အခုရက်ပိုင်း နိုင်ငံနဲ့အဝှမ်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတဲ့ သတင်းတစ်ပုဒ်ကတော့ လျှပ်စစ်ဓာတ်အား မီတာခ ဈေးနှုန်းတွေ တိုးမြှင့် သတ်မှတ်လိုက်တဲ့ သတင်းပါ။ မီတာခ ဈေးနှုန်းတွေ နောက်ဆုံး တိုးမြှင့် သတ်မှတ်ခဲ့တာကတော့ လွန်ခဲ့တဲ့ (၅) နှစ်ဝန်းကျင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာပါ။ အဲဒီအချိန်က မီတာခ တိုးမြှင့်မယ့်ကိစ္စ လွှတ်တော်တွင်း တင်ခဲ့တာကြောင့် အခြေအတင် အငြင်းအခုံ အကြီးအကျယ် ဖြစ်ပွားခဲ့သလို၊ ပြည်သူတွေရဲ့ ဆန္ဒပြတာကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအချိန်က ဖြစ်ခဲ့ ပျက်ခဲ့တာကို သင်ခန်းစာ ယူလိုက်တာလည်း ဖြစ်နိုင်ပါတယ်၊ အင်န်အယ်လ်ဒီ အစိုးရဟာ လျှပ်စစ်မီတာခ တိုးမြှင့်မယ့် ကိစ္စ လွှတ်တော်တွင်း တင် အဆုံးအဖြတ် မခံယူတော့ပဲ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာတာမျိုး လုပ်ခဲ့ပါတယ်။ မီတာခ တွေ ဘယ်လောက် တက်သွားသလဲ၊ မီတာခ တိုးမြှင့်လိုက်တဲ့အတွက် ဘယ်လို ကောင်းကျိုးဆိုးပြစ်တွေ ပေါ်ပေါက်လာနိုင်သလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာကြည့်ကြပါမယ်။
ဝန်ကြီးဌာနက လျှပ်စစ်မီတာခ တိုးမြှင့် သတ်မှတ်ဖို့ တင်ပြတဲ့ ကိစ္စကို ပြီးခဲ့တဲ့ ၂၀၁၉ ဧပြီလ ၁၁ ရက်နေ့ကတည်းက အစိုးရအဖွဲ့ အစည်းအဝေးကနေ သဘောတူထားပြီးသားပါ။ ဒါပေမယ့် အဲဒီအချိန်ကာလ ကသာ မီတာခ တိုးမြှင့်မယ့်ကိစ္စ ကြေငြာလိုက်ရင် ပြည်သူတွေကြား ဆူညံ ပွက်လောရိုက်သွားနိုင်ပါတယ်။ အကြောင်းကတော့ ရာသီဥတု ပူပြင်း၊ ရေအားလျှပ်စစ်ထုတ်ရာ ရေကာတွေမှာ ရေနည်းပြီး လျှပ်စစ် အလုံအလောက် မထုတ်နိုင်ပဲ၊ အလှည့်ကျ မီးဖြတ်နေရတဲ့ အခြေအနေ ဖြစ်နေလို့ပါပဲ။ ခုလို မိုးနည်းနည်းရွာ၊ ရေကာတွေမှာ ရေတွေ ပြည့်စ ပြုလာပြီး လျှပ်စစ်မှန်မှန် ပြန်ထုတ်လာနိုင်တဲ့ အခြေအနေမျိုးရောက်မှ ကြေငြာခဲ့တာမို့ ပြည်သူတွေရဲ့ ဝေဖန်မှု သိသိသာသာ လျော့ကျခဲ့တာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ လျှပ်စစ်မီတာခ ပြသနာကို အစိုးရတာဝန်ရှိသူတွေက လွှတ်တော်တွင်းမှာရော လွှတ်တော် ပြင်ပမှာပါ ကျယ်ကျယ်ပြန့်ပြန့် ပြောဆို၊ ရှင်းပြ၊ အသိပေးတာတွေ အတော်လေး ခရီးရောက်မှ ခုလို မီတာခ တိုးမြှင့်ဖို့ ကြေငြာလိုက်တာကြောင့်လဲ ပြည်သူအများ နားလည်မှု ပေးနိုင်ကြတာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မီတာခကိုတော့ တိုးမြှင့်သတ်မှတ်လိုက်ပါပြီ။
