ပါဘူး။ ဆက်ပြီး ဆွေးနွေးကြမယ် ဆိုတဲ့ သဘောတူညီချက်လောက်ကိုပဲ အောင်မြင်မှုလို့ မှတ်ယူမယ် ဆိုမှသာ အောင်မြင်မှု ရတယ်လို့ ပြောနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG