သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခုဆို ၂၀၁၇ ခုနှစ်ကုန်လို့ ၂၀၁၈ ခုနှစ်ထဲ စတင်ဝင်ရောက်ပါတော့မယ်။ လက်ရှိ ဟော်တယ်နဲ့ ခရီးသွား ၀န်ကြီးဌာနက ရတဲ့ စာရင်းဇယားတွေအရ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန လ၀က က ရတဲ့ စာရင်းတွေအရ၊ ယဉ်ကျေးမှုနယ်မြေ ပုဂံဇုံ က ရတဲ့ စာရင်းဇယားတွေအရ အခုနှစ် နိုင်ငံခြား ခရီးသည် Tourist ၀င်ရောက်မှုဟာ ပြီးခဲ့တဲ့နှစ် ၀င်ရောက်မှုထက် နည်းနေတယ် ဆိုတဲ့ အဖြေ ထွက်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံခြား ခရီးသည် ၀င်ရောက်မှု စာရင်းတွေမှာတော့ တစ်နှစ်ပြီး တစ်နှစ် တရိပ်ရိပ် တက်လာနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အခြေအနေ တကယ့်အဖြစ်မှန်ဟာ ဘာလဲ၊ မြန်မာ့ ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာအောင်၊ အိမ်နီးချင်းနိုင်ငံတွေလို အခြေအနေ ဖြစ်လာအောင် ဘာတွေ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုမလဲဆိုတာ လေ့လာ ဆွေးနွေးကြည့်ကြရအောင်ပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၁)ရက်က နေပြည်တော် ဟိုတယ်ဇုန်မှာ အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ် လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၀) ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းဝေးနဲ့ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင် ပညာရှင်များကြီးကြပ်မှု ကော်မတီ အထူးအစည်းအဝေးပွဲ တစ်ခု လုပ်ပါတယ်။ အဲဒီ အစည်းအဝေးပွဲမှာ အခုနှစ်အတွင်း ပြည်ပကနေ ခရီးသည် (၃ ဒသမ ၅)သန်း ၀င်ရောက်ဖို့ မျှော်မှန်းထားပြီး ဒီဇင်ဘာလထဲမှာ မျှော်မှန်းထားတဲ့ အရေအတွက် ပြည့်မီနိုင်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်က ပြောပါတယ်။ သူပြောသလိုဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ခရီးသည် ၀င်ရောက်မှုဟာ အိမ်နီးချင်းနဲ့ အာစီယံ နိုင်ငံတွေထက်တော့ နည်းတယ်၊ ဒါပေမယ့် သိပ် အဆိုးကြီး မဟုတ်ဘူးလို့ ထင်စရာပါပဲ။ ဒါပေမယ့် တကယ့်တကယ် ကိန်းဂဏန်း အစစ်အမှန်က အဲလို မဟုတ်ပါဘူး။

အစိုးရက ထုတ်ပြန်ထားတဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုင်ငံခြား ခရီးသည် ၀င်ရောက်မှု စာရင်းမှာ ၃ သန်းနီးပါး ဆိုပြီး ဖော်ပြထားပါတယ်။ အဲဒီမှာ သတိပြုဖို့ လိုတာက နယ်စပ်ဝင်ပေါက်တွေကနေ နေ့ချင်းပြန်၊ ဒါမှမဟုတ် ခဏတဖြုတ် ၀င်လည်သူ တစ်သန်း ခြောက်သိန်းကျော်ကို ထည့်ပေါင်းထားတာ တွေ့နိုင်ပါတယ်။ ကျန်တဲ့သူတွေကမှ တကယ့်ကို ပတ်စ်ပို့ကိုင်၊ ၀င်ခွင့်ဗီဇာတုံး ထုပြီး ၀င်ကြသူတွေပါ။ အဲဒီအထဲမှာလည်း အလုပ်ဗီဇာ၊ ဆိုရှယ်ဗီဇာအပါအ၀င် အခြားဗီဇာ အမျိုးမျိုးနဲ့ ၀င်လာသူတွေကိုလည်း ထည့်ပေါင်းထားပါသေးတယ်။ နောက်ဆုံး ပြန်တွက်ရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်ဝင်ပေါက် အသီးသီးကနေ တိုးဗီဇာနဲ့ ၀င်လာသူ စုစုပေါင်းဟာ ၅သိန်း ၄သောင်းကျော်လောက်ပဲ ရှိတာ တွေ့ရပါတယ်။ အခု ၂၀၁၇ ဘတ်ဂျက်နှစ်ထဲမှာဆို ၈ လ အတွင်း တိုးဗီဇာနဲ့ ခရီးသည် ၃ သိန်းနီးပါးပဲ ၀င်လာပါသေးတယ်။ ဒါကြောင့် ဘတ်ဂျက်နှစ် တစ်နှစ် ပြည့်သွားရင်တောင် အရင်နှစ်က ၀င်ခဲ့တဲ့ ခရီးသွား အရည်အတွက်ကို မမီနိုင်ဘူးလို့ အစိုးရ တာဝန်ရှိသူတွေကိုယ်တိုင် ၀န်ခံနေရတဲ့ အနေအထားမျိုးပါ။