မီတာခ တိုးမြှင့်မှုနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနဟာ အမျိုးအစား နှစ်မျိုး ခွဲခြား သတ်မှတ်ပါတယ်။ သာမန် ပြည်သူ အများစုကြီးနဲ့ သက်ဆိုင်တဲ့ အိမ်သုံးမီတာတွေ အတွက် အနိမ့်ဆုံး တစ်ယူနစ် ၃၅ ကျပ်ကနေ ကျပ် ၅၀၊ ကျပ် ၇၀၊ ကျပ် ၉၀၊ ကျပ် ၁၁၀၊ ကျပ် ၁၂၀၊ ၁၂၅ ကျပ် စသဖြင့် သုံးစွဲတဲ့ မီတာ ယူနစ်အလိုက် နှုန်းထား (၇) မျိုးခွဲပြီး ကောက်ခံပါတယ်။ ဒါပေမယ့် ဒါကို ရှင်းရှင်းလင်းလင်း တွက်ကြည့်ရင်တော့ လက်ရှိ တစ်လ မီတာခ ကျပ် ၁၀၀၀ လောက်ပဲ ကုန်ကျနေတဲ့ မီးသုံစွဲမှု အလွန်နည်းသူတွေကတော့ မီတာခ တက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျပ် ၃၅၀၀ ဖိုးလောက် ကျသင့်တဲ့သူတွေဆိုရင်တော့ နှုန်းထားသစ်အရ ကျပ် ၆၀၅၀ နဲ့ ၂ ဆ နီးပါး ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ မီတာခ ကျပ် ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ နဲ့ အဲဒီအထက် သုံးစွဲနေသူတွေကတော့ ကုန်ကျငွေ နှစ်ဆခွဲနီးပါး၊ နှစ်ဆခွဲကျော် အထိ ကျသင့်သွားပါလိမ့်မယ်။ လက်ရှိ ရန်ကုန်လို မြို့ပြတွေမှာ နေထိုင်ကြသူ အများစုဟာ တစ်လ မီတာခ ကျပ် သောင်းဂဏန်း အထက် ရှိသူတွေမို့ မီတာခ ၂ ဆ ကနေ ၂ဆခွဲကျော်လောက် တက်သွားတယ်လို့ ပြောနိုင်ပါတယ်။ မီတာခ တက်နှုန်း မြင့်မားတယ်လို့ မှတ်ချက် ချနိုင်ပါတယ်။
အိမ်သုံးမီတာတွေ မဟုတ်တဲ့ စက်မှုလုပ်ငန်းသုံးတွေ အတွက်ကျတော့ မီတာခ အဲဒီ နှုန်းထားလောက် မတက်ပါဘူး။ နဂိုက တစ်ယူနစ် ၇၅ ကျပ်ကနေ ကျပ် ၁၅၀အကြား အုပ်စု(၆) စု ခွဲခြား ကောက်ခံနေရာကနေ နှုန်းထားအသစ်မှာ တစ်ယူနစ် ၁၂၅ ကျပ်ကနေ ကျပ် ၁၈၀ အထိ အုပ်စု (၇)စု ခွဲပြီး ကောက်ခံပါလိမ့်မယ်။ နဂိုက တစ်လ မီတာခ ကျပ် ၄ သိန်းကနေ ကျပ် ၁၀ သိန်းလောက် ကျသင့်နေတဲ့ လုပ်ငန်းရှင် အငယ်စားလေးတွေကတော့ မီတာခ ၆၀ကနေ ၈၀ ရာခိုင်နှုန်းအကြား မြင့်တက်သွားပါလိမ့်မယ်။ ဒါပေမယ့် တစ်လ မီတာခ ကျပ် သိန်း ၁၀၀ နဲ့ အဲဒီအထက် ကုန်ကျနေသူတွေကတော့ မီတာခ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းကြားမှာပဲ မြင့်တက်ပါလိမ့်မယ်။ ပြောရရင် စက်မှုလုပ်ငန်းတွေ အတွက် မီတာခ ဈေးနှုန်း သိပ်မတက်ဘူးလို့ ပြောနိုင်ပါတယ်။ ဒါကလည်း နဂို သတ်မှတ်ထားပြီးသား မီတာခ နှုန်းထားတွေက နည်းနည်းမြင့်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အခုလို မီတာခ နှုန်းထားတွေ တိုးမြှင့်သတ်မှတ်ရတာနဲ့ ပတ်သက်ပြီး အစိုးရဘက်ကတော့ ရှင်းလင်းချက်တွေ ထုတ်ပြန်ထားပါတယ်။ မီတာခ နဲ့ ပတ်သက်ပြီး ထုတ်လုပ်မှု ကုန်ကျစားရိတ်များပြီး ဖြန့်ဖြူးတဲ့ နှုန်းထား နည်းနေလို့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ကျပ် ဘီလျံ ၄၀၀ ကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ကျပ်ငွေ ဘီလျံ ၆၀၀ ကျော် အရှုံးခံ စိုက်ထုတ်ရတယ်လို့ ဆိုထားပါတယ်။ ဒီလို အခြေအနေမှာ လျှပ်စစ်ဓာတ်အား တိုးတက် ထုတ်လုပ်ဖို့ ကြိုးစားလေလေ၊ အရှုံးပမာဏ များလေလေ ဖြစ်နေတာကြောင့် အဲဒီ အခြေအနေကို ကုစားနိုင်ဖို့ မီတာခ ဈေးနှုန်း တိုးမြှင့်ဖို့ လိုအပ်တာလို့ ဆိုပါတယ်။
နောက်တစ်ချက်ကတော့ လျှပ်စစ်ဓာတ်အား တိုးတက် ထုတ်လုပ်ဖို့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ လိုအပ်ပါတယ်။ ဒါပေမယ့် မီတာခ ဈေးနှုန်း နည်းပါးနေရင် တွက်ခြေကိုက်မှာ မဟုတ်လို့ ဘယ်သူမှ ရင်းနှီးမြှုပ်နှံချင်မှာ မဟုတ်သလို အဲဒါကို ကျော်လွှားနိုင်ဖို့ မီတာခ ဈေးနှုန်း ပြင်ဆင်ရတာလို့ ဆိုပါတယ်။ နောက်တစ်ချက်က နိုင်ငံမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် အများကြီး ရှိနေသေးတာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ တောင်းဆိုသလောက် လျှပ်စစ်ဓာတ်အား အပြည့်အ၀ ထုတ်လုပ်မပေးနိုင်သေးပါဘူး။ နိုင်ငံတွင်းမှာလည်း အိမ်ထောင်စု စုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းလောက်ကိုပဲ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပါသေးတယ်။ အစိုးရရဲ့ ၂၀၃၀ ရောက်ရင် တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား အပြည့်အ၀ ပေးနိုင်ဖို့ ရည်မှန်းချက် ပြည့်မီရေးမှာလည်း လျှပ်စစ်မီတာခ တွေ သဘာ၀ ကျကျ သတ်မှတ်ဖို့ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပဲပြောပြော အစိုးရရဲ့ အဲဒီ ပြောဆိုချက်ကို ပြည်သူ အများစု ကျယ်ကျယ်ပြန့်ပြန့် သိရှိနေတာကြောင့် လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဖြစ်ခဲ့သလို အုန်းအုန်းကြွက်ကြွက် ဆန့်ကျင်တာမျိုးတော့ မကြုံရသေးပါဘူး။ ဒါပေမယ့်လည်း ဝေဖန်မှုတော့ အတော်များများ ရှိနေပါတယ်။
အဲဒါတွေကတော့ အစိုးရအနေနဲ့ မီတာခ တက်သလို လျှပ်စစ်မီး မပြတ်အောင် လုပ်ပေးဖို့၊ မီးအား တက်လိုက်ကျလိုက် အခြေအနေမျိုးမဟုတ်ပဲ တည်ငြိမ်တဲ့ မီးအားနဲ့ လျှပ်စစ်ပေးနိုင်ဖို့ ဆိုတာတွေ တောင်းဆိုကြပါတယ်။ ဘယ်နိုင်ငံနဲ့မှမတူ မီတာခ နှုန်းထား အမျိုးမျိုး သတ်မှတ်ပြီး မျက်စေ့လည်အောင် လုပ်ထားတာတွေကိုလည်း ပြောင်းလဲသင့်တယ်လို့ ဝေဖန်ကြပါတယ်။ နောက်ထပ် ဝေဖန်ကြတာကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ရောင်းချရေး လုပ်ငန်းကို အစိုးရကပဲ လုပ်ကိုင်နေတာမျိုး မဟုတ်ပဲ ပြည်တွင်းဖြစ်စေ၊ နိုင်ငံတကာကိုဖြစ်စေ လုပ်ကိုင်ခွင့်ပေးဖို့ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ မီတာခ တိုးမြှင့်တာကို ကာကွယ်ပြောဆိုလိုက်ပြီး လက်ရှိ အခြေအနေမှာပဲ တစ်ယူနစ် ကျပ် ၁၁၀ လောက်ရရင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ကမ်းလှမ်းတာမျိုးတောင် ရှိတယ်လို့ ပြောဆိုထားပါတယ်။ အစိုးရရဲ့ ခုလို လျှပ်စစ်မီတာခ ပြင်ဆင်သတ်မှတ်တာနဲ့ ပတ်သက်ပြီး အမေရိကန် သံအမတ်ကြီး စကော့မာစီယယ်ကတော့ ထောက်ခံလိုက်ပါတယ်။ သူက စီးပွားရေး လုပ်ငန်းတွေ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ အတွက် လျှပ်စစ်စွမ်းအင် လုံလုံလောက်လောက် ရဖို့ လိုတယ်၊ နိုင်ငံအတွက်လည်း လိုတယ်၊ လျှပ်စစ်စွမ်းအင် လုံလုံလောက်လောက် မရရင် ရင်းနှီးမြှုပ်နှံလိုသူတွေမှာ အခက်အခဲ ရှိတယ်လို့ ပြောဆိုခဲ့ကြောင်းပါ။