နောက်ထပ် ထင်ရှားတဲ့ သက်သေ တစ်ခုပြရမယ် ဆိုရင် ၂၀၁၇ စာရင်းတွေအရ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ၁၁လအတွင်း ၀င်လည်တဲ့ ခရီးသည် အရည်အတွက် ၂ ဒသမ ၈ သန်းရှိတယ်။ ၀င်ငွေ ဒေါ်လာ ၉၅ သန်းရှိတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေကိုတော့ နိုင်ငံခြားသား ၃ သိန်းလောက် ၀င်ဖို့ မှန်းထားပေမယ့် လက်တွေ့မှာ ၂ သိန်း၈ သောင်းလောက်ပဲ ၀င်မယ်လို့ ဆိုပါတယ်။ အဲဒီကိန်းဂဏန်းလောက်ဆို ပုဂံယဉ်ကျေးမှုဇုံကနေ ၀င်ငွေ အမေရိကန်ဒေါ်လာ ၅ သန်းကျော်လောက်ပဲ ရနိုင်မယ် ဆိုတဲ့ သဘောပါ။ ပုဂံကို နိုင်ငံခြားသား ၀င်တဲ့ အရည်အတွက်ဟာ အန်ကောဝပ်ရဲ့ ဆယ်ပုံတစ်ပုံ၊ ၀င်ငွေအားဖြင့် အပုံ၂၀ပုံ တစ်ပုံလောက်ပဲ ရှိတယ် ဆိုတဲ့ သဘောပါ။ ဒါဟာ တကယ့် ပကတိအခြေအနေမှန်ပါ။

အားလုံးကို ခြုံငုံကြည့်လိုက်ရင် မြန်မာနိုင်ငံတွင်း တိုးဗီဇာနဲ့ ၀င်လည်တဲ့ ခရီးသည် အရည်အတွက် ၅ သိန်းကျော် ဆိုတာဟာ အိမ်နီးချင်း ထိုင်းမှာ တစ်နှစ် တိုးရစ် ၃၂ သန်းကျော်၊ မလေးရှား ၂၆ သန်းနီးပါး၊ စင်ကာပူ ၁၂ သန်းကျော်၊ အင်ဒိုနီးရှား ၁၀ သန်းကျော်၊ ဗီယက်နမ် ၈ သန်းနီးပါး၊ ကမ္ဘောဒီးယား ၅ သန်းကျော်၊ လာအို ၄ သန်းကျော်၊ ဖိလစ်ပိုင် ၄ သန်းခွဲကျော် စတာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အတော်လေးကို မပြောပလောက်တဲ့ အရည်အတွက် ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။ အဓိပ္ပါယ်ကတော့ မြန်မာ့ခရီးသွားလုပ်ငန်း ဘယ်မှ ခရီးမရောက်သေးဘူး၊ အများကြီး လုပ်ကြရဦးမယ် ဆိုတာပါပဲ။

မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အတွက် ထောက်ပြကြတာတွေကတော့ အများကြီးပါ။ အဓိကထား ပြောဆိုနေကြတာတွေကတော့ မြန်မာနိုင်ငံအတွင်း လည်ပတ်ရာမှာ အခြား အိမ်နီးချင်းတွေထက် အစစ အရာရာ ဈေးနှုန်းကြီးမြင့်နေတာ၊ မြန်မာနိုင်ငံကို လာလည်မယ်ဆိုရင် ဘန်ကောက် ဒါမှမဟုတ် စင်္ကာပူကနေ တဆင့်မှ လာနိုင်တာ၊ ခရီးစဉ် အသစ်အဆန်း ဖော်ထုတ်နိုင်မှု နည်းပါးနေသေးတာ၊ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ ၀န်ကြီးဌာနဘက်က ဖြေလျော့မှုတွေ လုပ်ပေးဖို့ လိုနေတာ၊ ဆက်စပ် လုပ်ငန်းတွေအားလုံး ဖွံ့ဖြိုးလာအောင် လုပ်ပေးဖို့ လိုနေတာ စတာတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း လည်ပတ်မှု စားရိတ်စက ဈေးကြီးတယ် ဆိုတာ ဟော်တယ် အပါအ၀င် တည်းခိုစားရိတ်၊ သန့်ရှင်းတဲ့ အစားအသောက် စားရိတ်၊ ပြည်တွင်း လေယာဉ်စီးခ နှုန်းထား စတာတွေ အားလုံး အိမ်နီးချင်းနိုင်ငံတွေထက် ဈေးနှုန်းကြီးမြင့်နေတာမျိုးပါ။ ဥပမာ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီး မှာဆိုရင် မြို့တွင်း အထင်ကရ နေရာတွေကို နေ့တစ်ဝက်စာ လည်ပတ်ဖို့ ၆ ဒေါ်လာလောက် ပေးရတာ၊ မြစ်ဝကျွန်းပေါ်လို နေရာကို သွားပြီး နေ့လည်စာ အပါအ၀င် တစ်ရက်တာ လည်ပတ်ခ ၁၅ ဒေါ်လာလောက် ပေးရတဲ့ ခရီးစဉ်မျိုး မြန်မာနိုင်ငံမှာ မရှိပါဘူး။ တည်းခို နေထိုင်ရေးနဲ့ ပတ်သက်ရင်လည်း မြန်မာနိုင်ငံမှာ အစိုးရက နိုင်ငံခြားသား တည်းခိုနိုင်တဲ့ နေရာကို အဆင့်တစ်ခု သတ်မှတ်ထားတာကြောင့် ဟော်တယ်၊ မိုတယ် နည်းပါး၊ အခန်းအရည် အတွက် နည်းပါးပြီး ဈေးနှုန်းတွေကြီးမြင့်နေတာမျိုးပါ။ ဥပမာအားဖြင့် နိုင်ငံခြားသား တည်းခိုနိုင်တဲ့ ဟော်တယ်တစ်ခု လိုင်စင်ရဖို့ဆို ၁၀ ပေပတ်လည် Master bedroom အနည်းဆုံး ၁၀ခန်း ရှိရမယ် ဆိုတဲ့ သတ်မှတ်ထားချက်မျိုးပါ။ အိမ်နီးချင်းနိုင်ငံတွေမှာလို ဈေးချိုချိုနဲ့ တည်းနိုင်တဲ့ နေရာမျိုးကို ခွင့်ပြုချက် ချပေးတာ၊ နိုင်ငံတကာမှာ ခေတ်စားနေတဲ့ Homestay မှာတည်းခိုတာမျိုး ခွင့်ပြုပေးတာ စတာတွေ လုပ်ပေးနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံထဲ လာလည်မယ် ဆိုရင် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စတဲ့ နေရာနည်းနည်းလောက်ပဲ လည်စရာ ပတ်စရာ ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး စာရင်းဝင်တဲ့ မြိတ်ကျွန်းစုလို နေရာတွေကိုတောင် လွယ်လွယ်ကူကူ သွားနိုင်တဲ့ ခရီးစဉ်မျိုး မစီစဉ်ပေးနိုင်သေးပါဘူး။ အဲလို ခရီးစဉ်မျိုး အမြောက်အများ ထွက်ပေါ်လာအောင် အစိုးရဘက်က အားပေးအားမြှောက် ပြုဖို့ လိုပါတယ်။ နောက်အရေးကြီးတာ တစ်ချက်က နိုင်ငံခြားသား ခရီးသည်တွေ အဆင်ပြေပြေ လည်ပတ်နိုင်အောင် အမြို့မြို့ အနယ်နယ်မှာ တက္ကစီတွေ စနစ်တကျ ဖြစ်အောင် စီမံပေးတာ၊ အဝေးပြေးကားတွေ၊ တိုးခရီးထွက်နိုင်မယ့် ကားလိုင်းတွေ စနစ်တကျ ဖြစ်အောင် စီစဉ်ပေးတာမျိုးလည်း အများကြီး လုပ်ဖို့ ကျန်နေပါသေးတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် မြန်မာ့ခရီးသွားလုပ်ငန်းဟာ အတော်လေး သေးငယ်သေးတာမို့၊ ချဲ့မယ်ဆို အများကြီး ချဲ့လို့ရပါသေးတယ်။ အိမ်နီးချင်း လာအို၊ ကမ္ဘောဒီးယား အဆင့် တစ်နှစ် တိုးရစ် ၄-၅ သန်းလောက် လာတဲ့ အခြေအနေ ရောက်ပြီဆိုရင် အလုပ်အကိုင် နေရာပေါင်း သိန်းနဲ့ချီ ရရှိကြမှာ ဖြစ်ပါတယ်။ ဒီအတွက် အစိုးရဟာ တိုရစ်ဇင် လုပ်ငန်းကို စနစ်တကျ ပြန်လည် ဆန်းစစ်ပြီး ဖွံ့ဖြိုးတိုးတက်လာအောင် အားစိုက် အကောင်အထည် ဖော်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မြန်မာ့ ခရီးသွားလုပ်ငန်း ဘယ်အဆင့် ရောက်နေသလဲ။
please wait

No media source currently available

0:00 0:06:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG